Tuesday, October 31, 2017

တံခါးမှာ သော့ကတန်းလန်း

အိမ်ကြိုအိမ်ကြားက လက်ကျန်အမှောင်အစအနတွေကို
ငှက်သံတွေကတစီစီထိုးဆိတ်နေတယ်
‌ဆောက်ပြီးစတိုက်နံရံနဲ့ ပြတင်းမှန်တံခါးတွေပေါ်မှာ
နေရောင်ကမျက်တောင်ခတ်နေပြီ
တညလုံးဟောင်ခဲ့တဲ့ခွေးဟာ လှေကားထိပ်မှာဝင်အိပ်နေလောက်ပြီ၊

အားပြည့်နေတဲ့ဖုန်းကို ပလပ်ကြိုးဖြုတ်လိုက်တယ်
ပန်းအိုးထဲကို ရေတပုလင်းလောင်းထည့်လိုက်ပြီး မင်းဒီနေ့ ဘယ်နှစ်ပွင့်ပွင့်မှာလဲလို့ ကျောက်နှင်းဆီပင်လေးကို မေးကြည့်ရအုန်းမယ်
ဝရန်တာမှာ ညကလှမ်းထားတဲ့ဘောင်းဘီဟာ
လေထဲမှာ မနက်ခင်းကို အပြေးအလွှားလိုက်နေသလိုလို၊

အခန်းထဲက မသိမ်းရသေးတဲ့အိပ်ယာကို
နောက်တခါပြန်ရောက်ရမှာကြောက်တဲ့ အကျဉ်းထောင်ကြီးကိုကြည့်သလို ငါကြည့်နေမိတယ်
အပြင်မှာသေပြီးသားလူတွေဟာ
ငါ့အိပ်မက်ထဲမှာ ပြုံးလို့ရယ်လို့ စကားတွေပြောလို့
လန့်နိုးလာတဲ့ငါဟာ မျက်လုံးကြီးတွေသေလို့။

နှင်းခါးမိုး
၂၈၊ မတ်၊ ၂၀၁၇

Thursday, October 26, 2017

ရပ်ကွက်ထဲကတေဘုမ္မာ

ကန်ဇွန်းရွက်တစည်းသုံးရာဟာလည်း
ငါတို့အစာအိမ်ကို အကြမ်းဖက်တိုက်ခိုက်ခံရတာပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
မိုင်းထိမှ၊ ရွာမီးရှို့ခံရမှ ပြည်တွင်းစစ်မဟုတ်ပါဘူး
ငါတို့မီးဖိုချောင်တွေ လက်နက်ကြီးနဲ့အပစ်ခံနေရတာလည်း ပြည်တွင်းစစ်ပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။

ငြိမ်းချမ်းရေးအတွက် ကိုယ်ဘာပေးနိုင်မလဲ စဉ်းစားလိုက်တော့
ပြတ်နေတဲ့ခြေတွေလက်တွေ
ကျောင်းထားမပေးခဲ့ရတဲ့သားသမီးတွေ
လုယက်မီးရှို့ခံလိုက်ရတဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေ
ကိုယ့်ဖာသာဆုံးဖြတ်ရွေးချယ်ပြီး စွန့်လွှတ်ပေးဆပ်ခဲ့ကြတာတွေကို အကြွေးလိုလာမတောင်းပါနဲ့ဆိုတဲ့ ဆိုဆုံးမခံရမှုတွေ
အငြိုးထားငြင်းပယ်ခံနေရတဲ့ ပြည်တော်ပြန်ခွင့်တွေ
ပြီးတော့ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ လက်နက်မဲ့တို့ရဲ့
ရေထဲဗွက်ထဲ အမှိုက်ပုံထဲမြုပ်နေတဲ့ကျုးကျော်ရပ်ကွက်တွေနဲ့
စုတ်ပြတ်သတ်နေတဲ့ဘဝတွေ အူဟောင်းလောင်းတွေ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။

တိုင်းနိုင်ငံလုံး တိုက်ရိုက်ရှုမော အံ့ဘွယ်ချီးပခမ်းနားလက်ဖျားခါကြကုန်
ရွှေညီလာခန်းဆောင်မှာ သဉ္စာညောင်စောင်းပမာ လျောင်းစက်နားတော်မူကြပုံ
ပိုးဖဲကတ္တီပါ မီးရောင်ပြိုးပြက် မင်းပေါင်းစုံညစာသဘင်ဝယ်
နှစ်ခြောက်ဆယ်ဂန္ဓဝင်မဟာဂီတ ပြည်တွင်းစစ် အရေးအခင်းစုံ အရိုးတွန်သံများတေဘုမ္မာ အသံမဲ့ကျယ်လောင်ကြွေးသီလှုပ်ခါတုန်။
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။

ဒေါင်းသခင်စိတ်နဲ့လည်းမထောင်လွှား
ခေါင်းစဉ်တံဆိပ်နဲ့လည်းအချောင်မစား
မကောင်းမြင်စိတ်နဲ့လည်း မလှောင်ဟား
ဘာသာလူမျိုးဘယ်လိုကွဲပြား မကွဲမပြားတာ
အမြဲနင်းတိုင်းပြား အဖိနှိပ်ခံအောက်ခြေလူတန်းစား
ဒီညနေအိမ်အပြန်ကားခဟာ သူတို့ရဲ့အမျိုးသားရင်ကြားစေ့ရေး
ဒီည ညစာဟာ သူတို့ရဲ့ငြိမ်းချမ်းရေး
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။

မျက်တောင်တဆုံးတောင်
မှုန်ဝါးဝါးပဲမြင်နိုင်ကြသူတွေပါ
လုံးလိုက်ပြားလိုက်ကမ္ဘာကြီးဟာ
သူတို့အတွက်တော့ တူးလေနက်လေ
ညစာ၀၀တနပ် ခြင်ထောင်အကောင်းတလုံးဟာ
သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး
ပင်လုံမှာပဲဖြစ်ဖြစ် နေပြည်တော်မှာပဲဖြစ်ဖြစ်
နှစ်ဆယ့်တစ်ရာစုမှာ သူတို့ လူဖြစ်ချင်လှပါပြီ
လူတလုံးသူတလုံးဖြစ်ချင်လှပါပြီ။

တီဗွီရှေ့မှာ ထိုင်ငိုက်ရတာ ခြင်ကိုက်တယ်
လက်မှတ်ထိုးမယ်ဆို ခေါ်လိုက်
အလှူခံဆို ကန်တော့ပါသေးရဲ့
ငါ့မှာ ဘာထည့်ထည့် ချဉ်သွားတဲ့ ချဉ်ဖတ်အိုးကြီးတလုံးရှိတယ်ဆိုပါစို့
နှစ်ဆယ့်တစ်ရာစု တစုလုံးကိုထည့်လိုက်ရမလား
ကန်ဇွန်းခင်းကြီးတခင်းလုံးကိုထည့်လိုက်ရမလား
ဒါမှမဟုတ်
ငါတို့မျိုးဆက်တဆက်လုံးကိုထည့်လိုက်ရမလား။

နှင်းခါးမိုး

Tuesday, October 24, 2017

စူပါဆန်းဒေး

မိုးရွာချလိုက်တော့
တိုက်ခေါင်မိုးပေါ်ကငှက်တွေ ထပျံကြတယ်
ဒီည မီးကပျက်အုန်းမှာလား
လမ်းထိပ်အမှိုက်ပုံးတွေဘေးမှာ
ကလေးတအုပ်ရယ် ခွေးတအုပ်ရယ်
မြောင်းထဲကရေကတော့ သူ့တရားနဲ့သူ
တက္ကဆီတစီးက မှောင်ရိပ်ထဲမှာရပ်နေတယ်၊

လွတ်လပ်တဲ့လူဆိုတာမရှိဘူး
ချက်ကြိုးကိုဖြတ်ပြီးတာနဲ့
ခြေထောက်မှာလေဘယ်ကချည်ပြီးသားပဲ
ပင်စင်ရပြီးနောက်တနေ့မှာ
နှိုးစက်ဟာမြည်နေသလိုမျိုး
ခွက်ထဲကရေက ခွက်ကိုခွဲဖို့ခက်ခဲ့တယ်
တယောက်က ဈေးလမ်းလေးထဲ ချိုးဝင်လိုက်တဲ့အချိန်မှာ
တယောက်က ကျောပိုးအိတ်ကကြိုးကို တင်းလိုက်တယ်၊

ဒီကားကနောက်ဆုံးကားပဲ
အခုလိုအခြေအနေမှာ ဘယ်သူ့ကိုမှ ငွေတရာပိုမပေးနိုင်ဘူး
ဘဝဆိုတာ ဘာဆန်းလို့လဲကွာ
အားလုံးရှေ့ပေါက်ကတက်ပြီး နောက်ပေါက်ကဆင်းကြရတာပါပဲ
အိမ်ပြန်ခရီး ဘက်စ်ကားကြီးပျော်ပျော်စီး။ ။

နှင်းခါးမိုး
၁၇၊ စက်တင်ဘာ၊ ၂၀၁၇

Monday, October 23, 2017

ပင်လယ်မှာနစ်မြုပ်သွားတဲ့လရောင်

လဟာ အုန်းမှုတ်ခွက်ပက်လက်
လမ်းဘေးဈေးသည်မရဲ့ ကြွေသားကွာနေတဲ့လင်ပန်းလေးထဲက ဖရဲသီးစိတ်အဝါ ခပ်ချောင်ကျကျလက်ဖက်ရည်ဆိုင်လေးတဆိုင်ရဲ့ စားပွဲပုလေးပေါ်က ရက်လွန်ဘဲသားမုန့်
ငါးမျှားတံကိုင်းကိုကိုင်ပြီး ချစ်သူလှော်ခတ်ခဲ့တဲ့ လခြမ်းလှေလေး
ပင်လယ်ဝမှာ လှိုင်းတို့ခိုးရာပါသွားရှာ။
အဲဒီ အလင်းပြန်နေတဲ့ ကျောက်သားမှန်ချပ်ကြီးထဲမှာ
ကလေးတွေရဲ့ ငိုသံရယ်သံစစ်စစ်တွေ၊
ချစ်သူတွေရဲ့ အိပ်မက်နဲ့အလွမ်းတွေ၊
ကျဆုံးသွားသူတွေရဲ့ သူရဲကောင်းဥယာဉ်တွေနဲ့
မဆုတ်မနစ်အားထုတ်သူတွေရဲ့ မိုးကုပ်စက်ဝိုင်းများ။
လရောင်မှာ တုန်ယင်လှိုက်မောဖို့
အရိုင်းဆန်တဲ့ညတည လိုအပ်ခဲ့တယ်ဆိုရင်
အာရုံအားလုံးကို အပြားလိုက်တင်ထားတဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ
အစွယ်ပြူးပြူးနဲ့ လည်ကိုမိုးပေါ်ဆန့်တန်းလိုက်တဲ့ မြေခွေးတကောင်ရဲ့ဦးခေါင်း
အားလုံးကိုခြောက်ခြားစေခဲ့တဲ့ လရောင်ရဲ့အူသံ
အပေါက်ဖေါက်ထားတဲ့ဂျပ်ထူပုံးတွေကို ထောင်လိုက်ထောင်ထားတဲ့
ရပ်ကွက်ငယ်တခုက အခန်းကျဉ်းလေးတခု
အဲဒီတဝက်မပြည့်တဲ့လကို ကြိုးရှည်ရှည်တပ်ပြီး
ပြတင်းပေါက်မှာ ချိတ်ဆွဲထားလိုက်ပါ။
အိပ်ပျော်တဲ့အခါ အိပ်မက်ထဲမှာ မြေခွေးတွေအူမယ်
အိပ်မပျော်တဲ့အခါ လရောင်ဆွဲလဲလေးဟာ
တမြည့်မြည့်နာကျင်မှုမှာ တချွင်ချွင်မြည်နေမယ်။

နှင်းခါးမိုး
p.234 ဆိပ်ကမ်းသာကဗျာစုစည်းမှု ၂၀၁၇