အခုအချိန်မှာတော့
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ရဲ့ကြားက
ခရီးလမ်းမပေါ်မှာ
ရုပ်ခန္ဓာတွေကို မောင်းနှင်သယ်ဆောင်နေကြရဲ့။
အဲဒီအသက်ရှုသံတွေနောက်မှာ
တိတ်ဆိတ်မှုကြီးတစ်ခုရှိနေတယ်။
အရာအားလုံးကို သူ့ဝမ်းဗိုက်ထဲ
လောဘတကြီးမျိုချထားလို့ပေါ့။
နောက်ဆုံးမှာ သူ့အသက်ရှုသံတွေကိုတောင်
သူက မျိုချပစ်လိုက်တယ်
ငါ့နားရွက်တွေကိုလည်း မျိုချပစ်လိုက်တယ်။
မျက်လုံးကို ဖွင့်လိုက်ပေမယ့်
ဘာမှ ပြေးဝင်မလာဘူး။
မျက်ခွံရဲ့အတွင်းနံရံကိုပဲ
ပိုမိုကျယ်ပြန့်စွာ မြင်နေရ၊
ဘာမှမရှိတော့ဘူးလား
ခြင်ထောင် အမိုး
အိမ်နံရံ ဗီရိုနဲ့
ကြိုးတန်းပေါ်က အဝတ်အစားများ
အနည်းဆုံး ကိုယ့်လက်ဖဝါးတွေပဲ ဖြစ်ဖြစ်ပေါ့
ဒီလိုအဆုံးမရှိတဲ့ဟင်းလင်းပြင်ကြီးထဲမှာ
ငါ အသက်မရှင်နိုင်ပါဘူး
စိတ်ဟာ ပစ္စည်းတစ်ခုလို လွတ်ကျ
ကြောက်အား လန့်အား လှမ်းအဆွဲမှာ
စောင်တစ်ထည်ရဲ့အေးစက်တဲ့အနားစွန်းကို
လက်ထဲမိတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
မျက်လုံးထဲ သူတို့ရောက်မလာနိုင်တာက
သူတို့ကို သယ်ဆောင်လာမယ့်
အလင်းရောင်မရှိလို့ပဲ။
အလင်းရောင်မရှိသရွေ့
မျက်လုံးတွေ ရှိနေတာကိုပါ
ဆုံးရှုံးနေရမှာ သေချာတယ်။
ခွေးတစ်ကောင် ထဟောင်တယ်
စူးစူးဝါးဝါးကလေးငိုသံတစ်သံက
ဟိုးအဝေးက ရောက်လာတယ်.။
တိတ်ဆိတ်မှုဟာ
ထိုးဖောက်ခံရ ဘောလုံးတစ်လုံးလို
ပေါက်ကွဲသွားတော့တယ်။
တိတ်ဆိတ်မှုရဲ့အန်ဖက်ထဲမှာ
ငါ့ နားရွက်တွေ ပြန်မြင်ရတယ်။
ပြီးတော့
စက်ရုံတစ်ရုံလို အလုပ်လုပ်နေတဲ့
လူတွေရဲ့အဆုပ်ရယ်
မကောင်းမှုတစ်ခုကို ကျူးလွန်နေရာက
ခွေးဟေင်သံကြောင့် တွန်းဆုတ်သွားတဲ့
လူတစ်ယောက်ရဲ့လက်ရယ်
ကလေးအမေတစ်ယောက်ရဲ့
အိပ်ရေးပျက်ပေမယ့် လှပနေတဲ့
မျက်နာလေးရယ်
ဘယ်လောက်အံ့သြဖို့ကောင်းလိုက်သလဲ
ငါ မြင်ရတယ်။
ရှိတယ်
အရာရာဟာ သူ့နေရာမှာသူ
အရင်အတိုင်းရှိနေတယ်။
အလင်းရောင်မရှိပေမယ့်
အသံတွေသာရှိနေရင်
အဲဒီအရာတွေကို
နားနဲ့ ကြည့်လို့ ရနိုင်တယ်။
ရေခဲသေတ္တာထဲ အထည့်ခံရတဲ့ရေတွေလို
တဖြည်းဖြည်း အေးခဲသွားတဲ့အခါ
ပြီးသွားတဲ့နေ့တစ်နေ့နဲ့
စတင်တဲ့နေ့တစ်နေ့ကြားက
ခရီးလမ်းမပေါ်မှာ
အသက်ရှုသံတွေဟာ
မော်တော်ကားသံတွေထက် ပိုကျယ်တယ်။
လူသားတွေဟာ
သူတို့ရဲ့ဘဝတစ်ဝက်ကို
ဆုလာဘ်အဖြစ်ရရှိခဲ့ကြပြီး
ကျန်တစ်ဝက်ကိုတော့
အပြစ်ဒဏ်အဖြစ် ရရှိခဲ့ကြရင်
မျက်ခွံရဲ့အတွင်းဘက်နံရံမှာ
ကမ္ဘာကြီးကို နားနဲ့ မြင်ခဲ့ရတဲ့
အခုလိုညမျိုးဟာ
ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို
ဆက်သွယ်ထားတဲ့ မျဉ်းဖြောင့်တစ်ကြောင်းပေါ်က
ပြေးလမ်းတစ်လမ်းသာ ဖြစ်တယ်။
နှင်းခါးမိုး
(၁၉၉၅၊ ကမ်းရှာငှက်ကဗျာစာအုပ်မှ)
**********************************************
No comments:
Post a Comment