Thursday, October 17, 2013

ညချော့တဲ့တေး



ကြယ်လေးတွေက အမှောင်မှာတောက်ပနေတာလား
ကြယ်တွေနဲ့ဝေးလို့ ငါတို့က အမှောင်ထဲရောက်နေတာလား
အိပ်မပျော်တဲ့မျက်လုံးတွေနဲ့ ကြယ်ကလေးတွေကိုမင်းဖတ်နေသလား
သူတို့ဆီမှာ အတွေးအခေါ်တွေရှိတယ် သမိုင်းရာဇဝင်တွေရှိတယ် လျှို့ဝှက်ဆန်းကြယ်မှုတွေရှိတယ် ပြီးတော့  ရက်စက်တဲ့အလှတရားနဲ့ ခမ်းနားတဲ့အိပ်မက်တွေလည်းရှိတယ်
ဒါပေမယ့် မနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ မင်းမျက်လုံးတွေကိုမင်းပြန်ရှာတွေ့ဖို့ဆိုရင်တော့
မင်းထိုင်နေတဲ့ခုံတန်းလျားလေးရဲ့ဘေးက သူ့အလှနဲ့သူ့ရနံ့ကို အမှောင်ထဲမှာမလုံ့တလုံဖွက်နေရှာတဲ့ အသံတိတ်တိတ်စံပယ်ပန်းလေးတွေကိုသာ
မင်းခေါင်းအုံးအောက် ယူသွားပါတော့ကွယ်။

Tuesday, October 15, 2013

ပင်ဂွင်းငှက်တကောင်နဲ့ဒိုင်ယာလော့



မြေကြီးပေါ်မှာလည်း လူတယောက်လို လမ်းလျောက်တယ်
ဒါပေမယ့်မြေကြီးတွေကိုစစ်တိုက်ပြီးမသိမ်းဘူး၊
ရေထဲမှာလည်း ငါးတကောင်လို ကူးခတ်တယ်
ဒါပေမယ့်ငါးမျှားတံရဲ့ အစာချရာနောက်မလိုက်ဘူး၊
မိုးပေါ်ကိုလည်း ခြေဖျားလေးထောက်ထောက်ပြီး မော့မော့ကြည့်တယ်
ဒါပေမယ့်ကောင်းကင်ကြီးပေါ်တက် မပျော်ပါးဘူး
လေဟုန်စီးပြီးခရီးရှည်လည်းမသွားဘူး၊
ကျောက်ဆောင်ကြီးတွေရဲ့ချစ်ခြင်းမေတ္တာနဲ့
နားလည်ရခက်ပေမယ့်အမြဲတမ်းပြန်အသစ်ဖြစ်ဖြစ်နေတဲ့ ရေခဲပြင်ကြီးတွေရဲ့သံယောဇဉ်ရင်ခွင်မှာ
နွေးထွေးတောက်ပတဲ့နေရောင်ကလွဲရင် ဘာကိုမှ သူမတောင့်တတတ်ခဲ့ဘူး
တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ်ရပ်နေခဲ့တယ်။

Tuesday, October 8, 2013

အိမ်ပြေး


Kin Maung Yin

ဓါတ်ပုံထဲမှာတောင်
အိမ်ရနံ့ကိုရတယ်
သြော် ဝေးခဲ့ရတဲ့ရေမြေတောတောင်။

ကောက်ရိုးလှည်း
ကောက်ရိုးပုံ
ကောက်ရိုးတွေလွင့်ပွနေတဲ့တာလမ်း
ခပ်လှမ်းလှမ်းကခင်တန်းနဲ့ ထန်းပင်စုစု
ရေစပ်စပ်နဲ့ရိုးကလေးထဲမှာ
ပန်းခရမ်းပြာ၊ သို့မဟုတ် ဝေးခဲ့ရသောဗေဒါ။

ဘဲကျောင်းတဲ့လှေကလေးပေါ်က
သီချင်းတကြော်ကြော်နဲ့ညနေခင်းများ
ရွံ့စက်တွေပေလူးနေပေမယ့်
အလှမပျက်တဲ့ခြေဖမိုးဖေါင်းဖေါင်းလေးကိုပိုင်ဆိုင်သူရယ်
တခါကဧည့်သည်တဦးဟာ
မင်းပန်ဖို့ကြာတပွင့်ခူးပေးခဲ့ဘူးတယ်လေ။ 

မဟာဓါတ်အားလိုင်းပေါ်မှာ 
အိပ်တန်းပျောက်တဲ့ငှက်ကလေးပဲရှိတော့တယ်၊
မြို့ဘက်ကဝင်လာတဲ့ကားမီးရောင်အောက်မှာ
သစ်ငုတ်ပေါ်ထိုင်နေတဲ့ဧည့်သည်
ဘယ်သူ့ကိုမှနှုတ်မဆက်ပါရစေနဲ့တဲ့
မခေါ်ပဲနဲ့လာ
မနှင်ပဲနဲ့ပြန်ခဲ့တယ်၊ 
ပိုးမွှားပုရစ်အော်သံတွေသာကျန်ရစ်ခဲ့။

တနေ့ကျ ရှင်ကအိမ်ပြန်သွားမှာပါတဲ့
အုတ်ကန်ထဲကဘီးလားတွေ
နေဝင်ရင်မီးရှို့ဖို့ချိုးလာခဲ့တဲ့ယူကလစ်ကိုင်းစိုစိုတွေ
အဲဒီအလုပ်သမားတန်းလျားလေးမှာ အသံမထွက်ပဲ ငါငိုခဲ့ရတဲ့နေ့များ။

Saturday, October 5, 2013

ညတစိမ့်စိမ့်



အပြင်မှာမိုးရွာနေတယ်
အိမ်အပြင်မှာမိုးရွာနေတယ်
မိုးကတဖွဲဖွဲရွာနေတယ်
မိုးကမစဲပဲရွာနေတယ်
မိုးစက်ကျသံတဖြောက်ဖြောက်ကြားနေရတယ်
အခန်းထဲမှာမီးလင်းနေတယ်
အခန်းထဲမှာတိတ်ဆိတ်နေတယ်
အခန်းထဲမှာလူတယောက်လမ်းလျောက်နေတယ်
လမ်းလျောက်ရင်းပြတင်းပေါက်နားမှာသူရပ်တယ်
ပြတင်းပေါက်ကနေအပြင်ကိုလှမ်းငေးတယ်
အပြင်မှာမိုးရွာနေတယ်
ရွာနေတဲ့မိုးကိုသူငေးကြည့်တယ်
ငေးကြည့်နေရင်းသူတွေးတယ်
သီချင်းတပုဒ်ညည်းရကောင်းမလားသူတွေးတယ်
မိုးနဲ့ပတ်သတ်တဲ့သီချင်းတွေသူစဉ်းစားတယ်
ကဗျာတပုဒ်ရွတ်ရကောင်းမလားသူတွေးတယ်
မိုးနဲ့ပတ်သက်တဲ့ကဗျာတွေသူသတိရတယ်
မိုးစက်ကျသံတဖြောက်ဖြောက်ကပိုကျယ်လာတယ်
ဒါလည်းဂီတပဲလို့တိုးတိုးပြောမိတယ်
ဒီဂီတကပါးလျသလောက်လေးပင်တယ်
ထူထဲသလောက်တိုးဖွတယ်
ပေါ့ပါးသလောက်ဖမ်းစားတယ်
လှပသလောက်လျှို့ဝှက်တယ်
ငြိမ်သက်သလောက်စူးဝင်တယ်
ပေါက်ကွဲသလောက်တွယ်နှောင်ဖွဲ့ငင်တယ်
ဂီတထဲမှာသူနစ်မြုပ်တယ်
သူ့စိတ်ကူးအတွေးတွေနစ်မြုပ်တယ်
သူ့နှလုံးသားနစ်မြုပ်တယ်
ဂီတဟာမစဲပဲရွာနေတယ်
ဂီတဟာတဖွဲဖွဲရွာနေတယ်
ဂီတဟာသူအဇ္ဇတ္တထဲမှာရွာနေတယ်
ဂီတဟာသူ့ကိုယ်ထဲမှာရွာနေတယ်
မိုးကအပြင်မှာရွာနေတယ်။