
ဒါဟာ
ဇာတ်ခုံတခုံဖြစ်သတဲ့။
ခုတော့
ပရိတ်သတ်လည်းမရှိ
ဇာတ်အဖွဲ့လည်းမရှိ
ကတ္တီပါကားလိပ်လည်းမရှိ၊
ဒီခုံပေါ်မှာပဲ
ဇာတ်လမ်းတွေအမျိုးမျိုး စခဲ့ ဆုံးခဲ့
ပြိုးပြိုးပြက်ပြက်တွေ
အမှောင်နဲ့ခြောက်ခြားမှုတွေ
ပြီးတော့ နောက်ခံကားလိပ်တွေကလည်း
အမျိုးမျိုးပြောင်းလဲခဲ့။
ပျော်ရွှင်ဖွယ်
လွမ်းဆွတ်ဖွယ်
ငြိမ့်ငြောင်း
မြူတူးကခုန်
တီးလုံးတွေ တေးတွေ အစုံစုံအပြားပြား၊
မျက်ရည်နဲ့
လက်ခုပ်သံတွေ
ခုတော့ဘယ်မလဲ။
ရုံလုံးပြည့်ထိုင်ခုံတွေကြားမှာ
သူတယောက်တည်း
ဇာတ်ခုံကြီးကို ကြည့်လို့
ဇာတ်ပွဲကြီးကိုကြည့်လို့၊
သူ့အတွက်တော့
အင်မတန်ခမ်းနားတဲ့ မဟာဇာတ်တော်ကြီး
သူကိုယ်တိုင်စီစဉ်တင်ဆက်
သူကိုယ်တိုင်သရုပ်ဆောင်ကပြ
သူကိုယ်တိုင်အားပေးရှုစား၊
သူအသက်ပြင်းပြင်းရှုလိုက်စဉ်
ကြောင်တကောင်ဇာတ်ခုံပေါ်ခုန်ဆင်းလာ
တဦးတည်းသောပရိတ်သတ်ကြီး သူ့ကို
ဦးညွတ်သလိုလို
မောက်မာစော်ကားသလိုလို
ကဲ့ရဲ့ဟားတိုက်သလိုလို
မထီမဲ့မြင်သရော်သလိုလို
လောကဓမ္မ ဆိုဆုံးမသလိုလို
ဆုလာဘ်တခုခုတောင်းခံသလိုလို
အမျိုးမျိုးသရုပ်ဆောင်ပြီးတဲ့နောက်
ဇာတ်ခုံကြမ်းပြင်ပေါ်ကဖုန်တွေပေါ်
သူ့ခြေရာတွေ ထင်ထင်ရှားရှား တလှမ်းချင်း တလှမ်းချင်း ထားသွား၊
မရှိတဲ့သံစုံတီးဝိုင်းကြီးက
တိတ်ဆိတ်မှုကို သံပြိုင်တီးမှုတ်ချလိုက်တယ်။
ဒီဇာတ်ခုံကြီးပေါ်မှာ
သစ်ရွက်ကလေးတရွက်ကလည်း
တောကြီးတတောအကြောင်း ကပြခဲ့ဘူးသတဲ့။ ။
1 comment:
ဇာတ်ခုံပေါ်မှာ ...
ဇာတ်ခုံပေါ်မှာ ...
အတွေးတွေ ဖြစ်စေပါတယ် ခင်ဗျာ ...
Post a Comment