ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု
အဲဒီမှာ... ကလေးတွေအတွက် ....စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။
အဲ့ဒီမှာ... ကမ္ဘာကြီးနဲ့ ဝင်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမယ်.
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။
အဲ့ဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။
အဲ့ဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။
အဲ့ဒီမှာ... (မရှိပေမယ့် ).............( ရှိတယ ်)
ခေတ်မှီ တိုက်လေယာဉ်ကြီးတွေရှိတယ်...ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖာခန်းဖွင့်စားတဲ့..ကြယ်ငါးပွင့် ဟော်တယ်ကြီးေးတွရှိတယ်။
ပြီးတော့...သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလဟာသပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစီစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။
ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင်လယ်ကွင်းထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာပင်ညာသင်ကြားရေးရှိတယ်။
ပြီးတော့ ...အိမ်ထဲက... အိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက... အိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။
ပြီးတော့ ... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်...။
ရှိတယ်............။
No comments:
Post a Comment