Wednesday, September 26, 2007
ရေကြည်အိုင်နဲ့ အ၀ီစိ
သံဃာဆိုတာ လူတွေရဲ့ ကောင်းမှုမျိုးစေ့တို့ကို စိုက်ပျိုးကြဲချရာ
လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါသတဲ့။
သတ္တ၀ါအပေါင်းတို့အား ဆင်းရဲခြင်းမှ လွတ်မြောက်စေနိုင်သဖြင့်
ဤကမ္ဘာလောက၌ အကောင်းဆုံး အသာလွန်ဆုံး အမွန်မြတ်ဆုံး
ရတနာတပါး ဖြစ်တော်မူပါသတဲ့။
သမုဒ်ပြင်ထက် ခဏတက်တဲ့ ရေပွက်ပမာ တဘ၀တာအတွက်
ဘ၀သံသရာခရီးရှည်ကြီးထဲမှာ အပယ်ရထားလက်မှတ်
ဘိုကင်ဖြတ်နေကြသူတွေကို သနားလို့ ဖတ်မိတဲ့စာတပုဒ်ကို
ဒီနေရာကနေ လူကြုံပါးလိုက်ပါရစေ။
.....
၁၉၉၀ ခုနှစ် ဒီဇင်ဘာကပါ။
နှင်းတွေ ဖွေးဖွေးလှုပ်နေအောင်ကျနေလို့ ထောင်ဖွင့်နောက်ကျတဲ့
တမနက်ခင်းမှာ… ဂန်ဖလားတွေပြည့်နေလို့ ကုဋီတက်ရခက်ပြီး ဒုက္ခဖြစ်နေရတဲ့
ဆရာတော်ကြီးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။ ဂန်ဖလားက (၁) ခန်းကို
(၂) လုံးပဲ ပေးထားပြီး (၈) ပေ (၁၀) ပေ အခန်းကျဉ်းလေးထဲမှာ ဆရာတော်တွေ
(၅) ပါး။ (၆) ပါး အပြည့်အသိပ်ထည့်ထားတာပါ။ ဂန္ဓာရုံတိုက်အုပ် ဆရာတော်၊
ရွှေဘုန်းပွင့် ဆရာတော်၊ သာကေတ ဆရာတော်၊ မဟာဗောဓိ ဆရာတော်၊
မေဒိနီ ဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ သိမ်တော်ကြီး ဆရာတော်၊
သရက်တောကျောင်းတိုက် ဆရာတော်ကြီးများနှင့်
စာဝါတက်နေတဲ့ သံဃာတော်တွေ။
အင်္ကျီအဖြူ ပုံမကျ ပန်းမကျတွေနဲ့ ပုဆိုးအပြာရောင်ကွက်ထောက်တွေနဲ့။
အင်းစိန် သီးသန့် အကျဉ်း ထောင်ရဲ့ အဆောင် (၁) နှင့် (၂) မှာ တရာနီးပါး
လောက်ရှိတဲ့ သံဃာတွေနဲ့ ပြည့်လုဘနန်း ဖြစ်သွား ရတယ်။ ရန်ကုန်က
ကျောင်းတိုက်ကြီးတွေကို မွှေနှောက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ
သင်္ဃန်းဆွဲချွတ် လူဝတ်လဲခိုင်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တာပါ။
တိပိဋကတ် (၃) ပုံ နှုတ်ငုံအောင်ထားပြီးတဲ့ ဂန္ဓာရုံဆရာတော် ဦးသုမင်္ဂလ ပဲ
ဖြစ်ဖြစ်၊ (၂) ပုံအောင် ထားတဲ့ ဂန္ဓရုံတိုက်အုပ် ဆရာတော်ပဲဖြစ်ဖြစ်၊
စကြာသီဟ၊ စေတီယင်္ဂနစာမေးပွဲတွေကို ထူးထူးချွန်ချွန်
အောင်မြင်ထားတဲ့ ကျမ်းပြုဆရာတော်တွေပဲဖြစ်ဖြစ်
အင်္ကျီအဖြူ ပုဆိုးကွက်ထောက်တွေနဲ့ ဖြစ်နေကြပါပြီ။
ပုဆိုးကို ကောင်းကောင်းမစည်းတတ်လို့ သင်းပိုင်ဝတ်သလိုလိပ်ပြီး
ဝတ်ထားတာကလည်း ဆရာတော်ကြီးတွေကို မြင်နေရတဲ့ ကျနော်တို့အဖို့
စိတ်မသက်မသာရှိလှပါတယ်။
စစ်ကြောရေးစခန်းမှာ ဆရာတော်တွေကို ကျွမ်းထိုးခိုင်းတဲ့အကြောင်း၊
ထိုင်ထ လုပ်ခိုင်းတဲ့အကြောင်း၊ အရိုက်အနှက်ခံရတဲ့အကြောင်း၊ “မင်းတို့က
ဘုန်းကြီးမဟုတ်ဘူး။ သံဃာမဟုတ်ဘူး။ မင်းတို့က သင်္ဃန်းဝတ်တွေ” ဆိုပြီး
မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာခံရတဲ့အကြောင်း ဦးဇင်းငယ်တွေက
ပြောပြကြပါတယ်။ ဆရာတော်ကြီးတွေကတော့ ကျနော်တို့ ဒေါသဖြစ်ပြီး
အကုသိုလ်ဖြစ်မှာစိုးလို့ ထင်ပါရဲ့။ သိပ်မပြောစေချင်ကြဘူး။
ဒီလိုရန်ကုန်မှာ ဆရာတော်တွေကို အင်းစိန်ထောင်ထဲ ပို့လိုက်သလို မန္တလေး
လေးပြင်လေးရပ်က ဆရာတော်တွေကိုလည်း မန္တလေးထောင်တွေထဲကို
ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) က တဆင့် ပို့လိုက်ကြပါပြီ။
ထောင်ဒဏ် (၃) နှစ်၊ (၇) နှစ်၊ (၁၀) နှစ် အသီးသီးချပြီး ထောင်တွေခွဲပြီး
ပို့လိုက်ပါတယ်။ တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလဆိုရင် ဟိုးအဝေးဆုံး
မြစ်ကြီးနားထောင်ထိ ပို့ပစ်လိုက်ပါတယ်။
မန္တလေးထောက်လှမ်းရေး (၁) ထဲမှာ ရက်ရက်စက်စက် ဦးဇင်းတပါးကို
နှိပ်စက်နေရင်း စစ်ထောက် လှမ်းရေးက အခုလို ခြိမ်းခြောက်ပါသတဲ့။
“ဟေ့ကောင် သင်္ဃန်းဝတ် မင်း ရေကြည်အိုင်ဆိုတာ ကြားဖူးလား”
ဦးဇင်းကလည်း ချက်ချင်း ပြန်မေးလိုက်တယ်။
“ရေကြည်အိုင်ကို ဦးဇင်း ကြားဖူးပါတယ်။ ဒကာရော အ၀ီဇိ ဆိုတာ ကြားဖူးလား”
ရိုက်နေတဲ့ ထောက်လှမ်းရေးဟာ တချက်ငိုင်သွားတယ်။ ပြီးတော့ငြိမ်သွားတယ်။
ပြီးတော့ အခန်း အပြင်ကို ထွက်သွားတယ်။ သူ့ ဂျူတီချိန်းသွားတဲ့အထိ
ပြန်ဝင်မလာတော့ဘူးလို့ ဦးဇင်းက ပြန်ပြော ပြတာကို ကျနော် အမြဲကြားနေမိတယ်။
စစ်ထောက်လှမ်းရေး ထိပ်သီးကြီးများအလိုအရ ဆဲရဆိုရ ရိုက်ရနှက်ရ လုပ်ကြရပေမယ့် ဗုဒ္ဓဘာသာဝင်တယောက်အနေနှင့် “ဒကာရော အ၀ီဇိဆိုတာ ကြားဖူး လား” ဆိုတဲ့
မေးခွန်းဟာ ဘယ်ထိ တာသွားခဲ့ပြီလဲ။
လွန်းနွေငြိမ်းရဲ့ ခေတ်ပြိုင်က အ၀ီစိဆိုတာကြားဘူးသလား ဆောင်းပါးထဲက ကောက်နှုတ်ဖေါ်ပြလိုက်တာပါ။
Thursday, September 20, 2007
မေတ္တာတရားကို ဘယ်သူအောင်နိုင်ခဲ့ဘူးသလဲ
ရန်ကုန်မှာ ဒကာဒကာမတွေရဲ့လူမှုဒုက္ခတွေကို မေတ္တာရှေ့ထား ကယ်တင်နိုင်ဖို့
မိုးရွာမရှောင်၊ နေပူမရှောင် လမ်းမတွေပေါ် ဒုက္ခစရိယာခံ လှည့်လည်ကြွချီပြီး
ဆန္ဒတော် ထုတ်ဖော်ပြသနေကြတဲ့ ဘုရားသားတော်တွေနောက် အမြဲတမ်း
လိုက်လံ စောင့်ကြည့်နေတဲ့ ကားသုံးစင်းအကြောင်း
သံဃာတော်တွေနောက် အမြဲလိုက်စောင့်ရှောက်နေတဲ့ မြို့ခံလူတဦးက
သတင်းပေးပို့လာတာကို သူငယ်ချင်းတဦးက ကျနော့်ဘလော့ပေါ်ကတဆင့်
အားလုံးကို သိစေချင်တယ်ဆိုလို့ ဒီမှာ တင်ပေးလိုက်ပါတယ်။
၂၀၊ စက်တင်ဘာ၊ ၂၀၀၇
ရန်ကုန်မှာ ဘုန်းကြီးတွေနောက်ကနေ တောက်လျောက်လိုက်နေခဲ့တဲ့
ကားနံပါတ်တွေ..
၁။ အ ၄၉၁၄ - ဗင်ကား၊ ဘုန်းကြီးအိုနှစ်ပါးနဲ့ လူသုံးယောက်လောက်ပါ။
၂။ ၂ခ ၇၀၇၆ - မာစီးဒီးလို ကားကောင်း၊ အစိုးရအရာရှိ၊ လူကြီးပိုင်းလို့
ယူဆရသူတွေပါ။
၃။ ၄ခ ၁၃၇၂ - မှန်လုံဂျစ်ကား၊ အရာရှိတွေပါပုံရ။
ဒါ - ကိုယ်တိုင် ဘုန်းကြီးတွေကြွတဲ့လမ်းတလျောက် ကိုယ်တိုင်လိုက်သွားခဲ့တဲ့
လူတယောက်က ပြန်ပြောပြတာတွေပါ၊
ဘာဖြစ်လို့ ဒီလို လိုက်နေတာလဲ။
ဖြိုခွဲမှုမှာ ကိုယ်တိုင် ကြီးကြပ်ကြဖို့လား။
သံဃာတော်တွေထဲက ပေါက်ကွဲထွက်လာရင် အချိန်မီ အချိုသတ်
ထိန်းသိမ်းနိုင်ဖို့လား။ ဒါမှမဟုတ် သံဃာတော်တွေကို သူတို့ထဲက
သူတို့ကိုယ်တိုင်မသိတဲ့ အုပ်စုတစုက ၀င်ရောက်အကြမ်းဖက်လာရင်
အချိန်မီ ဟန့်တားနိုင်ဖို့လား။
ကျနော်ထင်မြင်ချက်ကိုဝင်ပြောရရင် ဒီကိစ္စကြီးကတဆင့် တနိုင်ငံလုံး
အုံကြွထွက်လာမယ့်အရေးကို အာဏာပိုင်တွေကိုယ်တိုင် ဒီတခါ
တွေးကြောက်နေပြီး တစုစုက သူတို့ကို ဒီကိစ္စထဲဝင် အမြတ်ထုတ်၊
နိုင်ငံရေးချောက်ကျအောင်လုပ်နိုင်တယ်လို့ တွေးပူနေပုံ ရပါတယ်။
ပိုဆိုးတာက အဲဒီတစုစုက သူတို့ထဲကလည်း ဖြစ်နိုင်တယ်ဆိုတာ
ကြိတ်သိနေတာပါ။
လက်ရှိ အာဏာသိမ်းအုပ်စုရဲ့ ၁၉ နှစ်တာကာလမှာ အခုအချိန်ဟာ
အားအနည်းဆုံးအချိန်လို့ ယူဆနိုင်စရာရှိပါတယ်။ ဘယ်သူမဆို
ကိုယ့်ရပ်တည်မှုအတွက် နောက်ဆုံးရုန်းကန်တဲ့အခါ နည်းလမ်းပေါင်းစုံကို
သုံးတတ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို
ကိုင်တွယ်တဲ့အခါ လူထုကို ဘယ်တော့မှ လေးလေးစားစား ထည့်မတွက်
တတ်တဲ့ မြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းရဲ့ ခြေစလက်စကိုတော့
သတိကြီးစွာထားကြပါလို့ အဝေးကနေ ကြောင့်ကျစိတ်နဲ့ လက်တို့လိုက်ပါရစေ။
Wednesday, September 19, 2007
စက်တင်ဘာဟာ ဒီနေ့အထိ စီးဆင်းနေတယ်
စာရွက်တွေ ဘောပင်တွေ မမြင်ရမှ စာရေးချင်စိတ်က ယင်းထနေခဲ့တယ်။
နာရီဝက်လောက် ရေးချိုးပေးဆင်းတဲ့အခိုက်လေးမှာ လမ်းပေါ်က
သဲတွေခဲတွေကို ဆွပြီး အရေးအခင်းကာလ ထောင်မီးလောင်တုန်းက
ဒီဘက် တိုက်ဝင်းထဲ လွင့်စင်ကျခဲ့တဲ့ မီးသွေးဖြစ်နေတဲ့ သစ်သားစလေးတွေ
လိုက်ကောက်တယ်။ ပြီးတော့ စိတ်ထဲတေးပြီး ရေးဖြစ်တာလေးတွေ
အခန်းနံရံပေါ်မှာ ချရေးတယ်။ ညအိပ်ရင် နံရံပေါ်က စာပိုဒ်လေးတွေ
စိတ်ထဲ အလွတ်ကျတ်နေခဲ့တယ်။ တလာစီမယ်ကြားတာနဲ့ နံရံပေါ်က
စာတွေ အစအနမကျန်အောင် ဖျက်ပစ်ရပြန်ရော။
ရေးမှတ်သိမ်းဆည်းခွင့်မရတဲ့အခါ ကဗျာတွေကို စိတ်မှာ
အထပ်ထပ်ရွတ်ဖတ်ရင်း အလွတ်ရခဲ့တော့တယ်။
၁၉၉၀ ခုနှစ်ရဲ့ စက်တင်ဘာ ၂၅ ဟာ အင်းစိန်ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားတွေအတွက် သမိုင်းဝင် တိုက်ပွဲနေ့ တနေ့ ဖြစ်ခဲ့တယ်။
၂၄ ရက်နေ့ညမှာ မနက်ဖြန်မနက် ဘာဖြစ်မယ်လို့ ကြိုမသိခဲ့ကြဘူး။
မိန်းမဆောင်နဲ့ ကြိုးတိုက်ဘက်ဆီက လက်ခုပ်သံတွေ အော်သံတွေကို မသဲမကွဲ
မကြားဖြစ်ခင် ညဦးပိုင်းမှာပဲ နောက်နေ့ကျမယ့် မွေးနေ့အတွက်
ရေးဖြစ်တဲ့ကဗျာတပုဒ်ကို တခြားအခန်းတွေအားလုံးကြားအောင်
ရွတ်ဆိုခဲ့တယ်။ မထင်မှတ်ပဲ တိုက်ပွဲအကြိုဖြစ်ခဲ့ရတာ
အခုနေပြန်တွေးမိတော့ မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။
တနေ့လုံး အသံကုန်အော်ကြ၊ တခန်းတလှည့် မိန့်ခွန်းတွေပြောကြ၊
ကမ္ဘာမကြေသီချင်းဆိုကြ၊ လက်ခုပ်တီးကြ၊ ပန်းကန်ပြားတွေနဲ့ သံတိုင်တွေကို
ရိုက်ခတ်ကြ။ အပြင်ကလူတွေ ကြားမှစိုးလို့ အာဏာပိုင်တွေက ထောင်ရိုးပေါ်
အော်လံကြီးတင်ပြီး ဝင်းဦးရဲ့ အို အို့ အိုး မမမိုး မမမိုး သီချင်းကို
တနေကုန်ဖွင့်ထားခဲ့တာ။ ညနေမှာတော့ အင်အားအလုံးအရင်းနဲ့
တိုက်ခန်းကျဉ်းထဲ အပိတ်ခံထားရပြီး အသံနဲ့ပဲတိုက်နိုင်တဲ့သူတွေကို
ရက်ရက်စက်စက် ဝင်ရောက်ဖြိုခွင်းတာ ခံခဲ့ရ။ ခွေးလိုနွားလို ဆွဲထုတ်သွားတာ
ခံကြရ။ ကိုယ့်ခံနိုင်ရည်ကိုပဲ နှုတ်ခမ်းပေါ်တင်ပြီး ဖိကိုက်ထားခဲ့ရတဲ့နေ့တွေ..။
နှစ်တွေကြာခဲ့ပေမယ့် ထောင်ထဲမှာရေးဖြစ်တဲ့ ကဗျာတွေကို
အလွတ်ရသလို ဘာတခုကိုမှ မမေ့မပျောက်နိုင်သေး။
ဘဝကို နှစ်ကာလနဲ့ တိုင်းတာလိုသူတို့ သင်တို့ကြားဘူးပါစ
နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ် ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ
သူ့ကိုယ်ပိုင်စာမျက်နှာနဲ့သူ ရှိတယ်..၊
ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့ကျနော့်တို့ နေထိုင်ဖြတ်သန်းနေရတာက..။
ရွှေကလပ်ပေါ်မှာ
စစ်ဖိနပ်တင်ထားတဲ့ခေတ်
၁။
ဒီည
ခြင်ရယ် ဂျပိုးရယ်
သတိရမှုရယ်
တယ်ကိုက်ပါလား။
အိမ်ကအိပ်ယာတစ်ခြမ်း
ချစ်သူကိုငုံ့ကိုင်း၍နမ်းစဉ်
အခန်းကျဉ်းကလေးထဲရေငတ်ခဲ့။
သေချာတာက
အချစ်
တော်လှန်ရေး
ထောင်
လူငယ်ဘဝကိုမီးညှိ
လျာထဲခါးလာတဲ့ထိ ဖွာကြည့်မိခဲ့တာပ။
၂။
ကျခံစေ တဲ့၊
တရားဥပဒေကိုရွှေကလပ်ပေါ်တင်ထားတာ
ကြည့်လို့တော့ကောင်းပါရဲ့
ဒါပေမယ့် စင်မြင့်ပေါ်စစ်ဖိနပ်သံခပ်ပြင်းပြင်း
ခေတ်ကိုရှင်းလင်းဖော်ပြဖို့ရာ
ဒီ့ထက်ကောင်းတဲ့နမူနာ မရှိနိုင်တော့။
၃။
ကိုယ့်ကိုယ်ကိုတောင်
မမြင်ဘူးတာကြာပြီ၊
ရေအိုးထဲ ဘွားကနဲ တွေ့လိုက်ရ
အသက်ပြင်းပြင်းမရှုရဲ
ယုံကြည်ချက်ကိုခပ်တိုတိုညှပ်ပြီး
မသပ်မရပ်ဖြီးထားကာ
ခွက်အလွတ်တစ်လုံးလို
ဘာမှ ထည့်မထားတဲ့ မျက်နှာတစ်ခု
အဖုံးကို အသာပြန်ချထားလိုက်တယ်။
ထောင် ဆိုတာ
ရှင်နေတဲ့ လူတွေကို မြုပ်ထားတဲ့
အုတ်ဂူတစ်လုံးပေပဲ။
နှလုံးသားဂြိုဟ်တုက တစ်ဆင့်
သူမထံ သတင်းပို့လိုက်တယ်၊
ဒီမှာမင့်သူရဲကောင်း
ကိုယ့်ကိုယ်ကို စီးချင်းထိုးရင်း
ကျဆုံးသွားပြီလို့။
၄။
ဘဝနဲ့အိပ်မက်
ကျစ်ထားတဲ့ကြိုးတန်းပေါ်မှာ
ပျော့အိပျော့ဖတ် စိုထိုင်းထိုင်း
င့ါ ခန္ဒာကိုယ်ကြီး
မနက်ကျ ပြန်ကောက်ဝတ်ရပေဦးတော့မယ်။ ။
နှင်းခါးမိုး
၂၅ စက်တင်ဘာ ၁၉၉၀
Monday, September 17, 2007
စားပွဲကို အချစ်နဲ့ ထုကြပါစို့
ညစ်ထေးသလောက် လှပတဲ့ အဲဒီဧရာဝတီဆိုတဲ့ မြစ်ကြီးဘေးမှာပဲ
သူ့ဘ၀ကို အသစ်စခဲ့ပါတယ်ဆိုတဲ့၊
မြန်မာပြည်က ပိတောက်ပန်းအကြောင်း ကဗျာဖွဲ့ခဲ့တဲ့၊
ကဗျာဆိုတာ ကျနော်တို့တွေ လုပ်ငန်းခွင်မှာ ၀တ်ထားတဲ့အ၀တ်အစားလိုပဲ
မသန့်စင်နိုင်ဘူးလို့ ဆိုခဲ့တဲ့
ကြီးမြတ်သောကဗျာဆရာလူဆိုးကြီး နီရူဒါ ရဲ့
သစ်ခုတ်သမားနိုးကြားလော့
ကဗျာရှည်ကြီးထဲက နောက်ဆုံးအပိုဒ်တပိုဒ်ပါ။
.................................
အိပ်မက်တွေထဲမှာ ငါဟာ
အိမ်ကိုပြန်ရောက်နေတယ၊်
အဲဒီမှာ လေဟာ စပါးကျီကိုခေါက်နေတယ်
ပင်လယ်က ရေခဲတွေကို ပက်နေတယ်
ငါဟာ ကဗျာဆရာတယောက်သာဖြစ်တယ်
သင်တို့အားလုံးကို ငါချစ်တယ်၊
ငါချစ်တဲ့ ကမ္ဘာကြီးထဲမှာ ငါလျောက်သွားတယ်
ငါ့တိုင်းပြည်မှာ သူတို့ဟာ
သတ္တုတွင်းတူးသမားတွေကို ထောင်သွင်းအကျဉ်းချထားပြီး
သူတို့တွေက တရားသူကြီးတွေကို အမိန့်တွေပေးနေကြတယ်။
ဒါပေမယ့် အေးစက်တဲ့ငါ့တိုင်းပြည်ကလေးမှာ
သစ်မြစ်တွေကိုတောင် ငါချစ်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်သေလို့ရှိရင်
အဲဒီမှာပဲ ငါသေချင်တယ်၊
တကယ်လို့ အကြိမ်ပေါင်းတထောင်ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်၊
မြင့်မားတဲ့ထင်းရူးရိုင်းပင်ကြီးတွေနားမှာ
မုန်တိုင်းထန်တဲ့တောင်လေမှာ
အသစ်ဝယ်ထားတဲ့ခေါင်းလောင်းတွေနားမှာ
ဘယ်သူမှ ငါ့အကြောင်းကို မတွေးပါစေနဲ့တော့၊
ကမ္ဘာမြေကြီးအကြောင်းကိုပဲတွေးပြီး
စားပွဲကို အချစ်နဲ့ ထုကြပါစို့
ပေါင်မုန့်ကိုနှစ်ဖို့၊ ပဲတောင့်ကိုနှစ်ဖို့၊ ဂီတကိုနှစ်ဖို့
သွေးတွေကို နောက်ထပ်မလိုချင်တော့ဘူး၊
သတ္တုတွင်းတူးသမားရယ်၊ သူငယ်မလေးရယ်
ရှေ့နေရယ်၊ သင်္ဘောသားရယ်
အရုပ်လုပ်တဲ့သူရယ်
သူတို့ကို ရုပ်ရှင်ရုံထဲ ၀င်ကြည့်စေချင်တယ်
ပြန်ထွက်လာတော့ အနီရဲဆုံးဝိုင်ကိုသောက်စေချင်တယ်၊
ငါဟာ ပြဿနာကိုဖြေရှင်းဖို့ လာတာမဟုတ်ဘူး
တေးဆိုဖို့လာတာဖြစ်တယ်
သင်တို့လည်း ငါနဲ့အတူ တေးဆိုစေချင်တယ်။ ။
သစ်ခုတ်သမား နိုးကြားလော့ ( နီရူဒါ )
မောင်သစ်တည် ဘာသာပြန်
နိုင်ငံတကာကဗျာရှည်သုံးပုဒ်
Thursday, September 13, 2007
သူကောက်သိမ်းလိုက်တာက နွေဆံမြိတ်ပေါ်က ပန်းနုတိမ်ကလစ်ကလေးတချောင်း
ဒီကနေ့ မိုးရွာမယ် ကြေငြာထားပေမယ့်မနက်ပိုင်းကလေး
နေတပြိုက်လောက် လင်းလိုက်
သေးတယ်။ ငယ်ငယ်က ကျောင်း
ပြေးတဲ့အကျင့်က မပျောက်ဘူး။
ဒီမနက်လည်း ကျောင်းမရောက်ပဲ
မြို့ထဲရောက်သွားတယ်။ ကော်ဖီ
သောက်တယ်။ ရေကန်ဘေး
သွားထိုင်ရင်း ဟိုငေး ဒီငေး၊ ဟိုတွေးဒီတွေး၊ FM ရေဒီယိုလေးနားထောင်။
နွေတုန်းကလောက် အရောင်မစုံတော့ပေမယ့် မြို့ကလေးက ပန်းပွင့်တွေနဲ့
ဝေဆာဆဲ။ အစက ပန်းတွေ ဘာလို့ ဒီလောက်ပွင့်ပါလိမ့်လို့ တအံ့တသြ
ဖြစ်ခဲ့မိတယ်။ နောက်တော့မှ ပွင့်မယ့်ဆဲဆဲပန်းတွေ အိုးလိုက်အိုးလိုက်
မြေကြီးထဲ လာစိုက်ကြတာကိုး။ သည်တော့လည်းဧည့်ခန်းထဲ အလှထိုးသလို
ပန်းတွေက အကန့်လိုက်၊ အလွှာလိုက်၊ တထပ်ပြီး တထပ် အရောင်စုံစပ်ပြီး
လှနေတော့တယ်။
သြော် မြို့ကြီးကိုက ပန်းအိုးကြီးတလုံး ဖြစ်နေခဲ့တာကိုး။
အခုတော့ ဆောင်းဦးကျကာစ။နှင်းတွေမမြင်ရသေးပေမယ့်
အပူချိန်က တဆယ်ဝန်းကျင်
အောက် ကျလာနေပြီ။
တောင်ပတ်လည်ဝိုင်းတဲ့မြို့မို့
တိမ်တွေက တောင်တက်ကော
တောင်ဆင်းပါ မိုးစက်တွေ
သွန်းသွန်းချနေတော့တာပဲ။ ပင်လယ်ဘက်က လေ၊ တောင်ကြားကလေ၊
ရေလက်ကြားတွေထဲက လေ၊ လေက မျက်နှာစုံက လှည့်တိုက်နေသေးတယ်။
လေကော မိုးရေပါ လက်ဖျားတွေကို အေးစက်စေတာမို့ကဗျာဆန်ဆန်
မိုးရေထဲလမ်းလျောက်ချင်လို့မရ။ လမ်းကြိုလမ်းကြားတွေထဲ တိုးဝင်ကာ
သွားလိုရာသုတ်ခြေတင်ကြရတယ်။
သည်ကြားထဲက အခုလို နေကလေးပြန်ပွင့်လာတယ်ဆိုရင် ခွက်ထဲက
လက်ကျန်တစက်ကို အရသာခံ
သလိုမျိုး လမ်းတွေပေါ်မှာလူတွေ
ကိုယ့်ကိုယ်ကိုယ် ဖြန့်ခင်းနေကြ
ပြန်ရော။ သည်လူတွေကြားထဲ
ကိုယ်တိုင်လည်း စိတ်ကလေး
လန်းဆန်းသလိုရှိလာတာနဲ့ နောက်လလောက်ဆို မြင်ခွင့်ရတော့မှာမဟုတ်တဲ့
နွေနှောင်းဆောင်းဦးပုံရိပ်တွေကို သိမ်းဆည်းချင်စိတ်ဖြစ်လာလို့
လက်ကိုင်ဖုန်းကလေးနဲ့ပဲ ဓါတ်ပုံတချို့ ရိုက်လိုက်မိတယ်။ အခုတလော
ပို့စ်အသစ်မတင်ဖြစ်လို့လာလည်တဲ့ ဘလော့ဘော်ဒါတွေကို မျက်နှာပူတာ
တွေ ပြေရာပြေကြောင်း ဥရောပမြောက်ပိုင်းက ဧည့်သည်ပျော်တဲ့
မြို့ကလေးတမြို့ရဲ့ ဆံမြိတ်လည်းပြေပန်းလည်းကြွေစ ကပိုကရိုအလှလေးကို
သည်မှာ တင်ဆက်လိုက်ပါရဲ့။
မကြာခင်မှာ သစ်ရွက်အနီတွေဖြန့်ခင်းထားတဲ့
နှင်းတ၀က် မိုးတ၀က် စိုစက်စက် ဆောင်းဦး
ဆောင်းရဲ့ မြင်ကွင်းကျယ်အလွမ်းရက်များထဲ
ဘ၀ကို စေးစေးပိုင်ပိုင် ဖွင့်ဆိုဖြစ်လေ
အုန်းမလား...။
ဒီစာမျက်နှာတွေကိုတော့ ဆက်ရေးဖြစ်နေအုန်းမှာပါ။
Wednesday, September 5, 2007
ဇာခန်းစီးပေါ်က လိပ်ပြာတကောင်
၂၀၀၅ ခုနှစ်ရဲ့ နေလည်ခင်းတခုမှာဖြစ်သည်။ စိတ်က ဟာလာဟင်းလင်း။
လက်ထဲရောက်လာသည့် ဘောပင်တချောင်းကို ဟိုခြစ်ဒီခြစ်လုပ်ရင်း
စာရွက်ပေါ် စကားလုံးတချို့ အမှတ်မထင် ချရေးဖြစ်သွားသည်။
စကားလုံးတွေက မကြာခင် အသံတွေမြည်လာသည်။ အဓိပ္ပါယ်တွေ
လှုပ်ခါထွက်လာသည်။ ကစားပွဲတခုထဲ ကျွံကျသွားသလားထင်ရသည်။
တကယ်က လူတယောက်ရဲ့ဘဝမှာလည်း အသံတွေရှိသည်။ ဝှက်နေတဲ့
အဓိပ္ပါယ်တွေ၊ ငုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိသည်။ ဆိပ်ကမ်းတခုမှာ
စာကြောင်းတွေ ဆိုက်ကပ်မိတဲ့အခါ ခါးကိုဆန့်၍ ထရပ်လိုက်သည်။
တခါတလေ ကဗျာဆိုတာ ဒီလိုပဲ တိုးဝှေ့တိုက်ခတ်လာတတ်သည် မဟုတ်
လား။ ပိတ်မထားဖြစ်ပေမယ့် စိတ်တံခါးမှာ ဇာနားတပ်ခန်းစီးစလေးတွေက
လှုပ်ခါလို့..။
နှလုံးသားထဲကသစ်ရွက်တွေကို
လေတိုက်နေတယ်
သရက်ကိုင်းပေါ်မှာနားနေတဲ့ငှက်တကောင်
မှတ်စုစာအုပ်လေးထဲ
နေ့လည်ခင်းမင်အပြာနဲ့ရေးခြစ်
နှစ်ပေါင်းများစွာပေါင်းခဲ့တဲ့မိန်းမကလည်း
စစ်မျက်နှာတခုဖြစ်ခဲ့
အပေါ်ထပ်ကခြေသံကိုနားစွင့်
အပြင်မှာလေတိုက်သံ၊ ကားမောင်းဝင်လာသံ
မင်းသမီးကမင်းသားကိုပါးရိုက်လိုက်တဲ့အခန်းမှာ
လက်ကဘောပင်ကိုခဏချတယ်။
ဘဝအကြောင်းလား
အတွေးအခေါ်အကြောင်းလား
မအောင်မြင်တဲ့တိုက်ပွဲလား၊
ကဗျာမရေးဖြစ်ဘူး
မနေ့ညကမအိပ်ဖြစ်ဘူး
စောင့်နေတဲ့ဖုန်းကမလာဘူး၊
သစ်ရွက်တွေ မြက်ပင်တွေကို လေတိုက်နေတယ်
ခြံရှေ့ကဖြတ်သွားတဲ့လူက အိမ်ထဲကိုလှမ်းကြည့်တယ်
စားပွဲပေါ်က မဆေးရသေးတဲ့ကော်ဖီခွက်က
ဘယ်သူသောက်သွားတာလဲ။
ပျော်စရာတော့ အကောင်းသား
နေ့လည်ခင်းဂိမ်းတခုကိုတွေ့ရှိခဲ့ပြီ၊
ပြီးတော့ လူတွေကပြောမယ်
ဘာမှမရှိတဲ့အထဲက
တခုပြီးတခုဆွဲထုတ်မယ်
အနှစ်နှစ်အလလကြိုးပမ်းမှုတခုလို
ငါကခပ်တည်တည်နေလိုက်မယ်
အကိုက်အခဲပျောက်ဆေးလိုပဲ
တခါတရံဘဝနဲ့ဆော့ကြည့်မိပါတယ်
တကယ်က သိပ်နက်ဖို့မလို
အစနဲ့အဆုံးသာလိုတယ်
စ ထားတာတွေဆုံးဖို့လိုတယ်
လေတိုက်နေတဲ့သစ်ရွက်တွေဟာ
နှလုံးသားထဲမှာလှုပ်ခါနေဖို့လိုတယ်
ဘယ်သူမဆို
ကိုယ့်အရေပြားနဲ့ကိုယ်နေဖို့လိုတယ်၊
စာကြောင်းရေမသိ
စာလုံးရေမသိ
အလှမဲ့မဲ့
တရားမဲ့မဲ့
ထုပ်ပိုးခဲ့ပြီးပြီ။
မည်သို့ဖြစ်စေ
လူအဖြစ်နဲ့စခဲ့သလို
လူအဖြစ်နဲ့ဆုံးဖို့သာ
ပလပ်စတစ်ကုလားထိုင်ဆိုတာ
ရွှေ့ရပြောင်းရလွယ်ကူတယ်။ ။
Monday, September 3, 2007
အဝေးပြေးလမ်းမကြီးပေါ်မှာရပ်လို့မရဘူး
ကျနော့်အသံဟာမောနေတယ်
ကျနော့်အသံဟာအနားတွေဖွာနေတယ်
ကျနော့်အသံဟာဒယီးဒယိုင်ဖြစ်နေတယ်
ကျနော့်အသံဟာဂမူးရှုးထိုးပြေးနေတယ်
ကျနော့်အသံဟာလေနောက်လွင့်ပါသွားတယ်
ကျနော့်အသံဟာတဖြုတ်ဖြုတ်ကြွေကျနေတယ်
ကျနော့်အသံဟာပြေးလမ်းပိတ်နေတယ်
ကျနော့်အသံဟာမီးနီကိုမရပ်ပဲမောင်းတယ်
ကျနော့်အသံဟာတံခါးကိုတွန်းဖွင့်တယ်
လှေကားအတိုင်းပြေးဆင်းတယ်
ဘက်စ်ကားမမီဘူး
ခုံတန်းလျားမှာစိတ်ပျက်လက်ပျက်ထိုင်တယ်
အပြေးလေ့ကျင့်နေတဲ့ကောင်မလေးကိုငမ်းတယ်
ညနေစာ၊ အိပ်ယာ၊ ဘီယာဘား
ကိုယ့်ကိုယ်ကိုယ်စက်ဆုပ်တယ်
ခဏကြာတော့ဝမ်းနည်းပြီးငိုတယ်
မင်းကမူးရင်ငိုတယ်
မင်းကမူးရင်အကုန်လုံးပြောတယ်
မင်းကမူးရင်ကိုယ့်မိန်းမကိုလူတကာလိုက်ပေးတယ်
မင်းကမူးရင်အန်လိုက်ရမှ
အန်ဖတ်ကိုလက်ခုပ်နဲ့ခံတဲ့သူငယ်ချင်း
ဘလက်ကော်ဖီထဲသံပုရာသီးညှစ်ပေးတဲ့သူငယ်ချင်း
သူ့အိပ်ယာကိုပေးအိပ်တဲ့သူငယ်ချင်း
ချစ်လို့ယူခဲ့တဲ့ကဗျာကို
ဘာအကြောင်းပြချက်မှမပေးပဲကွာရှင်းခဲ့သူ...။
ကျနော့်အသံဟာခြေပစ်လက်ပစ်
မင်းကမူးရင်ကိုယ့်အိမ်မဟုတ်တဲ့တံခါးကိုခေါက်ရမှ
သူ့အချစ်ကခလေးတယောက်ပါတယ်
လူကြီးလူကောင်းဆန်လှတဲ့သူငယ်ချင်းရေ
အိုအောင်မင်းအောင်ဖူးပွင့်လိုက်
ဒီလမ်းပေါ်မြို့ကြီးတွေအပြင်းမောင်းနေစဉ်။ ။
နှင်းခါးမိုး
Sunday, September 2, 2007
သံခြေကျင်းခတ်လည်း ဒီခြေထောက်တွေက မရပ်ဘူး
ပြီးခဲ့တဲ့အပတ် လူလေးယောက်နဲ့ ကွင်းဖွင့်ခဲ့တဲ့ ညသန်းခေါင်လူဖမ်းပွဲဟာ မိုးလင်းတော့ ၁၃ ယောက်ဖြစ်သွားတယ်။ အဖမ်းအဆီးတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ သတင်းဌာနတွေရဲ့အဆိုအရ နောက်တပတ်အကြာမှာ လူ ၆၀ ကျော်သွားတယ်။ အခုတော့ တရာဝန်းကျင်ရှိသွားပါပြီ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ၀ိုင်းဝန်းကန့်ကွက်နေပေမယ့် အဖမ်းအဆီးတွေက ရပ်သွားမယ့်ပုံ မရှိသေးပါဘူး။ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ နိုင်ငံရေးလုပ်ချင် သူတွေလည်း ၀ရမ်းအထုတ်ခံရ၊ ဟိုပြေးဒီရှောင်ရ ဖြစ်နေပါတယ်။
အခု အဖမ်းခံရတဲ့သူတွေထဲက တော်တော်များများဟာ သူတို့ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ထောင်ထဲမှာ ဆုံးရှုံးခဲ့ကြရဘူးတဲ့ သူတွေပါ။ သူတို့ရဲ ပေးဆပ်မှုဟာ သိကြားမင်း မျက်ရည်ကျလောက်ပါတယ်။
၂၀၀၀ ခုနှစ်ဝန်းကျင်လောက် ထောင်ထဲကပြန်ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေစုစည်းပြီး အထဲမှာကျန်ရစ်ခဲ့တဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်း သားတွေအတွက် တတ်နိုင်သလောက် အားပေးကူညီနိုင်ဖို့ နယ်စပ်တနေရာမှာ အသင်းကလေးတခု ဖွဲ့ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ လို့ခေါ်ပါတယ်။
ဒီအသင်းက နယ်စပ်မှာ မြန်မာပြည်သူတွေရဲ့ဘ၀၊ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ကို ကမ္ဘာက စာနာနားလည်နိုင်ဖို့၊ မြန်မာ့ဒီမိုကရေစီရေး အပေါ် နိုင်ငံတကာက အားပေးထောက်ခံလာစေဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ တကယ့် ဘ၀အတွေ့အကြုံတွေကို အရင်းတည်ပြီး ပြခန်းကလေးတခု စီစဉ်ဖွင့်လှစ် ခဲ့ပါတယ်။
ဒီပြခန်းကလေးအကြောင်း မိတ်ဆက်စာတမ်းကလေးတခု ရေးဖြစ်ခဲ့တာကို အကြောင်းတိုက်ဆိုင်လာလို့ ဒီနေရာမှာ ထပ်မံဝေငှလိုက်ပါတယ်။
..........
နယ်စပ်မြို့ကလေးရဲ့တနေရာ သွပ်ဝင်းတံခါးဝထဲ ချိုးကွေ့ဝင်လိုက်ရင် သရက်ပင် အုပ်အုပ်နဲ့ မြေနီလမ်းကလေးရဲ့အဆုံးမှာ နှစ်ထပ်အိမ်ကလေးတလုံး ရှိပါတယ်။ အိမ်ဘေးကပ်ရက် ကားဂိုဒေါင်ဆန်ဆန် အခန်းကလေးရှေ့မှာ သံတိုင်တွေ စိုက်ထားတဲ့ ဘူးတံခါးလေးတချပ်ကို သင် တွေ့ရပါလိမ့်မယ်။ ခေါင်းလည်းငုံ့၊ ခွလည်းကျော်ရမယ့် ဒီတံခါးအသေးလေးနောက်မှာ သင့်ကို ဖိတ်ခေါ်နေတဲ့၊ နိုင်ငံရေးအကျဉ်းသားများပြခန်းလို့ခေါ်တဲ့ မှောင်မှောင်ကျဉ်းကျဉ်း အခန်းကလေးတခန်းရှိပါတယ်။ ပထမဆုံးအနေနဲ့ တံခါးရှေ့မှာ ခဏရပ်ပြီး အသက်၀၀ရှုလိုက်ဖို့ မမေ့ပါနဲ့။
ကဲ တံခါးကိုဆွဲဖွင့်လိုက်ပါ။
အခန်းထဲကို လှမ်းဝင်လိုက်ရင်ပဲ သင်ဟာ ချောက်ကမ္ဘာကြီးတခုထဲကို ပြုတ်ကျသွားသလို ခံစားရကောင်း ခံစားရလိမ့်မယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဒါဟာ နတ်ဆိုးတကောင်ရဲ့ထောင်ချောက် မဟုတ်ပါဘူး။ သာယာလှပတဲ့ ဒီကမ္ဘာမြေ ပေါ်က သင်တို့ရဲ့မေ့လျော့ခြင်းခံထားရတဲ့ အမှောင်မိုက်ဆုံး ထောင့်ကျဉ်းကလေး တခုပါ။ ဒီနေ့ မြန်မာပြည်သူတွေရဲ့ တကယ့်ဘ၀ပါ။ ဒါကို စိတ်ကူးစိတ်သန်းတွေ အတတ်ပညာတွေနဲ့ ဖန်တီးတင်ဆက်ထားတာ မဟုတ်ပါဘူး။ ( ကျနော်တို့ရဲ့ ကျဉ်စက်နဲ့အတို့ခံခဲ့ရတဲ့ နှလုံးသားတွေ၊ အိတ်မဲကြီးနဲ့ အစွတ်ခံခဲ့ရတဲ့ မျှော်လင့်ချက်တွေ၊ စစ်ဖိနပ်နဲ့ အနင်းခံခဲ့ရတဲ့ အိပ်မက်တွေ၊ သံခြေကျင်း အခတ်ခံခဲ့ရတဲ့ ရှင်သန်မှုတွေနဲ့ ခင်းကျင်းပြသထား တာပါ ) ချောက်ကမ္ဘာကြီးထဲမှ လူသားများအကြောင်း အမြည်းလောက်ဖေါ်ပြဖို့ ကြိုးစားထားတဲ့ ပြခန်းလေး တခန်းပါ။
သင့်ရဲ့ဘယ်ဘက်မှာ ပထမဆုံး မြန်မာပြည်မြေပုံကို တွေ့ရမယ်။
မြစ်ကြီးတွေ အသွယ်သွယ်စီးလို့၊ တောင်တန်းတွန့်ခေါက်ကြီးတွေ၊ မြေပြန့်လွင်ပြင် ကျယ်ကြီးတွေ၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ထူထပ်သစ်တောကြီးများ။ သင့်မျက်စိ ထဲမှာ ရေနံတွေ၊ ကျောက်သံပတ္တမြားတွေ၊ ကျွန်းသစ်တွေနဲ့ ကြွယ်ဝလှတဲ့ ရေထွက်မြေထွက်ပစ္စည်းတွေကို ပြေးမြင်မိလိမ့်မယ်။ ဟုတ်တယ်၊ ဒါတွေဟာ တချိန်တုန်းကတော့ ကျနော်တို့ပြည်သူတွေရဲ့ အိပ်မက်တွေ အနာဂါတ်တွေ ဖြစ်ခဲ့ဘူးတယ်။
အခုတော့ စစ်အာဏာရှင်တစုအတွက် ဒါတွေက အဆိပ်ပင်ကိုလောင်းတဲ့ရေ ဖြစ်ခဲ့ရတယ်။ သံချပ်ကာကားတွေ ဖြစ်ခဲ့တယ်၊ တိုက်လေယာဉ်ပျံတွေ ဖြစ်ခဲ့တယ်၊ အနုမြူဓါတ်ပေါင်းဖိုနဲ့ နိုင်ငံရပ်ခြား လျှို့ဝှက်ဘဏ်စာရင်းတွေ ဖြစ်ခဲ့ရတယ်။
ကျနော်တို့ပြည်သူတွေအတွက်တော့ အခုခင်ဗျားမြင်တဲ့အတိုင်း မြန်မာပြည် တနံတလျားမှာ ထောင်နံရံ အုတ်တံတိုင်းတွေ ဖြစ်လာခဲ့တယ်။ ကျနော်တို့ တကယ်ရလိုက်တာက အဲဒါပဲ၊
အားလုံပေါင်း သုံးဆယ့်ရှစ်ထောင် ရှိတယ်။ တည်နေရာ၊ မြို့အမည်နှင့်တကွ ဖေါ်ပြထားပါတယ်။ ပုံနှိုင်းပြောရရင် တောင်တိုင်းမှာ စန္ဒကူးမရှိပေမယ့် ထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်သားရှိတယ်လို့ ဆိုရမလို့ပါ။ ( ခိုးဆိုးလုယက်၊ လူသတ် မုဒိန်း အစရှိတဲ့ ဘာရာဇ၀တ်မှုတခုကိုမှ မကျုးလွန်ရပါပဲနဲ့၊ အမှန်တရားကို မြတ်နိုးမိလို့၊ အမှန်တရားဘက်က ရပ်တည်မိလို့၊ အမှန်တရားနဲ့ အဆက်အသွယ်ရှိလို့ ဆိုပြီး နံရံလေးဘက်ကြား အပို့ခံခဲ့ရတဲ့သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ် ) နိုင်ငံရေးအကျဉ်းသား တဦးတည်းပင် ဖြစ်စေ ထောင်ထဲမှာ ကျန်နေအုံးတော့ အမှန်တရားဟာ ထောင်ချခံနေရဆဲပဲလို့ ကျနော်တို့မှာ ပြောခွင့်ရှိတယ်။ အမှန်တရားကို ထောင်ချတဲ့သူဟာ အမှန်တရား ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။
ဒီမှာ ထောင်တွေရဲ့ ဓါတ်ပုံတွေ၊ ဖွဲ့စည်းပုံ ပုံကြမ်းတွေ၊ အခန်းအလည် စားပွဲပေါ်မှာက အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ရဲ့ ပုံစံငယ်နဲ့၊ ထောင်ထဲထည့် ထားပြီးတာတောင် နိုင်ငံရေးအကျဉ်းသားတွေကို အထီးကျန် သတ္တ၀ါတွေ ဖြစ်အောင် စံနစ်တကျ ပက်ပက်စက်စက် ကြံစည်တည်ဆောက်ထားတဲ့ တိရိစ္ဆာန်ရုံထဲက ကျားလှောင်အိမ်ဆန်ဆန် တိုက်ပုံစံငယ်လေးများ စတာတွေကိုလည်း ဆက်လက်တွေမြင်နိုင်တယ်။
ကားချပ်ပေါ်က ဓါတ်ပုံတွေကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို အတင်းအကြပ် သွတ်သွင်းထားတဲ့ ထောင်ပုံစံတွေ ဖြစ်ပါတယ်။ (ပုံစံ ဆိုတာ ထောင်စကားလုံးပါ) ပဒေသရာဇ်ခေတ်က အရှင်နဲ့ ကျေးကျွန် ဆက်ဆံ ရေးကို ထောင်အာဏာပိုင်နဲ့ အကျဉ်းသားကြားမှာ ထူထောင်ထားရှိပြီး အကျဉ်းထောင် ထဲရောက်လာတဲ့ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို အညွုန့်ချိုးဖို့ သေသေချာချာ ကြံစည်ထားတာပါ။ မော်ဖူးစေ ဆိုမှ ခေါင်းကိုမော့ခွင့်ရှိတဲ့ ရိုးရိုးပုံစံကစပြီး၊ သူတို့ရဲ့ ကျိုးကြောင်းဆီလျော်မှုကင်းမဲ့ပြီး စော်ကားအနိုင်ကျင့်တဲ့ စည်းကမ်းဥပဒေတွေကို အလွယ်တကူလက်ခံဖို့ အဆင်သင့် မဖြစ်သေးတဲ့သူတွေကို ပေးလေ့ရှိတဲ့ လူတယောက်ရဲ့ ခန္ဒာကိုယ်ကို မိနစ်စက္ကန့်နဲ့အမျှ ပင်ပန်းနာကျင်စေတဲ့ ပြစ်ဒဏ်ပုံစံကြီးအဆုံး ဖေါ်ပြထားပါတယ်။ တကယ်လို့ စစ်အာဏာရှင်စံနစ်သာ အမြစ်ခိုင်သွားခဲ့ရင် ဒီ ထောင်ပုံစံတွေဟာ နံရံလေးဘက်ရဲ့အပြင်က မြန်မာပြည်သူတရပ်လုံး လက်ခံလိုက်နာရမယ့် ပုံစံတွေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ (တကယ်တော့ စစ်အာဏာရှင်စံနစ် ဆိုတာကလည်း ဘောင်းဘီဝတ်ထားတဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စံနစ်ပါပဲ)
နောက်ကားချပ်တခုပေါ်မှာတော့ အကျဉ်းသားတွေ ရေငင်နေပုံကို သရုပ်ဖေါ် ထားတာ တွေ့ရပါလိမ့်မယ်၊ သရက်ထောင်ဆိုတာ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တဲ့ အဆိုးဆုံးထောင်တခု ဖြစ်ပါတယ်၊ အဲဒီမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ အတောင်နှစ်ဆယ်လောက်နက်တဲ့ တွင်းထဲကရေ ကို စည်ပိုင်းအသေးစားတလုံးနဲ့ လူရှစ်ယောက်အားကိုသုံးပြီး ဆွဲတင်ကြရတယ်။ တပုံး မဟုတ်ဘူး၊ နှစ်ပုံးမဟုတ်ဘူး။ တဆောင်လုံး တထောင်လုံးနီးပါး သုံးဖို့ ချိုးဖို့ ဆွဲခဲ့ကြရတယ်။ အဲဒါကို ထောင်အာဏာပိုင်တွေ ပြောဆိုပုံက ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းသဘော လုပ်ပေးထားတာပါတဲ့။ မဟာကရုဏာကြီးမားလှတဲ့ စစ်အစိုးရဆီက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အဲဒါပါပဲ။
ရဲဘက်လို့ခေါ်တဲ့ အလုပ်စခန်းအသီးသီးမှာရှိတဲ့ အကျဉ်းသားတွေရဲ့ မ၀ရေစာ စားရပြီး မတန်တဆ အခိုင်းခံနေရတဲ့ ဘ၀ကိုလည်း ဓါတ်ပုံတွေက ဆက်ပြောပြနေပါတယ်။ မောင်ထင်ရဲ့ ငဘသာ အဲဒီရဲဘက်စခန်းတွေကို ရောက်ခဲ့ရင် ဂျပန်ခေတ်ကချွေးတပ်စခန်းဆိုတာ ပန်းခင်းထဲမြင်းစီးရသလိုပဲလို့ မှတ်ချက်ချပါလိမ့်မယ်။ ဂျပန်တွေဟာ စစ်အစိုးရလောက်မပါးနပ်တဲ့အတွက် သူတို့ရဲ့ချွေးတပ်ကို လုပ်အားပေးလို့ မခေါ်တတ်ခဲ့ပါဘူး။ လုပ်အားပေးနဲ့ ရဲဘက် စခန်းဆိုတာကလည်း ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလို အဓိပါယ် သိပ်မဝေးပါဘူး။
ဒီနေ့ခေတ်ဟာ ပညာခေတ်တဲ့။ အရာရာကို ငြင်းပယ်လေ့ရှိတဲ့ စစ်အစိုးရကတောင် သံယောင်လိုက်ပြီး ပြောတတ်နေပါပြီ။ အဲဒီ့ပညာခေတ်ကလူတွေဟာ အရွယ်သုံးပါး စလုံးမှာ အမြဲမပြတ် လေ့လာဆည်းပူးနေကြရမှာ ဖြစ်ပါတယ်၊ ပညာခေတ်မရောက်ခင် လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်က တိုင်းတပါးသား နယ်ချဲ့ အစိုးရလက်ထက်မှာတောင် ထောင်ကျခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲမှာ စာပေဖတ်ရှုခွင့်၊ ရေးသားခွင့်၊ လေ့လာသင်ကြားခွင့်တွေ တရားဝင်ရရှိခဲ့ပေမယ့်၊ အခု ကိုယ့်အမျိုးသားအချင်းချင်း စစ်အစိုးရ လက်အောက်မှာတော့ စာပေဆိုတာ ဆေးပေါ့လိပ် ဖင်ဆီခံခွာပြီး ရှာဖတ်ရတဲ့ဘ၀ ရောက်နေပါပြီ။ ထောင်ဝင်စာမှာပါတဲ့ ဟင်းထုပ်လာတဲ့ သတင်းစာစက္ကူ လက်ဝါးလောက်ဆိုရင်တောင် ချိန်ကိုက်ဗုံး တလုံးကို ရှာတွေ့သလို ပြူးတူးပြဲတဲနဲ့ ဘူးဝမှာ အသိမ်းခံကြရပါတယ်။ အဲဒီလို ဆိုးဝါးစွာဖိနှိပ်ထားတဲ့ အခြေအနေကြားမှာကိုပဲ ကျနော်တို့နိုင်ငံရေးအကျဉ်းသား တွေဟာ လေ့လာသင်ကြားရေးနဲ့ ရဲဘော်ချင်းကြား ကူးလူးဆက်ဆံရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖန်တီးပြုလုပ်ခဲ့ကြတယ်။ ပလစ်စတစ်ပေါ်မှာ သံချောင်းနဲ့ခြစ်ပြီး စာရေးနည်း။ မှိန်ပျတဲ့ မီးရောင်အောက်မှာ နံရံပေါ်အရိပ်ဟပ်ပြီး ဖတ်နည်းတွေကို ဓါတ်ပုံထဲမှာသင်တွေ့ရလိမ့်မယ်။
စာရေးဆရာကြီးတယောက်က ထောင်ကို ဘ၀တက္ကသိုလ်လို့ခေါ်ဆိုခဲ့တယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အများကြီး လေ့လာ သင်ကြားခဲ့ကြတယ်။ ဖိနှိပ်သူက လေ့လာသင်ကြားရေး ကင်းဝေးပြတ်တောက်ပြီး ကျနော်တို့ရဲ့ အသိဥာဏ်တွေကို အကြောသေ သွားအောင် ရည်ရွယ်ခဲ့လေလေ ကျနော်တို့က လေ့လာသင်ကြားကြလေလေပဲ။
အခုသင်တွေ့နေရတဲ့ ရောင်စုံအိတ်လှလှလေးတွေ၊ ကြိုးပုတီးတွေ၊ ဆပ်ပြာနဲ့ ထုဆစ်ထားတဲ့ အရုပ်လေးတွေ၊ သိုးမွှေးလက်ကိုင်ပုဝါလေးတွေဟာ ကျနော်တို့ရဲ့ လေ့လာသင်ကြားရေးနဲ့ပတ်သတ်ပြီး အာဏာပိုင်အလိုကို ဆန့်ကျင်လှုပ်ရှားရင်းက ထွက်လာတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ စိတ်ရှည်မှု၊ အာရုံစူးစိုက်မှုနဲ့ အတတ်ပညာတစုံတရာ၊ ကျနော်တို့နိုင်ငံရေးအကျဉ်းသား တွေဟာ တကယ်ပဲ လေ့လာသင်ကြားခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသိဥာဏ်၊ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်စိတ်ဓါတ် တွေဟာ စစ်အစိုးရရဲ့အလိုကျ ထောင်ထဲမှာ သေဆုံးမသွားခဲ့တာဟာ ဒီလေ့လာသင်ကြားရေးကြောင့် ဖြစ်တယ်၊ ဒီလေ့လာ သင်ကြားရေးကြောင့်ပဲ စစ်အစိုးရဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ ကျနော်တို့နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ပြန်လည် စုရုံးမိကြခြင်း ဖြစ်ပါတယ်။
အမှန်တရားအတွက် တိုက်ပွဲဝင်တာဟာ လူသားရဲ့အမြင့်မားဆုံး အဓိပါယ်ဖြစ်ပြီး၊ အဲဒီလို တိုက်ပွဲဝင်နေသူတွေကို အသိအမှတ်ပြုတာ၊ အားပေးထောက်ခံတာ ဟာလည်း လေးနက်တဲ့ အနှစ်သာရဖြစ်တယ်။ တိုက်ပွဲဝင်အင်အားစုတွေနဲ့ ကမ္ဘာ့မိသားစုတို့ကြားက နွေးထွေးနီးကပ်တဲ့ ဆက်ဆံရေးနဲ့ အာဏာရှင်စံနစ်အပေါ် အဆုံးတနေ့ အောင်ပွဲခံရေးအဓိဌာန်ကို ကတ္တီပါဖုံးစားပွဲလေးပေါ် မီးမောင်းထိုးပြထားတဲ့ ဆုတံဆိပ်တွေမှာ တွေ့ရှိနိုင်ပါတယ်၊ ဒီဆုတံဆိပ်တွေဟာ ကျနော်တို့ရဲဘော်တွေရဲ့ အတ္တအဆာပြေမှုနဲ့ တကိုယ်ရည် အောင်မြင်ကျော်ကြားမှုတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာ ရင်ဘတ်ကရွှေကြယ်သီးတွေ မဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူတွေရဲ့ နာကျင်ပင်ပန်းနေတဲ့ ဘ၀တွေနဲ့ ဘယ်တော့မှ အငွေ့မသေနိုင်တဲ့ မတရားမှုဆန့်ကျင်ရေး စိတ်ဓါတ်တွေအပေါ် ကမ္ဘာကြီးရဲ့ အသိအမှတ်ပြု မှတ်တမ်းတွေပါ။
ထောင်ထဲကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းမှာ သေရွာပြန်မှတ်တမ်း ကိုယ်စီနဲ့ပါ၊ ဒီမှတ်တမ်းတွေကို ကမ္ဘာကသိအောင် ကျနော်တို့ ထုတ်ဝေခဲ့ကြ ပါတယ်။ နောင်လည်း ထုတ်ဝေနေကြမှာပါ။ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ မပြီးဆုံးသေးသမျှ ဒီမှတ်တမ်းတွေကလည်း ကုန်ဆုံးသွားမှာမဟုတ်ပါဘူး။ အခုပြသထားတဲ့ စာအုပ်တွေထဲမှာ အေအေပီပီက လောလောဆယ်ထုတ်ဝေထားတဲ့ ရှင်သန်ခြင်းအတွက် စိတ်ဓါတ်ခွန်အားကို သင်ဖတ်ကြည့်ပါ၊ ဧရာဝတီမဂ္ဂဇင်း မျက်နှာဖုံးပေါ်က ခြေကျင်းခတ်ခံထားရတဲ့ ခြေထောက်တစုံဟာ ဘယ်လိုဆက်လက် ရပ်တည် လျောက်လှမ်းခဲ့သလဲ။ မြန်မာပြည်သူတွေ အဖိနှိပ်ခံဘ၀မှာ ဘယ်လိုစိတ်ဓါတ်နဲ့ ဆက်လက်ရှင်သန် နေကြသလဲ။
ကျွန်ုပ်တို့၏ရင်ထဲမှ သင်တို့၏ရင်ထဲသို့ ပို့ဆောင်ဝေမျှလိုက်ပါတယ်။
ဒီအခန်းထဲက မထွက်ခင်မှာ သင့်ကိုနှုတ်ဆက်နေတဲ့ ဓါတ်ပုံတွေထဲက ရာပေါင်းများစွာသော မျက်နှာတွေဟာ ဒီနေ့စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ ကျနော်တို့ရဲ့ အလံမလှဲတဲ့ရဲဘော် ညီအကိုတော် နိုင်ငံရေး အကျဉ်းသားတွေပါ။ တချို့ဆို ကျခံနေရတဲ့ ထောင်ဒဏ်နှစ်တွေဟာ သူတို့ရဲ့ လက်ရှိအသက်ထက် ကြီးပါတယ်။
ဟုတ်ကဲ့၊ နှုတ်ဆက်လိုက်ပါတယ်။
သင်သွားလေရာ နေရာတိုင်းဆီ ကျနော်တို့ရဲ့ပြခန်းကလေးကို သင့်ကိုယ်နှင့်မကွာ ယူဆောင်သွားပေးပါ။ ကျေးဇူးတင်ပါတယ်၊ ၊

ရင်နဲ့ခင်းတဲ့ပြခန်းကလေး

Saturday, September 1, 2007
လွမ်းလိုက်တာ စိတ္တရလေခါ
..သြဂုတ်လ ၃၁ ရက်နေ့
လွန်ခဲ့တဲ့ဆယ်နှစ်က အခုလိုအချိန် ပါရီမြို့ရဲ့ ညချမ်းတခုမှာ ကားတိုက်မှု
တခုဖြစ်ခဲ့တယ်။ ပြောစရာတွေ တပုံကြီးကျန်ခဲ့တဲ့ ကမ္ဘာကျော်မတော်တဆမှု
ဟာ စိတ်ထိခိုက်လွယ်တဲ့လူတွေအတွက် ကြေကွဲစရာ လွမ်းပုံပြင်တပုဒ်
ဖြစ်ကျန်ခဲ့တယ်။
တနေကုန်ထုတ်လွှင့်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က ပန်းဈာပနမှာ
လေရူးရင့်အိုထဲက မီးဖယောင်းတိုင်ငယ် ဆိုတဲ့ အယ်တန်ဂျွန်ရဲ့အလွမ်းမှာ
နစ်မျောခဲ့ဘူးတယ်။ အင်္ဂလန်ရဲ့နှင်းဆီ ဘာ့ကြောင့် ကြွေလွင့်ခဲ့တာလဲ။
သူမဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေတဦးပါပဲ တဲ့။
မင်းသားဟယ်ရီက သူ့အမေကိုရည်စူးပြီး တကမ္ဘာလုံးကြားအောင်
မြည်တမ်းလိုက်တာပါ။ တကယ်တော့ သားတိုင်းအတွက် သူတို့အမေတွေဟာ
ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေ ဖြစ်နေမှာပါ။
ကျနော်ဟာ အမေ့ကို သတိရမိတယ်။
အမေက ကျနော့်ကို အဖေ့ဆီထားခဲ့တယ်။ အဖေကလည်း ကျနော့်ကို
အဖိုးအဖွားဆီမှာ ထားခဲ့တယ်။ အစမှာတော့ အမေနဲ့ တလခြားတခါ၊
နှစ်လခြားတခါ တွေ့ခွင့်ရပေမယ့် နောက်တော့ အမေ မလာတော့ဘူး။ ကျနော်လူပျိုပေါက်လောက်ဖြစ်တော့မှ အမေ့ကို ထုံ့ပိုင်းထုံ့ပိုင်းပြန်ဆုံဖြစ်တယ်။ ကျနော်ဟာ အမေ့ကို ချစ်ရကောင်းမှန်းလည်းမသိ၊
လွမ်းရကောင်းမှန်းလည်း မသိခဲ့ဘူး။ ဆွေမျိုးအရင်းကြီးမှန်း သိမှတ်ရုံထက်
မပိုဘူး။
မိုင်ပေါင်းများစွာဝေးတဲ့နေရာကိုရောက်နေချိန်မှာ တနေ့တော့
သတင်းစကားတခု ကျနော်ဆီရောက်လာတယ်။ ကျနော်တတ်နိုင်တာက
စကားလုံးတွေနဲ့ မျက်ရည်မပါတဲ့ ငိုကြွေးခွင့်။
............
သတင်းစကား
အမေ့ရဲ့နို့ရည်မဝခဲ့ပေမယ့်
အမေ့ရဲ့သားအိမ်ကို ခြေစုံကန်ခဲ့ဘူးသူပါ
အမေသေတာမငိုမိတဲ့အတွက်
သားကိုခွင့်လွှတ်ပါ။
သေမှပဲ အပြစ်တင်လိုက်ပါရစေ
အမေ ကျနော့်ကိုမွေးတာ မှားတယ်
ကျနော် လူဖြစ်လာရတာ မှားတယ်
လူ့အဖြစ်ဟာ မှားတယ်
အမှားတွေ ရှင်ကျန်ခဲ့ရတယ်။
မျက်ရည်တွေလည်းအတု
စကားလုံးတွေလည်းအတု
အမေ့ကိုနှုတ်ဆက်မယ့် ပန်းခြင်းလည်းအတု
အားလုံးအတုတွေချည့်
လူ့လောကဆိုတာ အတုကြီးပါ
ဒုက္ခတွေကတော့ စစ်တယ်။
အမေနဲ့သားဟာ
အမေနဲ့သားလို မနေခဲ့ရ
ဇတ်ဝင်ခန်းထဲခဏတွေ့သလို
ပြောရမယ့်စကားတွေပြောပြီး
သွားရမယ့်လမ်းသွားခဲ့ကြတယ်။
ကိုယ့်ဘဝနဲ့ကိုယ်နေခဲ့ပြီးမှ
အမေသေတော့
ကိုယ့်ထဲကတခုခုပါသေသွားသလို
ဒါ ဘာလဲ
ဘာအဓိပ္ပါယ်လဲ
သိသလိုလို
မသိသလိုလိုနဲ့
ရဲရဲလည်းဆွဲထုတ်မကြည့်ရဲဘူး
ဒီလိုနဲ့စကားလုံးတွေအထားမှားခဲ့
မှားပြန်ပြီအမေ။
အမှန်နဲ့အမှားဆိုတာမရှိဘူး
ဘဝပဲရှိတယ်တဲ့
လွမ်းလိုက်တာ စိတ္တရလေခါ
ကျနော့်အမေ မနေ့ကဆုံးတယ်။ ။
နှင်းခါးမိုး
၂၀၀၅
မနေ့က အမေဆုံးတယ်။
ဒီနေ့ညနေမှာ သိရတယ်။
ကိုယ့်ကို လူတယောက်အဖြစ် ခေါ်သွင်းခဲ့တဲ့အမေ အခုဆုံးပြီ။
တလျောက်လုံး ကိုယ်နဲ့အမေဟာ တစိမ်းလိုနေခဲ့ကြတယ်။
အမေဆုံးပြီဆိုတာသိရမှ ကိုယ်နဲ့အမေဟာ တစိမ်းတွေမဟုတ်ဘူးဆိုတာ
ခံစားမိတယ်။
အမေနဲ့ကိုယ့်ကြားမှာ ဘယ်တုန်းကမှ မတွေးခဲ့ဘူးတဲ့၊ ကြီးကြီးမားမားစပ်ဆက်
မှုကို တွေ့လိုက်ရတယ်။
တကယ်တော့ အမေ့ရဲ့အသွေးအသားတွေကို ဖဲ့ယူ၊ မှီတင်းပြီ လူ့အဖြစ်ကို
ရခဲ့တာပါလား။
မွေးပြီးနောက်ပိုင်း အမေနဲ့ပတ်သက်တဲ့ ခံစားမှုတွေ၊ အကြောင်းအရာတွေကိုပဲ
အမေလို့ ယူဆခဲ့မိတယ်။ တကယ်က အမေတယောက်ရဲ့ ဖြစ်တည်မှု ခမ်းနားမှု
ဆိုတာ ကိုယ်တိုင် ထိတွေ့ ခံစား နားလည်နိုင်စွမ်း မရှိခင် မတိုင်ခင်ကတည်းက
ရှိခဲ့တာဆိုတာ ရေးရေးသိမြင်လာခဲ့ချိန်မှာ နာကျင်မှုက တဆက်တည်းလိုက်
လာတယ်။
အမေနဲ့ကိုယ့်ကြားက ကြီးကြီးမားမားဆက်စပ်မှုဆိုတာကို ကြိုးစားပြီး
ပြောကြည့်နေတာပါ။ ပြောနိုင်ချင်မှလည်း ပြောနိုင်မယ်။ အဲဒီမိန်းမက
လောကကြီးကို သားတယောက် မွေးပေးခဲ့တယ်။ အဲဒီသားက လောကကြီးကို
ဘာတွေပေးနိုင်မလဲ၊ သူ့ကို ဘာတွေပေးနိုင်မလဲ စတာတွေကို မစဉ်းစားပဲ
မွေးပေးခဲ့တယ်။
အမေနဲ့ပတ်သက်တဲ့ သီချင်းတွေ၊ စာတွေ၊ ကဗျာတွေ ဘယ်တုန်းကမှ
လေးလေးနက်နက် မရှိခဲ့ဘူး။ အခု အမေဆုံးမှလည်း အဲ့ဒါတွေအပေါ်
မလေးနက်ချင်တော့ဘူး။ ကိုယ်တိုင် တခုခုပြောချင်နေပေမယ့် သူ့သားနဲ့ သူဟာ
တစိမ်းတွေဖြစ်ခဲ့ရတယ် ဆိုတာကိုပဲ သိသွားတဲ့အမေ့ကို ဘာမှ အသိပေးခွင့်
မရတော့ပါဘူး။
Subscribe to:
Comments (Atom)