ကန်ဇွန်းရွက်တစည်းသုံးရာဟာလည်း
ငါတို့အစာအိမ်ကို အကြမ်းဖက်တိုက်ခိုက်ခံရတာပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
မိုင်းထိမှ၊ ရွာမီးရှို့ခံရမှ ပြည်တွင်းစစ်မဟုတ်ပါဘူး
ငါတို့မီးဖိုချောင်တွေ လက်နက်ကြီးနဲ့အပစ်ခံနေရတာလည်း ပြည်တွင်းစစ်ပါပဲ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
ငြိမ်းချမ်းရေးအတွက် ကိုယ်ဘာပေးနိုင်မလဲ စဉ်းစားလိုက်တော့
ပြတ်နေတဲ့ခြေတွေလက်တွေ
ကျောင်းထားမပေးခဲ့ရတဲ့သားသမီးတွေ
လုယက်မီးရှို့ခံလိုက်ရတဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေ
ကိုယ့်ဖာသာဆုံးဖြတ်ရွေးချယ်ပြီး စွန့်လွှတ်ပေးဆပ်ခဲ့ကြတာတွေကို အကြွေးလိုလာမတောင်းပါနဲ့ဆိုတဲ့ ဆိုဆုံးမခံရမှုတွေ
အငြိုးထားငြင်းပယ်ခံနေရတဲ့ ပြည်တော်ပြန်ခွင့်တွေ
ပြီးတော့ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ လက်နက်မဲ့တို့ရဲ့
ရေထဲဗွက်ထဲ အမှိုက်ပုံထဲမြုပ်နေတဲ့ကျုးကျော်ရပ်ကွက်တွေနဲ့
စုတ်ပြတ်သတ်နေတဲ့ဘဝတွေ အူဟောင်းလောင်းတွေ။
ငြိမ်းချမ်းရေးစာချုပ်ကြီးတွေ ကယ်ပါ။
တိုင်းနိုင်ငံလုံး တိုက်ရိုက်ရှုမော အံ့ဘွယ်ချီးပခမ်းနားလက်ဖျားခါကြကုန်
ရွှေညီလာခန်းဆောင်မှာ သဉ္စာညောင်စောင်းပမာ လျောင်းစက်နားတော်မူကြပုံ
ပိုးဖဲကတ္တီပါ မီးရောင်ပြိုးပြက် မင်းပေါင်းစုံညစာသဘင်ဝယ်
နှစ်ခြောက်ဆယ်ဂန္ဓဝင်မဟာဂီတ ပြည်တွင်းစစ် အရေးအခင်းစုံ အရိုးတွန်သံများတေဘုမ္မာ အသံမဲ့ကျယ်လောင်ကြွေးသီလှုပ်ခါတုန်။
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။
ဒေါင်းသခင်စိတ်နဲ့လည်းမထောင်လွှား
ခေါင်းစဉ်တံဆိပ်နဲ့လည်းအချောင်မစား
မကောင်းမြင်စိတ်နဲ့လည်း မလှောင်ဟား
ဘာသာလူမျိုးဘယ်လိုကွဲပြား မကွဲမပြားတာ
အမြဲနင်းတိုင်းပြား အဖိနှိပ်ခံအောက်ခြေလူတန်းစား
ဒီညနေအိမ်အပြန်ကားခဟာ သူတို့ရဲ့အမျိုးသားရင်ကြားစေ့ရေး
ဒီည ညစာဟာ သူတို့ရဲ့ငြိမ်းချမ်းရေး
နှစ်ဆယ့်တစ်ရာစု ကယ်ပါ။
မျက်တောင်တဆုံးတောင်
မှုန်ဝါးဝါးပဲမြင်နိုင်ကြသူတွေပါ
လုံးလိုက်ပြားလိုက်ကမ္ဘာကြီးဟာ
သူတို့အတွက်တော့ တူးလေနက်လေ
ညစာ၀၀တနပ် ခြင်ထောင်အကောင်းတလုံးဟာ
သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေး
ပင်လုံမှာပဲဖြစ်ဖြစ် နေပြည်တော်မှာပဲဖြစ်ဖြစ်
နှစ်ဆယ့်တစ်ရာစုမှာ သူတို့ လူဖြစ်ချင်လှပါပြီ
လူတလုံးသူတလုံးဖြစ်ချင်လှပါပြီ။
တီဗွီရှေ့မှာ ထိုင်ငိုက်ရတာ ခြင်ကိုက်တယ်
လက်မှတ်ထိုးမယ်ဆို ခေါ်လိုက်
အလှူခံဆို ကန်တော့ပါသေးရဲ့
ငါ့မှာ ဘာထည့်ထည့် ချဉ်သွားတဲ့ ချဉ်ဖတ်အိုးကြီးတလုံးရှိတယ်ဆိုပါစို့
နှစ်ဆယ့်တစ်ရာစု တစုလုံးကိုထည့်လိုက်ရမလား
ကန်ဇွန်းခင်းကြီးတခင်းလုံးကိုထည့်လိုက်ရမလား
ဒါမှမဟုတ်
ငါတို့မျိုးဆက်တဆက်လုံးကိုထည့်လိုက်ရမလား။
နှင်းခါးမိုး