
ရင်ထဲက ကလီစာတွေအားလုံး ထွေးထုတ်လိုက်တာတောင်
ဒီချောင်းဆိုးက ရပ်ပါ့မလား
ညညလည်းအိပ်မရဘူး
အိပ်ယာပေါ်ကျောမချရဲအောင် ချောင်းကဆိုးတယ်
ဝယ်လာတဲ့ချောင်းဆိုးပျောက်ဆေးကလည်း
တနေ့ ၅ ခါသောက်ပါတဲ့
ဘာမှထူးမလာဘူး
ကျောတွေရင်တွေ ပရုပ်ဆီလူးတယ်
ရေနွေးပူပူ မှုတ်သောက်တယ်
ခဏတော့သက်သာလာသား
ခဏလောက်အိပ်လိုက်ရတယ်
ပြီးတော့ ချောင်းဆိုးပြီး ပြန်နိုးလာတယ်
ထွေးထွေးထုတ်လိုက်တဲ့ ချွဲဖတ်တွေကိုကြည့်ပြီး အံသြတယ်
ဒီအညစ်အကြေးတွေက မကုန်တော့ဘူးလား
ဒီခန္ဒာကိုယ်ထဲမှာ ဒီအညစ်အကြေးတွေ ဘယ်တုန်းထဲကရှိနေတာလဲ
အော် ဒီအညစ်အကြေးတွေနဲ့ နေထိုင်ခဲ့ရတာပါလား
အခုတော့ ပင်ပင်ပမ်းပမ်းထွေးထုတ်နေရ
လည်ချောင်းတွေတောင် ပူူတယ်
လူဆိုတာ အညစ်အကြေးထည့်တဲ့အိတ်ကြီးပဲ
ချောင်းဆိုးနေရင်းက တွေးမိတယ်
ဒါက မြင်ရတဲ့အညစ်အကြေးတွေ
မမြင်ရတဲ့အညစ်အကြေးတွေကကော
လူတယောက်မှာ ဘယ်လောက်များနေပြီလဲ
လူတချို့အရက်မူးပြီး ရန်လိုတာ
အဲဒီအညစ်အကြေးတွေကို ထွေးထွေးထုတ်တာလား
သလိပ်ဖတ်တွေကို လူရှေ့ထွေးမထုတ်ချင်သလို
မမြင်ကွယ်ရာမှာ အညစ်အကြေးတွေ စွန့်ကြ
ဆိတ်ကွယ်ရာမှာ မကောင်းမှုတွေ ပြုကြ
ဒါပေမယ့် အညစ်အကြေးတွေက ကုန်မသွားဘူး
မကောင်းမှုတွေက ကုန်မသွားဘူး
အညစ်အကြေးထုတ်တဲ့ စက်ရုံကြီး
ခပ်တိုးတိုး ရေရွတ်မိတယ်၊
ဒီနေ့တော့ ရေချိုးပစ်လိုက်တယ်
အပူတွေများနေရင်လည်း ချောင်းကဆိုးသတဲ့
အဆုတ်များပွနေသလား
အဆုတ်နာများရှိနေမလား
ဆရာဝန်ဆီသွားမလား
ချောင်းဆိုးတာလောက်များ
ကွမ်းရွက်ပြုတ်နဲ့ရက်ဆားသောက် ပျောက်
အဖွားကိုသတိရမိ
မြန်မာပြည်ကိုသတိရမိ
အခုတော့ ဥရောပချောင်းက ဆိုးတယ်
နေ့လည်းဆိုးတယ်
ညဘက်ပိုဆိုးတယ်
ချောင်းထဲ ရေဆိုးတွေစီးလို့
ခန္ဒာကိုယ်ထဲ ရေဆိုးတွေစီးလို့
စိတ်ထဲ ရေဆိုးတွေစီးလို့
ချောင်းဆိုးရတာမောတယ်
ချောင်းဆိုးထဲလှေစီးရင် ပိုမောမယ်
အခု ဒီစကားလုံးတွေဟာ
ချောင်းဆိုးပျောက်ဆေးထဲက ခုန်ထွက်လာတာ
ချောင်းဆိုးပျောက်အောင်
ဆေးပုလင်းထဲခုန်ချလိုက်ရ ကောင်းမလား၊
သတင်းတွေကိုနားမထောင်မီ
ရေဒီယိုကိုနာနာလှုပ်ပါ
ရေဒီယိုကိုဖွင့်လိုက်တော့
ချောင်းဆိုးသံတွေထွက်လာတယ်
ဘာမဆိုင်ညာမဆိုင်လို့ မပြောနဲ့
အိုင်ဒီယာတွေဆိုင်တင်ရောင်းရင်
ချောင်းဆိုးပျောက်ဆေးပါတွဲရောင်းကြ
တနေ့ ၅ ခါသောက်ပါ
ရင်ထဲက ကလီစာတွေအားလုံး ထွေးထုတ်ပစ်ပါ
သလိပ်ဖတ်တွေကိုတော့ လူမမြင်စေနဲ့ပေါ့
ဘာပဲဖြစ်ဖြစ် ချောင်းထဲမှာ ရေဆိုးတွေ စီးပါစေလေ
ဒါ ကဗျာလားမမေးနဲ့
ဒါ ချောင်းဆိုးပျောက်ဆေး။
No comments:
Post a Comment