'ပါတော်မူ'
အရှင်နှစ်ပါး၊ ဖုရားကျမတို့ကို ထားခဲ့ပြီလားဖုရာ့
ဂေါဝိန်ကိုဆည်းဆာအကျမှာ လိမ့်ဆင်းလာတဲ့ဗီရိုလှည်းကလေးအရိပ်
အဲလို ကြည့်ဖူးတဲ့ဇာတ်ထဲကစကားတွေနဲ့လည်း မလွမ်းချင်တော့ပါဘူး
အချုပ်တန်းဆရာရဲ့ သုံးသုန်းပြန်လစ် သုညခေတ်ကိုတော့
သေသော်မှတည့် သြော်ကောင်း၏လို့ ပြည့်ပြည့်၀၀ကြီး
ကိုယ်ချင်းစာနိုင်ခဲ့ကြ၊ တောက်ခေါက်နိုင်ခဲ့ကြ။
ကိုလိုနီမီးသင်္ဘောပေါ်မှာ ရွှေတိဂုံကိုလည်ပြန်ဖူး လိုက်ပါသွားရင်း
(ဘာဆုတွေ သူတောင်းခဲ့လေမလဲ) ၁၉ ရာစုသမိုင်းလွမ်းချင်းရဲ့
ပတ္တမြားကျောက်စီ ရေမြေ့အရှင်စံနစ်ကြီးလေ
ရတနာဂီရိအကျဉ်းသားဘဝနဲ့ နိဂုံးချုပ်ခဲ့ပေါ့၊ သည့်တိုင်
ငါတို့ ၂၁ ရာစု ကျေးတော်မျိုး ကျွန်တော်မျိုးတွေကတော့
နန်းဝတ်နန်းစားအပြည့်နဲ့ ဆလိုက်မီးရောင်ဇာတ်စင်မြင့်ထက်က
ဟဲ့ မောင်မင်းများဆို အခုအချိန်ထိ ဘုရားလို့ ယောင်ပြီးထူးမိနေကြတုန်းပဲ။
'ဆရာစံ'
သေနတ်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်၊ အမြောက်နဲ့ပစ်ရင် ဓါးနဲ့ခုတ်မယ်
အရင်းကျမ်းကိုမသိဘူး လီနင်ကိုမသိဘူး
ကျောနဲ့ရင်ကို ဆေးရုပ်ထိုးပြီး
ငတ်ပြီးသေမယ့်အတူတူ တိုက်ပြီးသေခဲ့ကြတယ်
ကြိုးစင်ဆိုတာ ဖိနှိပ်သူတို့ဘုရားကျောင်း
ကြိုးစင်ဆိုတာ ပုန်ကန်သူတို့ခေါင်းလောင်းထိုးတဲ့စင်
ဗမာမှန်ရင် ဆရာစံကိုချစ်ကြတယ်
သူထားခဲ့တဲ့ခေါင်းပေါင်းစလေးဟာ
အောက်ဆုံးကျောမွဲတို့ရဲ့ လွတ်မြောက်ရေးအလံတလက်။
'၁၉ ဇူလိုင်'
၁၉၄၇ ရန်ကုန်မြို့ အတွင်းဝန်ရုံး မနက် ၉ နာရီ မိုးကလေးတဖွဲဖွဲ
ဒီနေ့အထိ အဲဒီမိုးကမတိတ်တော့ဘူး
ခါရာသီရွေ့ပေမဲ့
လူသတ်တဲ့နိုင်ငံရေး လေသင့်ရင် သွေးနံ့က တချက်တချက်ပါလာတုန်း
မဆေးရသေးတဲ့လက်ကသွေးဟာ မခြောက်သေးသလို၊
ဥသြသံမှာ ခြေစုံရပ်ဦးညွှတ်ရင်း
နောက်ထပ် ဒီလိုမိုးတွေ မရွာစေချင်တော့ပါ။
'ဆဲဗင်းဇူလိုင်'
တခါက ဘန်ကောက်ပုဆိုးနဲ့ ဂိုယာရေမွှေးနံတွေကြားမှာ
ဖျင်ကြမ်းတိုက်ပုံနဲ့ ခုံဖိနပ်တွေကြောင့် ကျော်ကြားခဲ့ရာ
ငရဲခွေးကြီးလွတ်နေပေမဲ့ သွေးတို့ဖြင့်ချင်းချင်းနီ၏ ဦးကားမညွှတ်ခဲ့ရာ
တိုင်းပြည်ကြီးချောက်ထဲကျရန် လက်တလုံးသာလိုတော့လို့
အိုကေရှင်းတမ်းမှာတော့ စကွိုင်းလက်ဂန်း (တင့်ကားပစ်အမြောက်) နဲ့ပစ်လိုက်တာပါတဲ့။
နံရံပေါ်သွေးနဲ့ရေးခဲ့ မမေ့ကြပါနဲ့
မြေအုတ်တို့ပြိုလေရာ ခုထိကျောက်အုတ်တို့ကိုစောင့်မျှော်ဆဲ။
'ဇွန် ၁၄ နဲ့ ၇၀ ခုနှစ်များ'
အုတ်ကျင်းဂုန်ရှော်၊ သမိုင်းချည်မျှင်၊ ဆင်မလိုက်သဘောၤကျင်း
ကျည်ဆန်မတောင်း ဆန်တောင်းတာပါ။ ပင်လယ်ဝမှာ သွားသွန်ပစ်တယ်တဲ့ (အရပ်ထဲကတီးတိုးသတင်းစာ) အဲဒီတုန်းက လုပ်သားပြည်သူတွေပေါ့လေ၊
ရာဇဝင်တွေရိုင်းခဲ့ရပြီအဘိုးရေ့
အမျိုးသားစာဆိုကြီးလေ အနှစ်တရာလည်းမနေခဲ့ရ
အနှစ်တရာရာဇဝင်လည်းရိုင်းခဲ့ရ
(မီးရှို့ခံခဲ့ရတဲ့ရုပ်ရှင်ရုံတွေကတော့ ဟိုတယ်တွေဖြစ်ကုန်ပြီ)၊
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးပေါ့
မြန်မာပြည်ရောက်တော့ ဆူပူလှုံ့ဆော်ရေးသမား
သေတဲ့သူမြေပုံကိုခြေထောက်နဲ့ကန်လို့
မြေထိုးစက်ရှေ့ရင်ဘတ်တွေထိုးကာခဲ့ကြ
အလောင်း ၁၄ လောင်းကာထားတဲ့ ပင်နံယံသွားထဲမှာ
စပါးနှံဟာ ကားစင်တင်ခံခဲ့ရပါတယ်။
'မတ်လရဲဘော်'
မနက်က အမေ့ချွေးခံအိတ်ထဲက အမေ့ဈေးဖိုး သားမုန့်ဖိုး ၇၅ ကျပ်တန်လေးဟာ
ညနေလည်းရောက်ရော စက္ကူနွမ်းလေးတရွက်ဖြစ်သွားတယ်။
လမ်းဘေးဈေးသည်လေးဟာ မနက်ဖြန်အတွက် အရင်းလက်မဲ့သွားတယ်။
စာမေးပွဲဖြေမယ့်ကျောင်းသားလေးဟာ ဘက်စကားခမရှိဖြစ်သွားတယ်။
အစိုးရဟာ သူခိုးဓါးပြပါလားလို့ အရက်သမားအိုကြီးက ညည်းတွားနေတယ်။
ဖုန်းမော်ဟာ ချွန်ထက်တဲ့ဆူးတချောင်းကြောင့်သေရတယ်
မြို့လည်ကမီးပွိုင့်တွေဟာ အမိန့်ပေးတယ်၊ ဖိနှိပ်သူကိုကိုယ်စားပြုတယ်
ဒါကြောင့် လူထုက ရိုက်ချိုးဖျက်ဆီးပစ်လိုက်ကြတယ်။
'ရှစ်လေးလုံး'
လုံထိန်းကားကိုခဲနဲ့ထုတယ်
ခွပ်ဒေါင်းတွေကျောင်းထဲကထွက်လာတယ်
ဖြူသလားနီသလား ဤတံတား အများဆုံးဖြတ်ပါ
မေနီကုန်းမှာ မီးခိုးလုံးကြီးတက်လာတယ်
အချုပ်ကားထဲမှာအစုလိုက်အပြုံလိုက်သေကြရတယ်
ထောင်အုတ်ရိုးနောက်က ကျောင်းသူလေးများရဲ့မျက်ရည်စများ
ခရစ္စတိုဖာဂါးနက်၊ ဘီဘီစီနေမင်း၊ အရေးပေါ်ပါတီညီလာခံ
စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
စိန်လွင်ခြောက်တန်း တစောက်ကန်း
သားသတ်သမားရဲ့လက်ထဲမှာ သေနတ်ဟာ ကျည်ထိုးထားပြီးသား
ဒီလိုနဲ့ ရှစ်ရက်ရှစ်လဟာ ရှစ်ဆယ့်ရှစ်မှာရောက်လာတယ်
လှည်းလမ်းကြောင်းမှာ ဖုန်တထောင်းထောင်းထခဲ့တယ်
မြို့တော်ခန်းမရှေ့မှာ ညကသွေးတွေဟာ မနက်ကျတော့ရေဆေးပြီးပြီ
ဆေးရုံကြီးဝင်းတံခါးဝနားမှာ ဖိနပ်တွေပြန့်ကျဲကျန်ခဲ့တယ်
စည်းရိုးသံတိုင်ဟာ ကျည်ရာနဲ့ကွေးကောက်နေတယ်
အရေးပေါ်ဌာနမှာ ဒါဏ်ရာတွေတန်းလန်းနဲ့ သပိတ်စခန်းဖွင့်ကြတယ်
နောက်တော့ ဆန္ဒမစောကြပါနဲ့၊ ပျော်ပျော်ပါးပါးကြီးအုတ်မြစ်ချကြတာပေါ့တဲ့
နဖူးပြောင်ပြောင် ရူးကြောင်ကြောင် ဦးမောင်မောင်ထွက်လာတယ်
စစ်တပ်ကိုစိတ်နဲ့တောင်မပစ်မှားနဲ့၊ ဆမူစာအောင်ကြီးထွက်လာတယ်
ကျွနု်ပ်သည်သာရာသက်ပန်ဝန်ကြီးချုပ်ဖြစ်ပါကြောင်း၊ ဘုရားဒကာကိုကြီးကောင်းထွက်လာတယ်
ဒါဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲပဲ
ရွှေတိဂုံခြေရင်းမှာ လူပင်လယ်ကြီးဟာ သူကိုင်ရမယ့်အလံကိုရခဲ့တယ်၊
သူစီးရမဲ့မြစ်ကိုတွေ့ခဲ့တယ်၊
မြစ်ဟာ ဇာတ်ညွှန်းအတိုင်း ကွေ့တယ်ကောက်တယ်
ဂိုဒေါင်ဖောက်တယ်၊ ထမင်းထုပ်ထဲအဆိပ်ခတ်တယ်၊ ကပစထုတ်ဂျင်ကလိတွေတဲ့
ခေါင်းဖြတ်ပွဲတွေပေါ်လာတယ်။
တန်ပြန်သပိတ် တစ္ဆေအရိပ်မဲကြီးဟာ မင်းမဲ့စရိုက်ကို မြို့တွေရွာတွေထဲ မှုတ်သွင်းလိုက်တယ်။ မျှော်လင့်ထားသလိုပဲ
ညနေခင်းတခုရဲ့လေထုထဲ စစ်ချီသီချင်းတွေပြိုကျလာတယ်
အိမ်တံခါးတွေပိတ် လမ်းတွေပိတ်ကြ
အမှောင်ထဲ အံကြိတ်တက်ခေါက်ကြ အထုပ်အပိုးပြင်ကြ
စစ်ဖိနပ်သံတွေ ခွေးအူသံတွေ တချက်တချက်ထကြွေးကြော်လိုက်သံတွေ
မနက်မိုးလင်းတော့ ရပ်ကွက်လေးထိပ်မှာ ပစ်သတ်ခံထားရတဲ့အလောင်းတလောင်း
သူ့နာမည်က စက်တင်ဘာ။
'ရွှေဝါရောင်'
ငါတို့ကတော့ မမေ့နိုင်ဘူး၊ ငါတို့ကိုမေ့ချင်မေ့ပစ်လိုက်
စက်တင်ဘာဟာ အသက်ပြင်းတယ်၊ သူများသတ်တိုင်းမသေဘူး။
၂၀၀၇ မှာ မေတ္တာသုတ်ကိုထမ်း လမ်းပေါ်ပြန်တက်လာတယ်
ဒကာဒကာမတွေရဲ့မျက်ရည်ပေါက်ကြီးငယ်အတွက် အမျိုးဘာသာ သာသနာဟာ
နံပတ်ဒုတ်တွေရှေ့မှာ သံဆူးကြိုးတွေရှေ့မှာ လက်အုပ်ကလေးချီခဲ့ပါတယ်
ဖိနှိပ်သူတို့ရဲ့ဘုရားစင်မှာ အာဏာကိုရွှေချထားတဲ့အခါ
သွေးစွန်းနေတဲ့လက်မှာ ကြာပန်းဟာမပွင့်နိုင်ဘူး
ထောင်တံခါးတချပ်ပွင့်တာဟာ ကျောင်းတံခါးတချပ်ပိတ်တာပဲတဲ့
ပိတ်ထားတဲ့ကျောင်းတကျောင်းဟာ အချုပ်ထောင်ဖြစ်သွားတယ်
ဘုရားသားတော်တပါးဟာ ချောင်းရေထဲမှာ ပုပ်ပွပြီးမျောလာတယ်
အပယ်ကျနေတဲ့တိုင်းပြည်မှာ
ရေကြည်အိုင်ကိုလည်းမကြောက်ကြတော့ဘူး
အဝီစိကိုလည်း မကြောက်ကြတော့ဘူး။
'နာဂစ်'
ကျန်နေတဲ့သူတွေကကံကောင်းတာလား
ပါသွားတဲ့သူတွေကကံကောင်းတာလား
ဘဝတွေသေပြီး ဒုက္ခတွေရှင်ကျန်ခဲ့ကြတယ်၊
ကမ်းကပ်ခွင့်မရတဲ့ ကယ်ဆယ်ရေးတပ်ကြီးတွေနဲ့
ဈေးထဲရောက်သွားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ
ပျက်သွားတဲ့လယ်ကွင်းတွေထဲကအလောင်းတွေနဲ့
ထောင်ထဲရောက်သွားတဲ့ကူညီရေးသမားတွေ
အိတ်ဖောင်းသွားတဲ့ ပြည်လည်ထူထောင်ရေးစီမံကိန်းတွေနဲ့
မြို့ပြငါးမွေးကန်ထဲရောက်သွားတဲ့ နာဂစ်သမီးပျိုတွေ
အဖေသမီးကိုလွှတ်မချလိုက်ပါနဲ့ဆိုတဲ့အသံလေးဟာ
လယ်သမားလူထွက် ဆိုက်ကားဆရာကြီးလက်ထဲကအရက်ခွက်ကို
တုန်ယင်ဖိတ်စင်စေတုန်းပဲ
ပျောက်သွားတဲ့လူတွေ ဘယ်တော့ပြန်လာကြမှာလဲ။
နှင်းခါးမိုး
၂၀၁၈
No comments:
Post a Comment