Wednesday, September 5, 2007

ဇာခန်းစီးပေါ်က လိပ်ပြာတကောင်


၂၀၀၅ ခုနှစ်ရဲ့ နေလည်ခင်းတခုမှာဖြစ်သည်။ စိတ်က ဟာလာဟင်းလင်း။
လက်ထဲရောက်လာသည့် ဘောပင်တချောင်းကို ဟိုခြစ်ဒီခြစ်လုပ်ရင်း
စာရွက်ပေါ် စကားလုံးတချို့ အမှတ်မထင် ချရေးဖြစ်သွားသည်။
စကားလုံးတွေက မကြာခင် အသံတွေမြည်လာသည်။ အဓိပ္ပါယ်တွေ
လှုပ်ခါထွက်လာသည်။ ကစားပွဲတခုထဲ ကျွံကျသွားသလားထင်ရသည်။
တကယ်က လူတယောက်ရဲ့ဘဝမှာလည်း အသံတွေရှိသည်။ ဝှက်နေတဲ့
အဓိပ္ပါယ်တွေ၊ ငုပ်နေတဲ့ အဓိပ္ပါယ်တွေ ရှိသည်။ ဆိပ်ကမ်းတခုမှာ
စာကြောင်းတွေ ဆိုက်ကပ်မိတဲ့အခါ ခါးကိုဆန့်၍ ထရပ်လိုက်သည်။
တခါတလေ ကဗျာဆိုတာ ဒီလိုပဲ တိုးဝှေ့တိုက်ခတ်လာတတ်သည် မဟုတ်
လား။ ပိတ်မထားဖြစ်ပေမယ့် စိတ်တံခါးမှာ ဇာနားတပ်ခန်းစီးစလေးတွေက
လှုပ်ခါလို့..။


နှလုံးသားထဲကသစ်ရွက်တွေကို
လေတိုက်နေတယ်

သရက်ကိုင်းပေါ်မှာနားနေတဲ့ငှက်တကောင်
မှတ်စုစာအုပ်လေးထဲ
နေ့လည်ခင်းမင်အပြာနဲ့ရေးခြစ်
နှစ်ပေါင်းများစွာပေါင်းခဲ့တဲ့မိန်းမကလည်း
စစ်မျက်နှာတခုဖြစ်ခဲ့
အပေါ်ထပ်ကခြေသံကိုနားစွင့်
အပြင်မှာလေတိုက်သံ၊ ကားမောင်းဝင်လာသံ
မင်းသမီးကမင်းသားကိုပါးရိုက်လိုက်တဲ့အခန်းမှာ
လက်ကဘောပင်ကိုခဏချတယ်။

ဘဝအကြောင်းလား
အတွေးအခေါ်အကြောင်းလား
မအောင်မြင်တဲ့တိုက်ပွဲလား၊
ကဗျာမရေးဖြစ်ဘူး
မနေ့ညကမအိပ်ဖြစ်ဘူး
စောင့်နေတဲ့ဖုန်းကမလာဘူး၊
သစ်ရွက်တွေ မြက်ပင်တွေကို လေတိုက်နေတယ်
ခြံရှေ့ကဖြတ်သွားတဲ့လူက အိမ်ထဲကိုလှမ်းကြည့်တယ်
စားပွဲပေါ်က မဆေးရသေးတဲ့ကော်ဖီခွက်က
ဘယ်သူသောက်သွားတာလဲ။

ပျော်စရာတော့ အကောင်းသား
နေ့လည်ခင်းဂိမ်းတခုကိုတွေ့ရှိခဲ့ပြီ၊
ပြီးတော့ လူတွေကပြောမယ်
ဘာမှမရှိတဲ့အထဲက
တခုပြီးတခုဆွဲထုတ်မယ်
အနှစ်နှစ်အလလကြိုးပမ်းမှုတခုလို
ငါကခပ်တည်တည်နေလိုက်မယ်
အကိုက်အခဲပျောက်ဆေးလိုပဲ
တခါတရံဘဝနဲ့ဆော့ကြည့်မိပါတယ်
တကယ်က သိပ်နက်ဖို့မလို
အစနဲ့အဆုံးသာလိုတယ်
စ ထားတာတွေဆုံးဖို့လိုတယ်
လေတိုက်နေတဲ့သစ်ရွက်တွေဟာ
နှလုံးသားထဲမှာလှုပ်ခါနေဖို့လိုတယ်
ဘယ်သူမဆို
ကိုယ့်အရေပြားနဲ့ကိုယ်နေဖို့လိုတယ်၊

စာကြောင်းရေမသိ
စာလုံးရေမသိ
အလှမဲ့မဲ့
တရားမဲ့မဲ့
ထုပ်ပိုးခဲ့ပြီးပြီ။
မည်သို့ဖြစ်စေ
လူအဖြစ်နဲ့စခဲ့သလို
လူအဖြစ်နဲ့ဆုံးဖို့သာ
ပလပ်စတစ်ကုလားထိုင်ဆိုတာ
ရွှေ့ရပြောင်းရလွယ်ကူတယ်။ ။

No comments: