Monday, October 23, 2017

ပင်လယ်မှာနစ်မြုပ်သွားတဲ့လရောင်

လဟာ အုန်းမှုတ်ခွက်ပက်လက်
လမ်းဘေးဈေးသည်မရဲ့ ကြွေသားကွာနေတဲ့လင်ပန်းလေးထဲက ဖရဲသီးစိတ်အဝါ ခပ်ချောင်ကျကျလက်ဖက်ရည်ဆိုင်လေးတဆိုင်ရဲ့ စားပွဲပုလေးပေါ်က ရက်လွန်ဘဲသားမုန့်
ငါးမျှားတံကိုင်းကိုကိုင်ပြီး ချစ်သူလှော်ခတ်ခဲ့တဲ့ လခြမ်းလှေလေး
ပင်လယ်ဝမှာ လှိုင်းတို့ခိုးရာပါသွားရှာ။
အဲဒီ အလင်းပြန်နေတဲ့ ကျောက်သားမှန်ချပ်ကြီးထဲမှာ
ကလေးတွေရဲ့ ငိုသံရယ်သံစစ်စစ်တွေ၊
ချစ်သူတွေရဲ့ အိပ်မက်နဲ့အလွမ်းတွေ၊
ကျဆုံးသွားသူတွေရဲ့ သူရဲကောင်းဥယာဉ်တွေနဲ့
မဆုတ်မနစ်အားထုတ်သူတွေရဲ့ မိုးကုပ်စက်ဝိုင်းများ။
လရောင်မှာ တုန်ယင်လှိုက်မောဖို့
အရိုင်းဆန်တဲ့ညတည လိုအပ်ခဲ့တယ်ဆိုရင်
အာရုံအားလုံးကို အပြားလိုက်တင်ထားတဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ
အစွယ်ပြူးပြူးနဲ့ လည်ကိုမိုးပေါ်ဆန့်တန်းလိုက်တဲ့ မြေခွေးတကောင်ရဲ့ဦးခေါင်း
အားလုံးကိုခြောက်ခြားစေခဲ့တဲ့ လရောင်ရဲ့အူသံ
အပေါက်ဖေါက်ထားတဲ့ဂျပ်ထူပုံးတွေကို ထောင်လိုက်ထောင်ထားတဲ့
ရပ်ကွက်ငယ်တခုက အခန်းကျဉ်းလေးတခု
အဲဒီတဝက်မပြည့်တဲ့လကို ကြိုးရှည်ရှည်တပ်ပြီး
ပြတင်းပေါက်မှာ ချိတ်ဆွဲထားလိုက်ပါ။
အိပ်ပျော်တဲ့အခါ အိပ်မက်ထဲမှာ မြေခွေးတွေအူမယ်
အိပ်မပျော်တဲ့အခါ လရောင်ဆွဲလဲလေးဟာ
တမြည့်မြည့်နာကျင်မှုမှာ တချွင်ချွင်မြည်နေမယ်။

နှင်းခါးမိုး
p.234 ဆိပ်ကမ်းသာကဗျာစုစည်းမှု ၂၀၁၇

No comments: