မိုးရွာချလိုက်တော့
တိုက်ခေါင်မိုးပေါ်ကငှက်တွေ ထပျံကြတယ်
ဒီည မီးကပျက်အုန်းမှာလား
လမ်းထိပ်အမှိုက်ပုံးတွေဘေးမှာ
ကလေးတအုပ်ရယ် ခွေးတအုပ်ရယ်
မြောင်းထဲကရေကတော့ သူ့တရားနဲ့သူ
တက္ကဆီတစီးက မှောင်ရိပ်ထဲမှာရပ်နေတယ်၊
လွတ်လပ်တဲ့လူဆိုတာမရှိဘူး
ချက်ကြိုးကိုဖြတ်ပြီးတာနဲ့
ခြေထောက်မှာလေဘယ်ကချည်ပြီးသားပဲ
ပင်စင်ရပြီးနောက်တနေ့မှာ
နှိုးစက်ဟာမြည်နေသလိုမျိုး
ခွက်ထဲကရေက ခွက်ကိုခွဲဖို့ခက်ခဲ့တယ်
တယောက်က ဈေးလမ်းလေးထဲ ချိုးဝင်လိုက်တဲ့အချိန်မှာ
တယောက်က ကျောပိုးအိတ်ကကြိုးကို တင်းလိုက်တယ်၊
ဒီကားကနောက်ဆုံးကားပဲ
အခုလိုအခြေအနေမှာ ဘယ်သူ့ကိုမှ ငွေတရာပိုမပေးနိုင်ဘူး
ဘဝဆိုတာ ဘာဆန်းလို့လဲကွာ
အားလုံးရှေ့ပေါက်ကတက်ပြီး နောက်ပေါက်ကဆင်းကြရတာပါပဲ
အိမ်ပြန်ခရီး ဘက်စ်ကားကြီးပျော်ပျော်စီး။ ။
နှင်းခါးမိုး
၁၇၊ စက်တင်ဘာ၊ ၂၀၁၇
No comments:
Post a Comment