(အတွင်းနဲ့အပြင်၊ အသံနဲ့အာကာသ
ငါတို့ထွက်ပြေးကြပါစို့)
အပြင်ကိုခုန်ထွက်လိုက်တာ တွင်းတခုထဲပြုတ်ကျတယ်
အပြင်အပမြင်ရတဲ့အရာတွေထဲ ငါတို့ဖမ်းချုပ်အကျဉ်းချခံရတဲ့အခါ ဖေါက်ထွက်ဖို့ကြိုးစားကြတယ် ငါတို့တွန်းလှန်တယ် မြင်ရတဲ့အရာတွေရဲ့ဟိုဘက်ပြေးထွက်တယ် ပြေးနိုင်ရင်လွတ်မယ်ထင်တယ် ဗဟိဒ္ဓတွေကိုအစစ်လို့ထင်တယ် ပျို့တက်လာတာတွေကိုမျိုမျိုချတယ် ဒါမှမဟုတ်အော်ဟစ်ပစ်လိုက်တယ်
ပေါက်ကွဲမှုတွေမှာတခါတရံလမ်းသစ်ရှာတယ် အသံတွေကိုဘာသာပြန်တဲ့အကျင့်ကပါနေပြီ
အသံတွေကိုအသံတွေအတိုင်းရွတ်ဖတ်ဖို့လိုတယ် စကားလုံးတွေနဲ့တိုက်တိုက်မကြည့်ပါနဲ့
အသံတွေကိုအသံတွေအတိုင်းစိတ်ထဲနှစ်လိုက် အသံတွေကိုအသံတွေအတိုင်းစီးပါသွားလိုက်
ခံစားဖို့ထက်နားလည်ဖို့ကပိုအရေးကြီးနေရင် ခုန်ထွက်လိုက်တိုင်း တွင်းထဲကျကျနေမှာပဲ
အဇ္ဇတ္တထဲဘယ်တံခါးပေါက်ကဝင်မလဲ တံခါးတိုင်းပွင့်နေတာတော့မဟုတ်ဘူးပေါ့ ဒါပေမယ့်တွန်းဖွင့်လိုက်ပါ
မင်းအဝင်ချင်ဆုံးတံခါးပေါက်ကိုသာမင်းတွန်းဖွင့်လိုက်ပါ ပထမဆုံးအရေးကြီးတာကဖွင့်မိဖို့ပဲ
ခုန်ဆင်းလိုက်မိပြီလို့ထင်ကောင်းထင်မယ် အတွင်းထဲဝင်တာပိတ်မိတယ်ထင်မယ်
တကယ်ကအာကာသဆိုတာနေရာတိုင်းမှာရှိတာ မော့မော့ကြည့်ရတိုင်းလှမ်းလှမ်းကြည့်ရတိုင်း
ဟိုးအဝေးမှာအဝေးအဝေးတနေရာမှာ အာကာသဆိုတာကိုယ်နဲ့အဝေးကြီးမှာအဲလိုမဟုတ်ဘူး
အဇ္ဇတ္တထဲမှာမြက်ခင်းတွေစိမ်းစိုနေတယ် ငါဟာမြင်းတကောင်လိုခုန်ပေါက်ပြေးလွှားမယ်
တကယ်ကလွတ်မြောက်မှုဆိုတာ ငါတို့အတွင်းထဲမှာ
နားမလည်နိုင်တဲ့အရောင်တွေစုတ်ချက်တွေကြားမှာ ဘာမှန်းမသဲကွဲတဲ့အသံတွေထဲမှာ
နားလည်ဖို့မလိုဘူး အဓိပ္ပယ်မလိုဘူး
သံလမ်းပေါ်ကရထားတစင်းလို ကိုယ့်ခံစားချက်ပေါ်မှာကိုယ်ခုတ်မောင်းနေဖို့ပဲ
ကိုယ့်ရှင်သန်မှုကို ခဏတာတောက်လောင်မှုလို့သိရင်
အဇ္ဇတ္တနဲ့ဗဟိဒ္ဓနယ်ခြားမှာ လှည့်စားမှုတွေကိုထားခဲ့ပစ်လို့ရတယ်

1 comment:
ကဗျာက မိုက်တယ်...
နားလည်မှု့ဆိုတာ တကယ်တော့
ပျောက်ဆုံခြင်းဆီ သွားတာပဲ...
Post a Comment