Wednesday, September 19, 2007

စက်တင်ဘာဟာ ဒီနေ့အထိ စီးဆင်းနေတယ်

စာရွက်တွေ ဘောပင်တွေ မမြင်ရမှ စာရေးချင်စိတ်က ယင်းထနေခဲ့တယ်။
နာရီဝက်လောက် ရေးချိုးပေးဆင်းတဲ့အခိုက်လေးမှာ လမ်းပေါ်က
သဲတွေခဲတွေကို ဆွပြီး အရေးအခင်းကာလ ထောင်မီးလောင်တုန်းက
ဒီဘက် တိုက်ဝင်းထဲ လွင့်စင်ကျခဲ့တဲ့ မီးသွေးဖြစ်နေတဲ့ သစ်သားစလေးတွေ
လိုက်ကောက်တယ်။ ပြီးတော့ စိတ်ထဲတေးပြီး ရေးဖြစ်တာလေးတွေ
အခန်းနံရံပေါ်မှာ ချရေးတယ်။ ညအိပ်ရင် နံရံပေါ်က စာပိုဒ်လေးတွေ
စိတ်ထဲ အလွတ်ကျတ်နေခဲ့တယ်။ တလာစီမယ်ကြားတာနဲ့ နံရံပေါ်က
စာတွေ အစအနမကျန်အောင် ဖျက်ပစ်ရပြန်ရော။
ရေးမှတ်သိမ်းဆည်းခွင့်မရတဲ့အခါ ကဗျာတွေကို စိတ်မှာ
အထပ်ထပ်ရွတ်ဖတ်ရင်း အလွတ်ရခဲ့တော့တယ်။

၁၉၉၀ ခုနှစ်ရဲ့ စက်တင်ဘာ ၂၅ ဟာ အင်းစိန်ထောင်ထဲက
နိုင်ငံရေးအကျဉ်းသားတွေအတွက် သမိုင်းဝင် တိုက်ပွဲနေ့ တနေ့ ဖြစ်ခဲ့တယ်။
၂၄ ရက်နေ့ညမှာ မနက်ဖြန်မနက် ဘာဖြစ်မယ်လို့ ကြိုမသိခဲ့ကြဘူး။
မိန်းမဆောင်နဲ့ ကြိုးတိုက်ဘက်ဆီက လက်ခုပ်သံတွေ အော်သံတွေကို မသဲမကွဲ
မကြားဖြစ်ခင် ညဦးပိုင်းမှာပဲ နောက်နေ့ကျမယ့် မွေးနေ့အတွက်
ရေးဖြစ်တဲ့ကဗျာတပုဒ်ကို တခြားအခန်းတွေအားလုံးကြားအောင်
ရွတ်ဆိုခဲ့တယ်။ မထင်မှတ်ပဲ တိုက်ပွဲအကြိုဖြစ်ခဲ့ရတာ
အခုနေပြန်တွေးမိတော့ မှတ်မှတ်ရရ ဖြစ်ရပြန်တယ်။

တနေ့လုံး အသံကုန်အော်ကြ၊ တခန်းတလှည့် မိန့်ခွန်းတွေပြောကြ၊
ကမ္ဘာမကြေသီချင်းဆိုကြ၊ လက်ခုပ်တီးကြ၊ ပန်းကန်ပြားတွေနဲ့ သံတိုင်တွေကို
ရိုက်ခတ်ကြ။ အပြင်ကလူတွေ ကြားမှစိုးလို့ အာဏာပိုင်တွေက ထောင်ရိုးပေါ်
အော်လံကြီးတင်ပြီး ဝင်းဦးရဲ့ အို အို့ အိုး မမမိုး မမမိုး သီချင်းကို
တနေကုန်ဖွင့်ထားခဲ့တာ။ ညနေမှာတော့ အင်အားအလုံးအရင်းနဲ့
တိုက်ခန်းကျဉ်းထဲ အပိတ်ခံထားရပြီး အသံနဲ့ပဲတိုက်နိုင်တဲ့သူတွေကို
ရက်ရက်စက်စက် ဝင်ရောက်ဖြိုခွင်းတာ ခံခဲ့ရ။ ခွေးလိုနွားလို ဆွဲထုတ်သွားတာ
ခံကြရ။ ကိုယ့်ခံနိုင်ရည်ကိုပဲ နှုတ်ခမ်းပေါ်တင်ပြီး ဖိကိုက်ထားခဲ့ရတဲ့နေ့တွေ..။
နှစ်တွေကြာခဲ့ပေမယ့် ထောင်ထဲမှာရေးဖြစ်တဲ့ ကဗျာတွေကို
အလွတ်ရသလို ဘာတခုကိုမှ မမေ့မပျောက်နိုင်သေး။

ဘဝကို နှစ်ကာလနဲ့ တိုင်းတာလိုသူတို့ သင်တို့ကြားဘူးပါစ
နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ် ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ
သူ့ကိုယ်ပိုင်စာမျက်နှာနဲ့သူ ရှိတယ်..၊
ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့ကျနော့်တို့ နေထိုင်ဖြတ်သန်းနေရတာက..။

ရွှေကလပ်ပေါ်မှာ
စစ်ဖိနပ်တင်ထားတဲ့ခေတ်

၁။
ဒီည
ခြင်ရယ် ဂျပိုးရယ်
သတိရမှုရယ်
တယ်ကိုက်ပါလား။

အိမ်ကအိပ်ယာတစ်ခြမ်း
ချစ်သူကိုငုံ့ကိုင်း၍နမ်းစဉ်
အခန်းကျဉ်းကလေးထဲရေငတ်ခဲ့။

သေချာတာက
အချစ်
တော်လှန်ရေး
ထောင်
လူငယ်ဘဝကိုမီးညှိ
လျာထဲခါးလာတဲ့ထိ ဖွာကြည့်မိခဲ့တာပ။

၂။
ကျခံစေ တဲ့၊
တရားဥပဒေကိုရွှေကလပ်ပေါ်တင်ထားတာ
ကြည့်လို့တော့ကောင်းပါရဲ့
ဒါပေမယ့် စင်မြင့်ပေါ်စစ်ဖိနပ်သံခပ်ပြင်းပြင်း
ခေတ်ကိုရှင်းလင်းဖော်ပြဖို့ရာ
ဒီ့ထက်ကောင်းတဲ့နမူနာ မရှိနိုင်တော့။

၃။
ကိုယ့်ကိုယ်ကိုတောင်
မမြင်ဘူးတာကြာပြီ၊
ရေအိုးထဲ ဘွားကနဲ တွေ့လိုက်ရ
အသက်ပြင်းပြင်းမရှုရဲ
ယုံကြည်ချက်ကိုခပ်တိုတိုညှပ်ပြီး
မသပ်မရပ်ဖြီးထားကာ
ခွက်အလွတ်တစ်လုံးလို
ဘာမှ ထည့်မထားတဲ့ မျက်နှာတစ်ခု
အဖုံးကို အသာပြန်ချထားလိုက်တယ်။

ထောင် ဆိုတာ
ရှင်နေတဲ့ လူတွေကို မြုပ်ထားတဲ့
အုတ်ဂူတစ်လုံးပေပဲ။

နှလုံးသားဂြိုဟ်တုက တစ်ဆင့်
သူမထံ သတင်းပို့လိုက်တယ်၊
ဒီမှာမင့်သူရဲကောင်း
ကိုယ့်ကိုယ်ကို စီးချင်းထိုးရင်း
ကျဆုံးသွားပြီလို့။

၄။
ဘဝနဲ့အိပ်မက်
ကျစ်ထားတဲ့ကြိုးတန်းပေါ်မှာ
ပျော့အိပျော့ဖတ် စိုထိုင်းထိုင်း
င့ါ ခန္ဒာကိုယ်ကြီး
မနက်ကျ ပြန်ကောက်ဝတ်ရပေဦးတော့မယ်။ ။


နှင်းခါးမိုး
၂၅ စက်တင်ဘာ ၁၉၉၀

3 comments:

clef said...

တော်လှန်ရေးသမားတစ်ယောက်ရဲ့ သန်မာ တဲ့ လက်အစုံဟာ လှပတဲ့ စိတ်ကူးတွေကို နူးညံ့စွာ ဖွဲ့သီနိုင်မယ်လို့ ထင်မထားမိခဲ့ဘူး။ တကယ်ကို လေးစားပါတယ်။

kay said...

ကိုဝေလင်းထွန်းရေ..လာလည်ရင်း..ကဗျာကိုဖတ်ပီး ..နာကျင်စွားစာနာ နားလည် ရပါတယ်။

MoeGyoThan said...

မြောင်းမြထောင်ထဲမှာ၂၀၀၃ခုကလျို ၀ှက်နားကြပ်လေးတစုံနဲ့ကမ္ဘာကြီးကိုနားစွင့်ပြီးnational profile ဆိုတဲ့သတင်းစာလေးကိုရဲဘော်တွေအတွက်နေ့စဉ်လုပ်ပေးနေတဲ့ကာလ။တညမှာ ဒီကဗျာကိုကဗျာအိုးဝေကနေကိုငြိမ်းဝေကရွတ်ခိုက်အသဲအသန်လက်ရေးတိုနဲ့လိုက်။မနက်ကျတော့နှင်းခါးမိုးရဲ့သူငယ်ချင်းေ၇းဖေါ်ကဗျာဆရာ-------ကိုတိတ်တိတ်လေးပြတော့အသဲအသန်အငမ်းမရဖတ်ရှာတာခုတိုင်အမှတ်၇နေပါတယ်။