Sunday, September 2, 2007

သံခြေကျင်းခတ်လည်း ဒီခြေထောက်တွေက မရပ်ဘူး

ပီးခဲ့တဲ့အပတ် လူလေးယောက်နဲ့ ကွင်းဖွင့်ခဲ့တဲ့ ညသန်းခေါင်လူဖမ်းပွဲဟာ မိုးလင်းတော့ ၁၃ ယောက်ဖြစ်သွားတယ်။ အဖမ်းအဆီးတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ သတင်းဌာနတွေရဲ့အဆိုအရ နောက်တပတ်အကြာမှာ လူ ၆၀ ကျော်သွားတယ်။ အခုတော့ တရာဝန်းကျင်ရှိသွားပါပြီ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ၀ိုင်းဝန်းကန့်ကွက်နေပေမယ့် အဖမ်းအဆီးတွေက ရပ်သွားမယ့်ပုံ မရှိသေးပါဘူး။ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ နိုင်ငံရေးလုပ်ချင် သူတွေလည်း ၀ရမ်းအထုတ်ခံရ၊ ဟိုပြေးဒီရှောင်ရ ဖြစ်နေပါတယ်။
အခု အဖမ်းခံရတဲ့သူတွေထဲက တော်တော်များများဟာ သူတို့ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေကို ထောင်ထဲမှာ ဆုံးရှုံးခဲ့ကြရဘူးတဲ့ သူတွေပါ။ သူတို့ရဲ ပေးဆပ်မှုဟာ သိကြားမင်း မျက်ရည်ကျလောက်ပါတယ်။
၂၀၀၀ ခုနှစ်ဝန်းကျင်လောက် ထောင်ထဲကပြန်ထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေစုစည်းပြီး အထဲမှာကျန်ရစ်ခဲ့တဲ့ ရဲဘော်ရဲဘက် နိုင်ငံရေးအကျဉ်း သားတွေအတွက် တတ်နိုင်သလောက် အားပေးကူညီနိုင်ဖို့ နယ်စပ်တနေရာမှာ အသင်းကလေးတခု ဖွဲ့ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ လို့ခေါ်ပါတယ်။
ဒီအသင်းက နယ်စပ်မှာ မြန်မာပြည်သူတွေရဲ့ဘ၀၊ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ကို ကမ္ဘာက စာနာနားလည်နိုင်ဖို့၊ မြန်မာ့ဒီမိုကရေစီရေး အပေါ် နိုင်ငံတကာက အားပေးထောက်ခံလာစေဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ တကယ့် ဘ၀အတွေ့အကြုံတွေကို အရင်းတည်ပြီး ပြခန်းကလေးတခု စီစဉ်ဖွင့်လှစ် ခဲ့ပါတယ်။
ဒီပြခန်းကလေးအကြောင်း မိတ်ဆက်စာတမ်းကလေးတခု ရေးဖြစ်ခဲ့တာကို အကြောင်းတိုက်ဆိုင်လာလို့ ဒီနေရာမှာ ထပ်မံဝေငှလိုက်ပါတယ်။
..........
ရင်နဲ့ခင်းတဲ့ပြခန်းကလေး

နယ်စပ်မြို့ကလေးရဲ့တနေရာ သွပ်ဝင်းတံခါးဝထဲ ချိုးကွေ့ဝင်လိုက်ရင် သရက်ပင် အုပ်အုပ်နဲ့ မြေနီလမ်းကလေးရဲ့အဆုံးမှာ နှစ်ထပ်အိမ်ကလေးတလုံး ရှိပါတယ်။ အိမ်ဘေးကပ်ရက် ကားဂိုဒေါင်ဆန်ဆန် အခန်းကလေးရှေ့မှာ သံတိုင်တွေ စိုက်ထားတဲ့ ဘူးတံခါးလေးတချပ်ကို သင် တွေ့ရပါလိမ့်မယ်။ ခေါင်းလည်းငုံ့၊ ခွလည်းကျော်ရမယ့် ဒီတံခါးအသေးလေးနောက်မှာ သင့်ကို ဖိတ်ခေါ်နေတဲ့၊ နိုင်ငံရေးအကျဉ်းသားများပြခန်းလို့ခေါ်တဲ့ မှောင်မှောင်ကျဉ်းကျဉ်း အခန်းကလေးတခန်းရှိပါတယ်။ ပထမဆုံးအနေနဲ့ တံခါးရှေ့မှာ ခဏရပ်ပြီး အသက်၀၀ရှုလိုက်ဖို့ မမေ့ပါနဲ့။

ကဲ တံခါးကိုဆွဲဖွင့်လိုက်ပါ။
အခန်းထဲကို လှမ်းဝင်လိုက်ရင်ပဲ သင်ဟာ ချောက်ကမ္ဘာကြီးတခုထဲကို ပြုတ်ကျသွားသလို ခံစားရကောင်း ခံစားရလိမ့်မယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဒါဟာ နတ်ဆိုးတကောင်ရဲ့ထောင်ချောက် မဟုတ်ပါဘူး။ သာယာလှပတဲ့ ဒီကမ္ဘာမြေ ပေါ်က သင်တို့ရဲ့မေ့လျော့ခြင်းခံထားရတဲ့ အမှောင်မိုက်ဆုံး ထောင့်ကျဉ်းကလေး တခုပါ။ ဒီနေ့ မြန်မာပြည်သူတွေရဲ့ တကယ့်ဘ၀ပါ။ ဒါကို စိတ်ကူးစိတ်သန်းတွေ အတတ်ပညာတွေနဲ့ ဖန်တီးတင်ဆက်ထားတာ မဟုတ်ပါဘူး။ ( ကျနော်တို့ရဲ့ ကျဉ်စက်နဲ့အတို့ခံခဲ့ရတဲ့ နှလုံးသားတွေ၊ အိတ်မဲကြီးနဲ့ အစွတ်ခံခဲ့ရတဲ့ မျှော်လင့်ချက်တွေ၊ စစ်ဖိနပ်နဲ့ အနင်းခံခဲ့ရတဲ့ အိပ်မက်တွေ၊ သံခြေကျင်း အခတ်ခံခဲ့ရတဲ့ ရှင်သန်မှုတွေနဲ့ ခင်းကျင်းပြသထား တာပါ ) ချောက်ကမ္ဘာကြီးထဲမှ လူသားများအကြောင်း အမြည်းလောက်ဖေါ်ပြဖို့ ကြိုးစားထားတဲ့ ပြခန်းလေး တခန်းပါ။

သင့်ရဲ့ဘယ်ဘက်မှာ ပထမဆုံး မြန်မာပြည်မြေပုံကို တွေ့ရမယ်။
မြစ်ကြီးတွေ အသွယ်သွယ်စီးလို့၊ တောင်တန်းတွန့်ခေါက်ကြီးတွေ၊ မြေပြန့်လွင်ပြင် ကျယ်ကြီးတွေ၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ထူထပ်သစ်တောကြီးများ။ သင့်မျက်စိ ထဲမှာ ရေနံတွေ၊ ကျောက်သံပတ္တမြားတွေ၊ ကျွန်းသစ်တွေနဲ့ ကြွယ်ဝလှတဲ့ ရေထွက်မြေထွက်ပစ္စည်းတွေကို ပြေးမြင်မိလိမ့်မယ်။ ဟုတ်တယ်၊ ဒါတွေဟာ တချိန်တုန်းကတော့ ကျနော်တို့ပြည်သူတွေရဲ့ အိပ်မက်တွေ အနာဂါတ်တွေ ဖြစ်ခဲ့ဘူးတယ်။
အခုတော့ စစ်အာဏာရှင်တစုအတွက် ဒါတွေက အဆိပ်ပင်ကိုလောင်းတဲ့ရေ ဖြစ်ခဲ့ရတယ်။ သံချပ်ကာကားတွေ ဖြစ်ခဲ့တယ်၊ တိုက်လေယာဉ်ပျံတွေ ဖြစ်ခဲ့တယ်၊ အနုမြူဓါတ်ပေါင်းဖိုနဲ့ နိုင်ငံရပ်ခြား လျှို့ဝှက်ဘဏ်စာရင်းတွေ ဖြစ်ခဲ့ရတယ်။
ကျနော်တို့ပြည်သူတွေအတွက်တော့ အခုခင်ဗျားမြင်တဲ့အတိုင်း မြန်မာပြည် တနံတလျားမှာ ထောင်နံရံ အုတ်တံတိုင်းတွေ ဖြစ်လာခဲ့တယ်။ ကျနော်တို့ တကယ်ရလိုက်တာက အဲဒါပဲ၊

အားလုံပေါင်း သုံးဆယ့်ရှစ်ထောင် ရှိတယ်။ တည်နေရာ၊ မြို့အမည်နှင့်တကွ ဖေါ်ပြထားပါတယ်။ ပုံနှိုင်းပြောရရင် တောင်တိုင်းမှာ စန္ဒကူးမရှိပေမယ့် ထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်သားရှိတယ်လို့ ဆိုရမလို့ပါ။ ( ခိုးဆိုးလုယက်၊ လူသတ် မုဒိန်း အစရှိတဲ့ ဘာရာဇ၀တ်မှုတခုကိုမှ မကျုးလွန်ရပါပဲနဲ့၊ အမှန်တရားကို မြတ်နိုးမိလို့၊ အမှန်တရားဘက်က ရပ်တည်မိလို့၊ အမှန်တရားနဲ့ အဆက်အသွယ်ရှိလို့ ဆိုပြီး နံရံလေးဘက်ကြား အပို့ခံခဲ့ရတဲ့သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ် ) နိုင်ငံရေးအကျဉ်းသား တဦးတည်းပင် ဖြစ်စေ ထောင်ထဲမှာ ကျန်နေအုံးတော့ အမှန်တရားဟာ ထောင်ချခံနေရဆဲပဲလို့ ကျနော်တို့မှာ ပြောခွင့်ရှိတယ်။ အမှန်တရားကို ထောင်ချတဲ့သူဟာ အမှန်တရား ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။
ဒီမှာ ထောင်တွေရဲ့ ဓါတ်ပုံတွေ၊ ဖွဲ့စည်းပုံ ပုံကြမ်းတွေ၊ အခန်းအလည် စားပွဲပေါ်မှာက အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ရဲ့ ပုံစံငယ်နဲ့၊ ထောင်ထဲထည့် ထားပြီးတာတောင် နိုင်ငံရေးအကျဉ်းသားတွေကို အထီးကျန် သတ္တ၀ါတွေ ဖြစ်အောင် စံနစ်တကျ ပက်ပက်စက်စက် ကြံစည်တည်ဆောက်ထားတဲ့ တိရိစ္ဆာန်ရုံထဲက ကျားလှောင်အိမ်ဆန်ဆန် တိုက်ပုံစံငယ်လေးများ စတာတွေကိုလည်း ဆက်လက်တွေမြင်နိုင်တယ်။

ကားချပ်ပေါ်က ဓါတ်ပုံတွေကတော့ ထောင်ထဲမှာ အကျဉ်းသားတွေကို အတင်းအကြပ် သွတ်သွင်းထားတဲ့ ထောင်ပုံစံတွေ ဖြစ်ပါတယ်။ (ပုံစံ ဆိုတာ ထောင်စကားလုံးပါ) ပဒေသရာဇ်ခေတ်က အရှင်နဲ့ ကျေးကျွန် ဆက်ဆံ ရေးကို ထောင်အာဏာပိုင်နဲ့ အကျဉ်းသားကြားမှာ ထူထောင်ထားရှိပြီး အကျဉ်းထောင် ထဲရောက်လာတဲ့ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို အညွုန့်ချိုးဖို့ သေသေချာချာ ကြံစည်ထားတာပါ။ မော်ဖူးစေ ဆိုမှ ခေါင်းကိုမော့ခွင့်ရှိတဲ့ ရိုးရိုးပုံစံကစပြီး၊ သူတို့ရဲ့ ကျိုးကြောင်းဆီလျော်မှုကင်းမဲ့ပြီး စော်ကားအနိုင်ကျင့်တဲ့ စည်းကမ်းဥပဒေတွေကို အလွယ်တကူလက်ခံဖို့ အဆင်သင့် မဖြစ်သေးတဲ့သူတွေကို ပေးလေ့ရှိတဲ့ လူတယောက်ရဲ့ ခန္ဒာကိုယ်ကို မိနစ်စက္ကန့်နဲ့အမျှ ပင်ပန်းနာကျင်စေတဲ့ ပြစ်ဒဏ်ပုံစံကြီးအဆုံး ဖေါ်ပြထားပါတယ်။ တကယ်လို့ စစ်အာဏာရှင်စံနစ်သာ အမြစ်ခိုင်သွားခဲ့ရင် ဒီ ထောင်ပုံစံတွေဟာ နံရံလေးဘက်ရဲ့အပြင်က မြန်မာပြည်သူတရပ်လုံး လက်ခံလိုက်နာရမယ့် ပုံစံတွေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ (တကယ်တော့ စစ်အာဏာရှင်စံနစ် ဆိုတာကလည်း ဘောင်းဘီဝတ်ထားတဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်စံနစ်ပါပဲ)

နောက်ကားချပ်တခုပေါ်မှာတော့ အကျဉ်းသားတွေ ရေငင်နေပုံကို သရုပ်ဖေါ် ထားတာ တွေ့ရပါလိမ့်မယ်၊ သရက်ထောင်ဆိုတာ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တဲ့ အဆိုးဆုံးထောင်တခု ဖြစ်ပါတယ်၊ အဲဒီမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ အတောင်နှစ်ဆယ်လောက်နက်တဲ့ တွင်းထဲကရေ ကို စည်ပိုင်းအသေးစားတလုံးနဲ့ လူရှစ်ယောက်အားကိုသုံးပြီး ဆွဲတင်ကြရတယ်။ တပုံး မဟုတ်ဘူး၊ နှစ်ပုံးမဟုတ်ဘူး။ တဆောင်လုံး တထောင်လုံးနီးပါး သုံးဖို့ ချိုးဖို့ ဆွဲခဲ့ကြရတယ်။ အဲဒါကို ထောင်အာဏာပိုင်တွေ ပြောဆိုပုံက ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းသဘော လုပ်ပေးထားတာပါတဲ့။ မဟာကရုဏာကြီးမားလှတဲ့ စစ်အစိုးရဆီက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အဲဒါပါပဲ။

ရဲဘက်လို့ခေါ်တဲ့ အလုပ်စခန်းအသီးသီးမှာရှိတဲ့ အကျဉ်းသားတွေရဲ့ မ၀ရေစာ စားရပြီး မတန်တဆ အခိုင်းခံနေရတဲ့ ဘ၀ကိုလည်း ဓါတ်ပုံတွေက ဆက်ပြောပြနေပါတယ်။ မောင်ထင်ရဲ့ ငဘသာ အဲဒီရဲဘက်စခန်းတွေကို ရောက်ခဲ့ရင် ဂျပန်ခေတ်ကချွေးတပ်စခန်းဆိုတာ ပန်းခင်းထဲမြင်းစီးရသလိုပဲလို့ မှတ်ချက်ချပါလိမ့်မယ်။ ဂျပန်တွေဟာ စစ်အစိုးရလောက်မပါးနပ်တဲ့အတွက် သူတို့ရဲ့ချွေးတပ်ကို လုပ်အားပေးလို့ မခေါ်တတ်ခဲ့ပါဘူး။ လုပ်အားပေးနဲ့ ရဲဘက် စခန်းဆိုတာကလည်း ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလို အဓိပါယ် သိပ်မဝေးပါဘူး။

ဒီနေ့ခေတ်ဟာ ပညာခေတ်တဲ့။ အရာရာကို ငြင်းပယ်လေ့ရှိတဲ့ စစ်အစိုးရကတောင် သံယောင်လိုက်ပြီး ပြောတတ်နေပါပြီ။ အဲဒီ့ပညာခေတ်ကလူတွေဟာ အရွယ်သုံးပါး စလုံးမှာ အမြဲမပြတ် လေ့လာဆည်းပူးနေကြရမှာ ဖြစ်ပါတယ်၊ ပညာခေတ်မရောက်ခင် လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်က တိုင်းတပါးသား နယ်ချဲ့ အစိုးရလက်ထက်မှာတောင် ထောင်ကျခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲမှာ စာပေဖတ်ရှုခွင့်၊ ရေးသားခွင့်၊ လေ့လာသင်ကြားခွင့်တွေ တရားဝင်ရရှိခဲ့ပေမယ့်၊ အခု ကိုယ့်အမျိုးသားအချင်းချင်း စစ်အစိုးရ လက်အောက်မှာတော့ စာပေဆိုတာ ဆေးပေါ့လိပ် ဖင်ဆီခံခွာပြီး ရှာဖတ်ရတဲ့ဘ၀ ရောက်နေပါပြီ။ ထောင်ဝင်စာမှာပါတဲ့ ဟင်းထုပ်လာတဲ့ သတင်းစာစက္ကူ လက်ဝါးလောက်ဆိုရင်တောင် ချိန်ကိုက်ဗုံး တလုံးကို ရှာတွေ့သလို ပြူးတူးပြဲတဲနဲ့ ဘူးဝမှာ အသိမ်းခံကြရပါတယ်။ အဲဒီလို ဆိုးဝါးစွာဖိနှိပ်ထားတဲ့ အခြေအနေကြားမှာကိုပဲ ကျနော်တို့နိုင်ငံရေးအကျဉ်းသား တွေဟာ လေ့လာသင်ကြားရေးနဲ့ ရဲဘော်ချင်းကြား ကူးလူးဆက်ဆံရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖန်တီးပြုလုပ်ခဲ့ကြတယ်။ ပလစ်စတစ်ပေါ်မှာ သံချောင်းနဲ့ခြစ်ပြီး စာရေးနည်း။ မှိန်ပျတဲ့ မီးရောင်အောက်မှာ နံရံပေါ်အရိပ်ဟပ်ပြီး ဖတ်နည်းတွေကို ဓါတ်ပုံထဲမှာသင်တွေ့ရလိမ့်မယ်။
စာရေးဆရာကြီးတယောက်က ထောင်ကို ဘ၀တက္ကသိုလ်လို့ခေါ်ဆိုခဲ့တယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အများကြီး လေ့လာ သင်ကြားခဲ့ကြတယ်။ ဖိနှိပ်သူက လေ့လာသင်ကြားရေး ကင်းဝေးပြတ်တောက်ပြီး ကျနော်တို့ရဲ့ အသိဥာဏ်တွေကို အကြောသေ သွားအောင် ရည်ရွယ်ခဲ့လေလေ ကျနော်တို့က လေ့လာသင်ကြားကြလေလေပဲ။

အခုသင်တွေ့နေရတဲ့ ရောင်စုံအိတ်လှလှလေးတွေ၊ ကြိုးပုတီးတွေ၊ ဆပ်ပြာနဲ့ ထုဆစ်ထားတဲ့ အရုပ်လေးတွေ၊ သိုးမွှေးလက်ကိုင်ပုဝါလေးတွေဟာ ကျနော်တို့ရဲ့ လေ့လာသင်ကြားရေးနဲ့ပတ်သတ်ပြီး အာဏာပိုင်အလိုကို ဆန့်ကျင်လှုပ်ရှားရင်းက ထွက်လာတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ စိတ်ရှည်မှု၊ အာရုံစူးစိုက်မှုနဲ့ အတတ်ပညာတစုံတရာ၊ ကျနော်တို့နိုင်ငံရေးအကျဉ်းသား တွေဟာ တကယ်ပဲ လေ့လာသင်ကြားခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသိဥာဏ်၊ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်စိတ်ဓါတ် တွေဟာ စစ်အစိုးရရဲ့အလိုကျ ထောင်ထဲမှာ သေဆုံးမသွားခဲ့တာဟာ ဒီလေ့လာသင်ကြားရေးကြောင့် ဖြစ်တယ်၊ ဒီလေ့လာ သင်ကြားရေးကြောင့်ပဲ စစ်အစိုးရဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ ကျနော်တို့နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ပြန်လည် စုရုံးမိကြခြင်း ဖြစ်ပါတယ်။

အမှန်တရားအတွက် တိုက်ပွဲဝင်တာဟာ လူသားရဲ့အမြင့်မားဆုံး အဓိပါယ်ဖြစ်ပြီး၊ အဲဒီလို တိုက်ပွဲဝင်နေသူတွေကို အသိအမှတ်ပြုတာ၊ အားပေးထောက်ခံတာ ဟာလည်း လေးနက်တဲ့ အနှစ်သာရဖြစ်တယ်။ တိုက်ပွဲဝင်အင်အားစုတွေနဲ့ ကမ္ဘာ့မိသားစုတို့ကြားက နွေးထွေးနီးကပ်တဲ့ ဆက်ဆံရေးနဲ့ အာဏာရှင်စံနစ်အပေါ် အဆုံးတနေ့ အောင်ပွဲခံရေးအဓိဌာန်ကို ကတ္တီပါဖုံးစားပွဲလေးပေါ် မီးမောင်းထိုးပြထားတဲ့ ဆုတံဆိပ်တွေမှာ တွေ့ရှိနိုင်ပါတယ်၊ ဒီဆုတံဆိပ်တွေဟာ ကျနော်တို့ရဲဘော်တွေရဲ့ အတ္တအဆာပြေမှုနဲ့ တကိုယ်ရည် အောင်မြင်ကျော်ကြားမှုတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာ ရင်ဘတ်ကရွှေကြယ်သီးတွေ မဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူတွေရဲ့ နာကျင်ပင်ပန်းနေတဲ့ ဘ၀တွေနဲ့ ဘယ်တော့မှ အငွေ့မသေနိုင်တဲ့ မတရားမှုဆန့်ကျင်ရေး စိတ်ဓါတ်တွေအပေါ် ကမ္ဘာကြီးရဲ့ အသိအမှတ်ပြု မှတ်တမ်းတွေပါ။

ထောင်ထဲကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းမှာ သေရွာပြန်မှတ်တမ်း ကိုယ်စီနဲ့ပါ၊ ဒီမှတ်တမ်းတွေကို ကမ္ဘာကသိအောင် ကျနော်တို့ ထုတ်ဝေခဲ့ကြ ပါတယ်။ နောင်လည်း ထုတ်ဝေနေကြမှာပါ။ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ မပြီးဆုံးသေးသမျှ ဒီမှတ်တမ်းတွေကလည်း ကုန်ဆုံးသွားမှာမဟုတ်ပါဘူး။ အခုပြသထားတဲ့ စာအုပ်တွေထဲမှာ အေအေပီပီက လောလောဆယ်ထုတ်ဝေထားတဲ့ ရှင်သန်ခြင်းအတွက် စိတ်ဓါတ်ခွန်အားကို သင်ဖတ်ကြည့်ပါ၊ ဧရာဝတီမဂ္ဂဇင်း မျက်နှာဖုံးပေါ်က ခြေကျင်းခတ်ခံထားရတဲ့ ခြေထောက်တစုံဟာ ဘယ်လိုဆက်လက် ရပ်တည် လျောက်လှမ်းခဲ့သလဲ။ မြန်မာပြည်သူတွေ အဖိနှိပ်ခံဘ၀မှာ ဘယ်လိုစိတ်ဓါတ်နဲ့ ဆက်လက်ရှင်သန် နေကြသလဲ။
ကျွန်ုပ်တို့၏ရင်ထဲမှ သင်တို့၏ရင်ထဲသို့ ပို့ဆောင်ဝေမျှလိုက်ပါတယ်။

ဒီအခန်းထဲက မထွက်ခင်မှာ သင့်ကိုနှုတ်ဆက်နေတဲ့ ဓါတ်ပုံတွေထဲက ရာပေါင်းများစွာသော မျက်နှာတွေဟာ ဒီနေ့စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ ကျနော်တို့ရဲ့ အလံမလှဲတဲ့ရဲဘော် ညီအကိုတော် နိုင်ငံရေး အကျဉ်းသားတွေပါ။ တချို့ဆို ကျခံနေရတဲ့ ထောင်ဒဏ်နှစ်တွေဟာ သူတို့ရဲ့ လက်ရှိအသက်ထက် ကြီးပါတယ်။
ဟုတ်ကဲ့၊ နှုတ်ဆက်လိုက်ပါတယ်။
သင်သွားလေရာ နေရာတိုင်းဆီ ကျနော်တို့ရဲ့ပြခန်းကလေးကို သင့်ကိုယ်နှင့်မကွာ ယူဆောင်သွားပေးပါ။ ကျေးဇူးတင်ပါတယ်၊ ၊

No comments: