Monday, October 15, 2012

သက်တံ့လက်ဆောင်



ထုပ်ပိုး ဖဲကြိုးချည် သူ့နာမည်လေးရေး 
ပို့လိုက်တယ်၊

အရောင်စိုကြွ လှပကွေးညွတ် ကျယ်ပြန့်လွတ်လပ် လတ်ဆတ်သန့်ရှင်း
ချစ်ခြင်းဖွဲ့ရာ ကမ္ဘာအသစ်၊

ဘာမှမမြဲတဲ့လောကကြီးကိုငေးကြည့်လိုက်တော့
ဘယ်တော့မှပျက်ပြယ်မသွားနိုင်တဲ့တဒင်္ဂတွေနဲ့
ရှုလို့မဆုံး။



Tuesday, October 9, 2012

ရှပ်အင်္ကျီဟောင်းလေးတထည်





နေလောင်လွန်းလို့
အကွက်မပေါ်တော့ဘူး
နေလောင်ဒဏ်ကိုတော့
ခံနိုင်တုန်းပါပဲ
ခါးလှဖို့မဟုတ်ဘူး
ဝမ်းဝဖို့ဝတ်ထားတာပါ
နဖူးကချွေး ခြေမမကျခင်
ရင်ဘတ်မှာကြယ်သီးလေးတလုံးကလည်းပြုတ်နေသေး
သနပ်ခါးထူထူ
အုတ်သဲကျောက်ဘိလပ်မြေမှုန့်ထူထူ
ဆေးသုတ်ပြီးစတိုက်အသစ်ကြီးကို လည်ပြန်ငေး
ဘယ်သူမှမကြားခဲ့ကြတဲ့ရှိုက်သံသဲ့သဲ့လေး
သံချည်သံကွေး သူ့ကောင်ကလေး။        ။


Wednesday, September 19, 2012

ငါ့မိတ်ဆွေတဦး



ပီဘိနှိမ်ချ
ပညာရှိဆန်ပြတာမဟုတ်
ရိုးသားမှုနဲ့ပြုံးတဲ့အခါ
ကမ္ဘာကြီးတောင်နွေးထွေးသွားစေနိုင်ရဲ့
ငါ့မိတ်ဆွေ။

ခွင့်လွှတ်ပါဗျာ
ခင်ဗျားလောက်မဖြောင့်တန်းနိုင်
ကျနော့်မှာကရှုတ်ရှုတ်ထွေးထွေး
နေ့စဉ်ကိစ္စတွေရှိရဲ့
မငြင်းဆန်နိုင်
မရှောင်လွှဲနိုင်
တခါတလေရွေးချယ်ခွင့်ကင်းမဲ့၊
လူ့ဘဝဆိုတာက
လက်တွေ့ကျဖို့ပိုလိုအပ်
စိတ်ကူးတွေအပင်မဖြစ်ထွန်းတဲ့
ဟောဒီဖုန်းဆိုးမြေမှာ
အနယ်အနှစ်တွေနဲ့
နေရထိုင်ရတာပါ 
ဝန်ခံတယ်။

ငါ့မိတ်ဆွေ
ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြရအောင်။

ညကတင်ရေးပြီးသွားတဲ့
ကဗျာအသစ်တွေနဲ့
မိတ်ဆွေရဲ့မျက်နှာ လင်းလို့
ကျနော်ရှာဖွေနေတာ
ကျနော့်အဓိပါယ်ကိုကျနော်
ရွေးချယ်ခဲ့တာ
နာကျင်ရ ပင်ပမ်းရ
ဒါပေမယ့်လှပပါတယ်။
မိတ်ဆွေကိုကြည့်ရင်း
ငါ သေးငယ်သွားလိုက်တာ
စီးကရက်တလိပ်သာဆို
ပြာမှုန်တွေချည့်ဖြစ်ရော့မယ်။

မိတ်ဆွေနဲ့ငါ
ပေါင်ချိန်စက်တခုအပေါ်
တခါက အတူတူတက်ဖူးကြ၊
ငါက တရာ့သုံးဆယ်
သူက တရာကိုသုံးပေါင်တောင်
လျော့လို့
ခင်ဗျားဒီလောက်မဖြစ်သင့်ဘူး
ကျန်းမာရေးလည်းဂရုစိုက်ဦး
ရုပ်သန်မာမှ
စိတ်ကူးတွေအပွင့်ဝေနိုင်မှာပေါ့
ကျနော်လည်းဒီလောက်မဖြစ်သင့်ဘူး
ဗိုက်ခေါက်ကြီးကအရစ်လိုက်
ကြိုးခုန်ရမယ်
အခုလိုအချိန်မျိုးမှာမှ
၀၀ဖြိုးဖြိုးဖြစ်နေတာ
နာမည်ပျက်တယ်ဗျ
နှစ်ယောက်သား ရယ်မောခဲ့ကြ။

သူကိုယ်သူ
အကြင်နာကင်းမဲ့စွာ ညှစ်ချနေရော့သလား မသိ
သူ့မျက်လုံးတွေက
အရိုးထဲဝှက်ထားတဲ့ကြယ်တွေလို
ချိုင့်ခွက်ပေမယ့် လက်ပလို့၊
ကြိုးတချောင်းလိုလှုပ်လဲ့
လမ်းကလေးပေါ်သူလျောက်လာတာ
လှမ်းတွေ့ရ
မွဲပြာပြာအရေပြားတွေအောက်မှာ
အနုပညာ အနာဂတ်နဲ့
ဖြောင့်မတ်မှုတရား
ရဲရင့်တဲ့သွေးကြောတို့ ထောင်ထ
နံရံတခုနဲ့ဖိချတောင်
မလဲမပြိုနိုင်ရှိပေလိမ့်
ငါ့မိတ်ဆွေ။

ကိုယ့်ကြောင့်လူဖြစ်လာတဲ့သူတွေအတွက်
ကိုယ့်မှာတာဝန်ရှိတယ်
ကျနော့်အဖေကို
ကျနော်စွဲချက်တင်ခဲ့သလို
ကျနော့်သားက
ကျနော့်ကိုစွဲချက်တင်မှာ
ကျနော်ကြောက်တယ်၊
ကျနော်ဒုက္ခ ကို ဝင်ကူထမ်းခဲ့တဲ့အတွက်
မိန်းမကိုဆပ်ရမယ့်အကြွေးတွေရှိတယ်။

မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
ဒီတော့မှသတိရ
လူတိုင်း ဘဝကိုယ်စီရှိကြတာပဲ
ငါ့လို အကြွေးတွေ၊ တာဝန်တွေ၊ ဆန ္ဒတွေ
အသီးသီးရှိကြတာ
ငါ့မှ ဖွဲ့ဖွဲ့နွ့ဲနွဲ့ပြောနေလို့
ဒါ မသင့်တော်ဘူး
ဒီလို ကိုယ့်အတွက်ကိုယ်ကြည့်ကြစတမ်းဆိုရင်
ပန်းတွေပွင့်အောင်ဘယ်သူစိုက်မလဲ
တောတွေကိုဘယ်သူခုတ်ထွင်ရှင်းလင်းမလဲ
ဆယ်စုတွေကိုလင်းထိန်အောင်
ဘယ်သူမီးထွန်းပေးမလဲ
မိတ်ဆွေက
ငြိမ်ငြိမ်သက်သက်နားထောင်လို့
အဲဒါကိုကရှက်စရာ
ခင်ဗျားရင်ထဲမှာ ဘာတွေပြောနေသလဲ
အားမနာပါနဲ့ဗျာ
ကျနော့်ကိုယ်ကျနော်တောင်
ရွံရှာလာရဲ့၊
ငါ့မိတ်ဆွေရှေ့
ငါ့စိတ်တွေ ရေနစ်ခဲ့ရ
အကြိမ်ကြိမ်ပါပဲ။

ခင်ဗျားလာပါ
မကြာခဏလာပေးပါ
ခင်ဗျားဟာ ကျနော့်ပါးကို
ခပ်ပြင်းပြင်းရိုက်တတ်တဲ့
မှန်တချပ်ဖြစ်တယ်၊
ဒါကြောင့် ခင်ဗျားလာပါ
ကျနော့်ကိုယ်ကျနော် ဆဲရေးဖို့
အကြိမ်ကြိမ်ပြန်ကောက်တင်ဖို့
ကျနော့်ရဲ့ညစ်ထေးမှုတွေကို
ခွေးတကောင်မဖြစ်သွားစေဖို့
ခင်ဗျားလိုအပ်တယ်
ခင်ဗျားလာရင်
ကျနော့်ရဲ့ကောက်ပင်တွေ
စိမ်းလန်းတယ်
ကျနော့်နှလုံးသားကိုလည်း
လှောင်အိမ်ထဲက
အပြင်ခဏလမ်းလျောက်ခွင့်ရစေတယ်
ဒါကြောင့် ခင်ဗျားလာပါ
ငါ့မိတ်ဆွေရေ။

ချစ်ခင်မှုတရားနဲ့
လက်ဖက်ရည်ဆိုင်သွားကြတာပေါ့။ ။

၁၉၉၄
ကမ်းရှာငှက်ကဗျာစာအုပ်



Saturday, September 1, 2012

မီးခိုးဖြူ


၁။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်။
ဆေးသိပ္ပံရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ကျနော်နဲ့ဆေးလိပ်
ရဲဘော်စိတ်နဲ့လက်တွဲ
ဘဝထဲမှာ၊ မခွဲသာ။
၂။
ငါးသုံးလုံး မာဘယ်ရို
ကင့် ဝင်စတန်
အဖိုးတန်ဆေးလိပ်
နှုတ်ဖျားမချိတ်နိုင်ခဲ့။
ဒူးယားနဲ့ခပေါင်းတောင်
အကြောင်းသင့်မှ၊ ပေါင်းခွင့်ရခဲ့။

အကုန်အကျသက်သာ
အားရပါးရဖွာရှိုက်
ညိမ်းလိုက် ညှိလိုက်နဲ့
နှုတ်ဖျားကိုက်စို၊ တိုချင်တို
ဆေးပေါ့လိပ်ဆိုတာ
ရိုးရာအံကိုက်၊ ကျနော့်အကြိုက်။

၃။
တခါတခါ
ဘဝမှာ
စိတ်ကူးရေပြင်
မကြည်လင်တဲ့အခါ၊
စိတ်ကူးတိမ်မျှင်
လွင့်ချင်ရာလွင့်တဲ့အခါ၊
စိတ်ကူးသစ်ရွက်
ညှာခက်ပြုတ်ကြွေ
လေချင်ရာလေတဲ့အခါ၊

အဖော်ဆေးလိပ်၊ နှုတ်ဖျားချိတ်
ဖွဲ့သိပ်ရစ်ဝဲ၊ မီးခိုးထဲ
ပြိုကွဲပျော်ဝင်၊ ကကြိုးဆင်ရင်း
ငြိမ်သက်ခြင်းကို ရှာခဲ့ရ။

၄။
ဆေးလိပ်သောက်ခြင်းဟာ
သင့်ကျန်းမာရေးအတွက်
အနှောက်အယှက်တခုဖြစ်တယ်ဆိုတဲ့
ဆေးသိပ္ပံရဲ့စေတနာစကား
လေးစားပါရဲ့၊ ဒါပေမယ့်။

ဆေးလိပ်မီးခိုးဆိုတာ
စိတ်ကိုချည်တဲ့ကြိုးဖြစ်တယ်။  ။

စံပယ်ဖြူ ၁၉၈၇

Thursday, August 30, 2012

ပုတီးကြိုးပြတ်


 

တိတ်တိတ်ဆိတ်ဆိတ် တိတ်တိတ်ဆိတ်ဆိတ်
ပိတ်ပိတ်သိပ်သိပ် ပိတ်ပိတ်သိပ်သိပ်
တလိပ်လိပ်တရိပ်ရိပ် တလိပ်လိပ်တရိပ်ရိပ်
တထိတ်ထိတ်တဒိတ်ဒိတ် တထိတ်ထိတ်တဒိတ်ဒိတ်
ကြိတ်မှိတ်အိပ်အိပ် ကြိတ်မှိတ်အိပ်အိပ်
စိတ်စိတ်စိပ်စိပ် စိတ်စိတ်စိပ်စိပ်။

တလိပ်လိပ်တရိပ်ရိပ် တိတ်ဆိတ်ပိတ်သိပ်
စိတ်စိတ်စိပ်စိပ် ကြိတ်မှိတ်အိပ်အိပ်
တရိပ်ရိပ်ပိတ်သိပ် တထိတ်ထိတ်ဒိတ်ဒိတ်
စိတ်စိပ်ကြိတ်မှိတ်  စိတ်စိပ်အိပ်အိပ်။ ။

Saturday, May 5, 2012

ပြဇာတ်














လေထဲမှာ
အသံတွေ မပျံ့နှံ့ခင်…၊
နေရောင်က
သူ့ကိုယ်သူ ဖုန်မသုတ်ခင်…၊
ပန်းပွင့်တွေ
အလှ မပြင်ခင်…၊
လက်ဖက်ရည်ဆိုင်က
အိပ်နေတဲ့ထိုင်ခုံတွေ
မတ်တပ် ပြန်မရပ်ခင်…၊
ငိုက်မြည်းနေဆဲ အုန်းလက်တွေပေါ်မှာ
နှင်းစက်တွေ အရည်မပျော်ခင်…၊
မီးကင်းစောင့်က
သူ့အိပ်ရာ သူ မလိပ်ခင်…၊
သွေးဝနေတဲ့ခြင်တွေက
ညကို ကျေးဇူးတင်တဲ့အကြောင်း
မပြောရသေးခင်…၊
တံခါးပတ္တာတွေ
မျက်တောင်မခတ်ခင်...။
ကတ္တရာလမ်းမပေါ်မှာ
ဖိနပ်တွေ အတောင်ပံ မဖြန့်ခင်…။

အဝေးမြို့ကို ထွက်ခွာမယ့်
မီးရထား တစ်စီးပေါ်မှာတော့
ဖော်ပြဖို့မဆန့်တဲ့ ကြေကွဲမှုတွေနဲ့
ငြိမ်သက်အေးခဲစွာ
ကျွန်တော် လိုက်ပါသွားခဲ့တယ် …။ ။
 
စံပယ်ဖြူမဂ္ဂဇင်း
မေ၊ ၁၉၈၈

Credit to Kyi Soe(ဝေးခေါင်)

(လွန်ခဲ့တဲ့နှစ်အစိတ်လောက်က ကသာ - နဘား ရထားလမ်းပေါ် အေးစက်နေတဲ့ သံကိုယ်ထည်တွဲဟောင်းကြီးပေါ် လိုက်ပါခဲ့တဲ့ခံစားချက်က ခုထိ အဝေးမြို့က မပြန်နိုင်တဲ့လူပေါ်မှာ တအိအိနဲ့ခုတ်မောင်းနေဆဲ။)

Friday, April 6, 2012

ဘယ်သွားမှာလဲမောင်ရေခဲ



မီးရထားကထွက်သွားပြီ
လူသူရှင်းလင်းဘူတာစင်္ကြန်ထဲ
အထီးကျန်ထိုင်ခုံ
ခရီးဆောင်လက်ဆွဲအိတ်
လေ့လွင့်ခွေးပိန်တကောင်ကသမ်းဝေလို့
မြေကြွက်တကောင်ကအစာရှာပြေးလွှား
ဘူတာနောက်ကလယ်ကွင်းထဲလူသွားလမ်းကလေးပေါ်
တခါကအပြာရောင်ထီးနဲ့ မမထားကိုသတိရ
အဲဒီတုန်းကယူကလစ်ပင်ကလေးတွေအခုဘယ်မှာလဲ
အားလုံးကထားခဲ့ပြီ
အားလုံးကိုထားခဲ့ပြီ
သုံးမရတော့တဲ့လက်မှတ်ကိုသာ
လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်မိရဲ့
ဟောဒီမိုးဖွဲကလေးများကိုတော့ဖြင့်
မစဲစေချင်သေးပါ။ ။

Wednesday, February 15, 2012

ထောင်ဖောက်သူ



(အတွင်းနဲ့အပြင်၊ အသံနဲ့အာကာသ
ငါတို့ထွက်ပြေးကြပါစို့)


အပြင်ကိုခုန်ထွက်လိုက်တာ တွင်းတခုထဲပြုတ်ကျတယ်
အပြင်အပမြင်ရတဲ့အရာတွေထဲ ငါတို့ဖမ်းချုပ်အကျဉ်းချခံရတဲ့အခါ ဖေါက်ထွက်ဖို့ကြိုးစားကြတယ် ငါတို့တွန်းလှန်တယ် မြင်ရတဲ့အရာတွေရဲ့ဟိုဘက်ပြေးထွက်တယ် ပြေးနိုင်ရင်လွတ်မယ်ထင်တယ် ဗဟိဒ္ဓတွေကိုအစစ်လို့ထင်တယ် ပျို့တက်လာတာတွေကိုမျိုမျိုချတယ် ဒါမှမဟုတ်အော်ဟစ်ပစ်လိုက်တယ်
ပေါက်ကွဲမှုတွေမှာတခါတရံလမ်းသစ်ရှာတယ် အသံတွေကိုဘာသာပြန်တဲ့အကျင့်ကပါနေပြီ
အသံတွေကိုအသံတွေအတိုင်းရွတ်ဖတ်ဖို့လိုတယ် စကားလုံးတွေနဲ့တိုက်တိုက်မကြည့်ပါနဲ့
အသံတွေကိုအသံတွေအတိုင်းစိတ်ထဲနှစ်လိုက် အသံတွေကိုအသံတွေအတိုင်းစီးပါသွားလိုက်
ခံစားဖို့ထက်နားလည်ဖို့ကပိုအရေးကြီးနေရင် ခုန်ထွက်လိုက်တိုင်း တွင်းထဲကျကျနေမှာပဲ
အဇ္ဇတ္တထဲဘယ်တံခါးပေါက်ကဝင်မလဲ တံခါးတိုင်းပွင့်နေတာတော့မဟုတ်ဘူးပေါ့ ဒါပေမယ့်တွန်းဖွင့်လိုက်ပါ
မင်းအဝင်ချင်ဆုံးတံခါးပေါက်ကိုသာမင်းတွန်းဖွင့်လိုက်ပါ ပထမဆုံးအရေးကြီးတာကဖွင့်မိဖို့ပဲ
ခုန်ဆင်းလိုက်မိပြီလို့ထင်ကောင်းထင်မယ် အတွင်းထဲဝင်တာပိတ်မိတယ်ထင်မယ်
တကယ်ကအာကာသဆိုတာနေရာတိုင်းမှာရှိတာ မော့မော့ကြည့်ရတိုင်းလှမ်းလှမ်းကြည့်ရတိုင်း
ဟိုးအဝေးမှာအဝေးအဝေးတနေရာမှာ အာကာသဆိုတာကိုယ်နဲ့အဝေးကြီးမှာအဲလိုမဟုတ်ဘူး
အဇ္ဇတ္တထဲမှာမြက်ခင်းတွေစိမ်းစိုနေတယ် ငါဟာမြင်းတကောင်လိုခုန်ပေါက်ပြေးလွှားမယ်
တကယ်ကလွတ်မြောက်မှုဆိုတာ ငါတို့အတွင်းထဲမှာ
နားမလည်နိုင်တဲ့အရောင်တွေစုတ်ချက်တွေကြားမှာ ဘာမှန်းမသဲကွဲတဲ့အသံတွေထဲမှာ
နားလည်ဖို့မလိုဘူး အဓိပ္ပယ်မလိုဘူး
သံလမ်းပေါ်ကရထားတစင်းလို ကိုယ့်ခံစားချက်ပေါ်မှာကိုယ်ခုတ်မောင်းနေဖို့ပဲ
ကိုယ့်ရှင်သန်မှုကို ခဏတာတောက်လောင်မှုလို့သိရင်
အဇ္ဇတ္တနဲ့ဗဟိဒ္ဓနယ်ခြားမှာ လှည့်စားမှုတွေကိုထားခဲ့ပစ်လို့ရတယ်



Wednesday, February 8, 2012

ကြောင်တကောင်နဲ့ သစ်ရွက်တရွက်





ဒါဟာ
ဇာတ်ခုံတခုံဖြစ်သတဲ့။

ခုတော့
ပရိတ်သတ်လည်းမရှိ
ဇာတ်အဖွဲ့လည်းမရှိ
ကတ္တီပါကားလိပ်လည်းမရှိ၊

ဒီခုံပေါ်မှာပဲ
ဇာတ်လမ်းတွေအမျိုးမျိုး စခဲ့ ဆုံးခဲ့
ပြိုးပြိုးပြက်ပြက်တွေ
အမှောင်နဲ့ခြောက်ခြားမှုတွေ
ပြီးတော့ နောက်ခံကားလိပ်တွေကလည်း
အမျိုးမျိုးပြောင်းလဲခဲ့။

ပျော်ရွှင်ဖွယ်
လွမ်းဆွတ်ဖွယ်
ငြိမ့်ငြောင်း
မြူတူးကခုန်
တီးလုံးတွေ တေးတွေ အစုံစုံအပြားပြား၊

မျက်ရည်နဲ့
လက်ခုပ်သံတွေ
ခုတော့ဘယ်မလဲ။

ရုံလုံးပြည့်ထိုင်ခုံတွေကြားမှာ
သူတယောက်တည်း
ဇာတ်ခုံကြီးကို ကြည့်လို့
ဇာတ်ပွဲကြီးကိုကြည့်လို့၊

သူ့အတွက်တော့
အင်မတန်ခမ်းနားတဲ့ မဟာဇာတ်တော်ကြီး
သူကိုယ်တိုင်စီစဉ်တင်ဆက်
သူကိုယ်တိုင်သရုပ်ဆောင်ကပြ
သူကိုယ်တိုင်အားပေးရှုစား၊

သူအသက်ပြင်းပြင်းရှုလိုက်စဉ်
ကြောင်တကောင်ဇာတ်ခုံပေါ်ခုန်ဆင်းလာ
တဦးတည်းသောပရိတ်သတ်ကြီး သူ့ကို
ဦးညွတ်သလိုလို
မောက်မာစော်ကားသလိုလို
ကဲ့ရဲ့ဟားတိုက်သလိုလို
မထီမဲ့မြင်သရော်သလိုလို
လောကဓမ္မ ဆိုဆုံးမသလိုလို
ဆုလာဘ်တခုခုတောင်းခံသလိုလို
အမျိုးမျိုးသရုပ်ဆောင်ပြီးတဲ့နောက်
ဇာတ်ခုံကြမ်းပြင်ပေါ်ကဖုန်တွေပေါ်
သူ့ခြေရာတွေ ထင်ထင်ရှားရှား တလှမ်းချင်း တလှမ်းချင်း ထားသွား၊

မရှိတဲ့သံစုံတီးဝိုင်းကြီးက
တိတ်ဆိတ်မှုကို သံပြိုင်တီးမှုတ်ချလိုက်တယ်။

ဒီဇာတ်ခုံကြီးပေါ်မှာ
သစ်ရွက်ကလေးတရွက်ကလည်း
တောကြီးတတောအကြောင်း ကပြခဲ့ဘူးသတဲ့။ ။


Tuesday, February 7, 2012

ခဲနေတဲ့နေ့



ခဲနေတဲ့အိုင်
ခဲနေတဲ့မြစ်
ခဲနေတဲ့ကောင်၊

ခဲနေတဲ့အိုင်အောက်မှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့အိုင်ပေါ်ကငှက်တွေက
ငံလင့်စောင့်မျှော်နေကြ။

ခဲနေတဲ့မြစ်အောက်မှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့မြစ်ပေါ်က
လှေသင်္ဘောတွေက လိုအပ်နေကြ။

ခဲနေတဲ့ကောင်ထဲမှာ
ကူးခတ်နေတဲ့ငါးလေးတွေကို
ခဲနေတဲ့ကောင်ထဲမှာ
စီးနေတဲ့ရေတွေကို
ခဲနေတဲ့ကောင်က
မစောင့်မျှော် မငံလင့်တော့ဘူး
မလိုအပ်တော့ဘူးဆိုတာ
ဟောဒီ ပဉ္စမဆယ်စုနှစ်ကြီးသိအောင်
အော်ပြောလိုက်တယ်။

တဆောင်းလုံးသူ့သစ်မြစ်ထဲ သူသေဆုံးနေခဲ့တဲ့
ကျုးလစ်ပန်းကလေး
လန့်နိုးလာတဲ့အထိ။ ၊