Tuesday, February 5, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တနှစ်တင်းတင်း ပြည့် သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာ သမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက် အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူ ဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါ ရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတခု ရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူးရေး သားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တနှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ် တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်း စေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခ ဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီ အမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Monday, February 4, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အဆုံးသတ်) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


မုဒအကြောင်း အတွေးများ


ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။
တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။
သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။
ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။
သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။
ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။
ဖားရဲ့ ရှေ့မှာတော့ ရေထဲ လွတ်လွတ်လပ်လပ် ကူးခတ်နေကြတဲ့ ငါးဖလောင်း သုံးကောင်။ သူတို့က ဖားရဲ့ မရွေ့သာ မလှုပ်သာအဖြစ်နဲ့ ဆန့်ကျင်နေတယ်။
ဆွဲပြီးတဲ့အခါ သူက ကျေကျေနပ်နပ်နဲ့ ပြောပါတယ်။
ကျုပ် ဒါ အရင်တုန်းက မဆွဲဖူးဘူး တဲ့။
သိပ်ကောင်းတာပဲလို့ ကျုပ် ၀မ်းသာအားရ ဆိုမိတယ်။
သူက ဘယ်လို ကမ္မည်း သတ်ရမလဲ လို့ မေးတယ်။ ဘယ်လို လက်မှတ် ထိုးရမလဲလို့ မေးတဲ့ သဘောပါပဲ။ ခင်ဗျားက ကျနော့်ရဲ့ ဆရာပါ လို့ ကျုပ်က ပြောလိုက်တယ်။
အောက် လကျာင်္ဘက်ထောင့်မှာ သူ ဒီလို ကမ္မည်းထိုးပါတယ်။
ငါ့ညီချင်း၊ ငါတို့ မြို့တော်မှာ အတူရှိခိုက် ၉၃ နှစ်မှာ ပန်းချီအရာ နှံစပ်လှပြီဖြစ်တဲ့ မင့်အကိုလေး ဟွန်က ဒါကို မင့်ကို ဆွဲပေးတယ်။
ဒီနောက်... ချီပိုက်ရှီ ဆိုတဲ့ စာလုံးများ ထွင်းဖောက်ထားတဲ့ တံဆိပ်တုံးနဲ့ နှိပ်လိုက်ပါတယ်။
ဆွဲထားတဲ့ပုံကို နှစ်ခြိုက် သဘောကျဟန် ငေးကြည့်နေပြီးတဲ့နောက် သူ ကျုပ်ကို လက်ဆောင်ပေးပါတယ်။ ကျုပ်ဘာသာ ကျုပ် တွေးလိုက်မိတယ်။ သူ့စိတ်ထဲမှာ ဒါကို ကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ မရှိဘူး။ ဘယ်လို လုပ်ပြီးတော့များ ခုလို ရေးဆွဲချလိုက်တာလဲ လို့။ ။

မူရင်း။ ။ အိုက်ချင့်၊ ကဗျာအကြောင်း (တရုတ်စာပေ)
ဆောင်းဦးရာသီ၊ ၁၉၈၇၊ ပေကျင့်မြို့
(အင်္ဂလိပ်ဘာသာပြန်- စတီဗင် ဖလဲမင်း)
မောင်သာနိုး

Tuesday, January 29, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၈) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


ကဗျာအတွက် ဥပဒေသ မရှိ

အနုပညာ ဥပဒေသကို ဘ၀ ဥပဒေသရဲ့ လက်အောက်မှာ ထားရမြဲ ဖြစ်တယ်။
ကဗျာဖွံဖြိုးမှုဟာ ဘ၀နဲ့ ရှေ့ကို ချီတက်နေတဲ့ လူ့အဖွဲ့အစည်းနောက်က လိုက်ရမြဲ။
ဘ၀ပြောင်းလဲမှု ရှေ့တိုးလာတာကို ဘယ်သူမှ မတားနိုင်ဘူး။
ဘ၀ပြောင်းလဲတာနဲ့အမျှ အနုပညာက လိုက်ပြောင်းတယ်။
ဘ၀ရဲ့ ဥပဒေသများဟာ ထာဝရ မဟုတ်သလို၊ အနုပညာ ဥပဒေသများဟာလည်း ထာဝရ မဟုတ်ဘူး။
ခေတ်အသီးသီးဟာ မိမိ လိုအပ်ချက်နဲ့အညီသာ တွေ့ကြုံနေရတဲ့ ပြဿနာများကို ဖြေရှင်းနိုင်တယ်။
နောင်တခေတ်ရဲ့ ပြည်သူတွေ ဘယ်လိုနေကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ဘူး။
ကဗျာဆရာရဲ့ အလုပ်က ဖန်ဆင်းမှုပဲ။ အခြားသူများတွေ ဖန်ဆင်းပြီးသားကို ထပ်ကြော့တာ မဟုတ်ဘူး။
ဘ၀ရဲ့ မျက်နှာအသစ်နဲ့ လိုက်လျောညီထွေတဲ့ အနုပညာသစ်ကို အင်မတန် တဦးချင်းဆန်တဲ့ ဟန်နဲ့၊ ဖော်ပြပုံ နည်းတွေကို အလှယ်လှယ်ပြောင်းကာ၊ သစ်လွင် အနုပညာဆန်တဲ့ ဖွဲ့စည်းမှုနဲ့ ဖန်ဆင်းရပေလိမ့်မယ်။
ကဗျာဆရာမှာ သူမတူတဲ့ ကိုယ်ပိုင် အလှဗေဒ အမြင် မရှိခဲ့ရင် အခြားသူများရဲ့ ကဗျာများနဲ့ ကွဲပြားခြားနားတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။
ကဗျာတပုဒ်ဟာ လက်နက်တခုလို၊ ကိရိယာတခုလို ချွန်မြတယ်။ ဒါပေမဲ့ ကဗျာဆရာဟာ ဖန်ဆင်းမှုက ဖဲခွာရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်တော့ဘူး။
ဘယ်တော့မှ ငြိမ်ရပ်မနေရဘူး။
ဒီခေတ်ရဲ့ အပြောင်းအလဲတွေထဲကနေ ကိုယ့်ကဗျာထဲမှာ ရောင်ပြန်ဟပ်စရာ သစ်တဲ့၊ လွင်တဲ့ အရာတွေကို သွားပြီး ရှာဖွေရမယ်။
ကဗျာရဲ့ စွဲမက်ဖွယ်ကောင်းပုံဟာ ဘ၀ကို သရုပ်မှန်မှန် ဖော်ကျုးရာမှာ တည်တယ်။
ဘ၀ရဲ့ တကယ့်သရုပ်၊ တိုက်ပွဲရဲ့ တကယ့်သရုပ်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပါ။ ဘ၀ရဲ့ ဖုံးကွယ်ထားတဲ့အရာတွေကို တူးဖော်ပါ။ စံနမူနာပြု ဥပမာတွေကို ဖွေရှာပါ။ ဒီဟာနဲ့ ဟိုဟာ ခြားနားချက်ကို ရှာပါ။
ဘ၀မှာ အပြောင်းအလဲတွေ ဖွံ့ဖြိုးပုံတွေကို ရှာဖွေပြီး အရာသစ်တွေကို ဖော်ပြပါ။
အရာဝတ္ထုတို့ရဲ့သန္ဓေပါ အလှ၊ ဗဟိဒ္ဓအလှ၊ အဇ္ဇတ္တအလှ၊ ဒီထဲက တခုခုက လူကို ကြည်နူးမှု ပေးတယ်ဆိုရင် ဒါ ကဗျာပါပဲ။
အားထုတ်ရတာ များလွန်းလို့ ရေးမရဘူးဆိုရင် မရေးနဲ့။
ခံစားမှုတွေ ပြည့်လျှံနေတုန်း ရေးတဲ့ စာများဟာ အမှိုက်သရိုက် ဖြစ်တတ်တာပဲ။
အခြားသူများ ကိုယ့်ထက် ပိုကောင်းအောင် ရေးလိမ့်မယ်လို့ မပူပန်နဲ့။
လူငယ်တွေရဲ့ အစွမ်းအစကို မနာလို မရှိနဲ့။
အိုသူတိုင်း တချိန်က ငယ်ခဲ့တာချည်းပဲ။
ယုံကြည်မှု ရှိပါ။ အနာဂတ်ကို ယုံပါ။
ကျုပ်တို့က အရင်ခေတ်များက သူတွေကို သာခဲ့သလို အနာဂတ်ရဲ့ လူတွေက ကျုပ်တို့ကကို သာမှာ မုချပဲ။
များနိုင်သလောက် လူများများက မိမိကဗျာများကို နားလည်ပါစေ။
ပစ္စက္ခခေတ်ရဲ့ လူတွေကမှ ကိုယ့်ကဗျာကို နားမလည်နိုင်ရင် ဘယ်သူက နားလည်ဦးမလဲ။
ကိုယ့်ကဗျာကို လူများစွာက နားလည်ရေးဟာ အတောင့်တဆုံး ဆု ဖြစ်ပါစေ။
အလှဗေဒသမား သက်သက်ကတောင် အခြားသူများကို အလှအရသာ ခံစားခွင့် ပေးရမယ်။
အလှကို ပိတ်လှောင် မထားပါစေနဲ့။
အမှန်တရား ရှာဖွေသူတွေကို ကိုယ့်ကဗျာက ဈာန်ဝင်လာပါစေ။ များသထက် များတဲ့သူတွေ အမှန်လောကကို ချဉ်းကပ်ပါစေ။
တကယ့်ဘ၀ဟာ စတင်ရာ ဖြစ်ပါစေ။
အလေ့အကျင့်ဟာ စတင်ရာ ဖြစ်ပါစေ။
တကယ့်သရုပ်ကို လှစ်ပြတာ စတင်ရာ ဖြစ်ပါစေ။
တကယ့်သရုပ်ကို ပြောင်းလဲတာ စတင်ရာ ဖြစ်ပါစေ။
အဘိရူပ (metaphysics) ကို စတင်ရာ မဖြစ်စေနဲ့။
မိမိဟာ ဒီနိုင်ငံသား၊ ပစ္စက္ခခေတ်ရဲ့ လူ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ ကဗျာဆရာဟာ ကိုယ်မြင်ရ ကြားရတာကိုပဲ ရေးနိုင်တယ်။ မိမိကဗျာတွေဟာ ကနေ့ ပြည်သူတွေအတွက် ရေးတာဖြစ်တယ်။
ကဗျာဆရာဟာ မိမိခေတ်အပေါ် မှန်ကန်ရမယ်။ မိမိပြည်သူတွေအပေါ် မှန်ကန် ရမယ်။
ကနေ့အပေါ် မှန်ကန်သူများကသာ နက်ဖြန်အပေါ် မှန်ကန်မယ်လို့ ပြောနိုင် ကြတယ်။

Friday, January 25, 2008

လရောင်တွေကို ခိုးယူခံလိုက်ရတဲ့အခါ

ဆရာတင်မိုးကို တသရင်း တပြိုင်တည်း ဆက်လွမ်းမိတာက ဆရာတင်မိုးကို ချစ်လွန်းလို့ သူ့ကလောင်နာမည်မှာပါ မိုး ထည့်ထားတဲ့ သူငယ်ချင်းဖြစ်သူ တော်လှန်ရေးသမား ကဗျာဆရာ ကိုထက်မိုးကိုပါ။ ကျနော်တို့နှစ်ယောက် ဆုံမိရင် ကဗျာလောကမှာ မိုးကြီး သုံးမိုးရှိတယ်၊ တင်မိုး ထက်မိုး နှင်းခါးမိုး ပဲဆိုပြီး ခပ်တည်တည်နဲ့ ဆရာကြီးတင်မိုးနဲ့ ယှဉ်ပြီး မတန်မရာ နောက်ပြောင် ပြောကြလေ့ ရှိပါတယ်။ တကယ်က ဆရာနဲ့ ကျနော်တို့က လမင်းနဲ့ ကြယ်သိမ်ကြယ်မွှားတမျှ ကွာခြားပါတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ ဘ၀လက်တွေ့ တထပ်တည်း ကျအောင် နေခဲ့တဲ့ ကိုထက်မိုးကတော့ တောက်ပြောင်တဲ့ ကြယ်တစင်းအဖြစ် ထွန်းလင်းခဲ့သူလို့ ဆိုရမှာပါ။ သူမြတ်နိုးတဲ့ ဒေါင်းအလံနဲ့အုပ်ပြီး ၂၀၀၅ ခုနှစ်မှာ သူ့ကို နှုတ်ဆက်ခဲ့ကြရပေမယ့် တောင်တန်းတွေကို အတူရွှေ့ကြရအောင်လို့ သူခေါ်ခဲ့တဲ့ အသံကတော့ ကျနော်တို့တွေရင်ကို အခုထိ တုန်ခါစေဆဲပါ၊ ကျနော် တတိယနိုင်ငံမြေကို နင်းမိစ အချိန်မှာပဲ နောက်ကလိုက်လာတဲ့ သူဆုံးပြီဆိုတဲ့ သတင်းက ကျနော့်ရင်ဝကို လှံတချောင်းလို ထိုးစိုက်လိုက်ပါတယ်။ ဖွယ်ဖွယ်ရာရာ စကားလုံးတွေတောင် မရှာနိုင်ပဲ ကဗျာတပုဒ်နဲ့ ကျနော်ငိုမိခဲ့တယ်။

ရင်ဝစိုက်တဲ့ကောင်

ကာရန်ရှာတဲ့လက်ဟာ
သေနတ်မောင်းခလုတ်ကိုဖြုတ်တယ်။

ဘ၀ကိုအင်ဖက်မိုးပြီး
ကျည်အပြည့်ထိုးထားတဲ့နှလုံးသားဟာ
တောင်တန်းတွေကိုရွှေ့လို့မပြီးခင်
ကံကြမ္မာက နောက်ကျောဓါးနဲ့ထိုးတာ ခံလိုက်ရ။

သူချစ်တဲ့ငမိုးရိပ်ချောင်းကမ်းမှာ
ခုချိန်ဆို ခရာတွေပွင့်နေလောက်ရော့မယ်၊
ဘူးစင်အောက်ကလက်ဖက်ရည်ဆိုင်လေးမှာတော့
ကဗျာဆရာတယောက်က
ပျောက်သွားတဲ့သူငယ်ချင်းတွေကိုစောင့်လို့။

စာတအုပ်တည်းအတူဖတ်ခဲ့ကြပေမယ့်
မြစ်တမြစ်ဆီရေချိုးဆင်းခဲ့ကြတယ်။
ပုံပြင်ကလေးက ဤမျှသာ၊

စုကြည်မိုးရဲ့ကမ္ဘာမှာ
အခိုးခံရတဲ့လရောင်တွေပြန်ရွာချပေးဖို့ဆိုတာ
မိုင်ခြောက်ထောင်အကွာလောက်ကရေးပို့တဲ့ကဗျာတပုဒ်နဲ့
မလုံလောက်ဘူး
ဝန်ခံတယ်။ ။

နှင်းခါးမိုး
(စုကြည်မိုးဆိုတာ အဖေ့နား အမြဲကပ်နေတတ်တဲ့ သူ့ချစ်သမီးလေးပါ)

သူ့ကဗျာတွေကို ငုရင်ပြင်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
အောက်မှာ ဖေါ်ပြလိုက်တာကတော့ မိခင်ကို ဆုံးရှုံးရစဉ် ထောင်တွင်းမှာ ရေးခဲ့တဲ့ သူ့ရဲ့ ကဗျာတပုဒ်ပါ။
မျှဝေ ခံစားနိုင်ကြပါစေ။
သံဆူးကြိုးပေါ်က လရိပ်

၁။

၉၀ ဖေဖေါ်ဝါရီ ၂၂ ရဲ့
သင်္ချိုင်းမြေမှာ
မီးခိုးဖြူတွေလွင့်ပါး
တစတစမှုန်ဝါး
အမေ ထွက်ခွာသွားပြီ။

၂။
၅၂ နှစ်
အချစ်နဲ့ဒေါသတရား
တ၀မ်းတခါးနဲ့မာန
လမ်းဘေးဈေးသည်မရဲ့ဈာပန
ဘယ်သူမျက်ရည်ကျရဲပါသလဲ။

ပေးဝေရင်းနှီး တဲ့
သမီး-၃ သား-၃
လူတလုံး သူတလုံး
အမေရယ် အတွေးမှဆုံးသွားရှာရဲ့လား။

မနုသတ္တ ဒုလ္လဘ တဲ့
ရခဲလှသတဲ့ လူ့ဘဝ
ဗုဒ္ဓဒေသနာ
ဝါ၀င် ၀ါထွက်အိပ်မက်
အမေ တပ်မက်ရဲပါအုန်းမလား။

လူသားတယောက်ရဲ့ဘ၀ခရီး
ပြီးစလွယ်နိုင်လွန်းစွာ
သံသရာတောမီးမှာ
ထီးမပါ ဖိနပ်မပါ
ညောင်ပင်ကြီးလဲမပါ၊ ညောင်စေ့လဲမပါ
အားနာနာနဲ့ဆုတောင်း
အမေလည်း ကောင်းရာသုဂတိလားပါစေ။

၃။
အမေ့ဈာပန
သံတိုင်တွေကြားက ၅ည သား
အတွေးနဲ့ပို့သ
တဘ၀စာ
ဒါဏ်ရာရခဲ့သူ

ထက်မိုး
(၂၂ ဖေဖေါ်ဝါရီ ၁၉၉၂ ရက်နေ့တွင် ကွယ်လွန်သွားသော မိခင်အား ရည်စူး၍ ထောင်ထဲတွင် ရေးသားသော ကဗျာ)

Thursday, January 24, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၇) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


ခါးသီးတဲ့နှစ်များ

၁၉၃၇ မှာ ဂျပန်ခုခံရေးစစ်ပွဲ မတိုင်ခင်နေ့က ပန်လည်ရှင်သန်တဲ့မြေကြီး မှာ ကျုပ်ကူဆွေးတဲ့ ကဗျာဆရာငဲ့၊ ခင်ဗျားလည်း အတိတ်က ကြေကွဲဖွယ်ကို ခါချရမယ် လို့ ရေးခဲ့တယ်။ အဲဒီနှစ်မှာပဲ ကျုပ်ဟာ တရုတ်မြေပေါ် မိုးနှင်းကျတယ် ကို ရေးခဲ့ရာမှာ ငါ့လူငယ်ဘ၀ရဲ့ အဖိုးတန်ဆုံး အချိန်အများစုကို လှည့်လည် ရင်းမှာ ထောင်ထဲမှာ ဆုံးရှုံးခဲ့ရတယ် လို့ တသခဲ့တယ်။ နှစ်ခုစလုံးဟာ ကျုပ်ရဲ့ ခံစားချက် အမှန်တွေကို ဖေါ်ပြနေကြတာပါပဲ။
တချို့လူများက ကျုပ်ဟာ အလွမ်းအဆွေး ကဗျာတွေကိုသာ ရေးနိုင်စွမ်းတယ်လို့ ထင်ကြတယ်။ ကျုပ် ပြောခဲ့ဘူးပါတယ်။ ကျုပ်ကဗျာ အတော်များများဟာ ကျုပ်အကြောင်းတွေပါ။ ဒါပေမယ့် ဒီလို ကျုပ်အကြောင်း သရုပ်ဖော်ချက်ဟာ ကဗျာတွေကို ရေးစဉ် ခေတ်ကာလနဲ့ တရင်းတနှီး ဆက်စပ်နေပါတယ်။ ပစ္စုပ္ပန်က ခွာလိုက်ရင် ကျုပ်အရိပ်ကို ကျုပ် မတွေ့နိုင်တော့ဘူး။ (၁၉၈၁၊ ကဗျာလေ့လာမှု အမှတ် ၁ ကို ရှု) လူတယောက်က တဆင့် ခေတ်ကိုရေးရာမှာ ခေတ်ကတဆင့် လူကို ရေးရသလိုပဲ။ လူနဲ့ သူ့ခေတ်ကို ခွဲလို့ မရပါဘူး လို့။
ကျုပ်ရဲ့ ကဗျာသဘောတရားများမှာ ကျုပ် ယူဆတာက ခါးသီးမှုကို တရင်းတနှီး ရှိကြရ။ စိတ်ချမ်းသားမှုဆိုတာ တစိမ်းပြင်ပြင် ဖြစ်ကြရတဲ့ ဒီခေတ်ကြီးမှာ ရွှန်းလန်းမှု သယ်ဆောင်ပေးနိုင်တာက ကိုယ့်ခါးသီးမှုကို ကမ္ဘာကုန် သိသွားအေင် အော်ဟစ်လိုက်တာပဲ ဖြစ်တယ်။ နှုတ်အသူများဟာ ကျုပ်တို့ထက်တောင် ဒုက္ခဆင်းရဲ ရောက်နေကြသေးတယ်ဆိုတာ ကျုပ်တို့ သိကြတယ်လို့ ဖြစ်တယ်။
အဲဒီအချိန်တုန်းက ကျုပ် ပြောခဲ့သေးတာက ဒီခေတ် ဒီအခါမှာ အသက်ရှင်နေတဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို စိတ်မပျက်ပါနဲ့လို့ ဆုံးမသြ၀ါဒ ပေးတာဟာ ရွံ့နွံအိပ်မက် ဆိုးထဲ ရုန်းကန်နေတဲ့ လယ်သမားများကို အားမလျော့ပါနဲ့လို့ သွားပြောတာနဲ့ တူတယ်။ မဆင်မခြင် အလောတကြီး ပေးတဲ့ အကြံမျိုးပဲ လို့ ဖြစ်တယ်။
ဒီလိုလည်း ကျုပ် ပြောဖူးတယ်။ လူတဦးချင်းရဲ့ သုခ ဒုက္ခဆိုတာ သူ့ခေတ်ရဲ့ သုခ ဒုက္ခနဲ့ နှောနေရမယ်။ ခေတ်ရဲ့ သုခနဲ့ ဒုက္ခဟာ လူတဦးချင်း သုခ ဒုက္ခထဲ ပျော်ဝင်နေရမယ် လို့။
ခေတ်ဆိုတာ လေအလွှာကြီးတခုနဲ့ တူတယ်။ ခေတ်တခုလုံးက ပူဆွေးနေရင် ဘယ်နှယ်လုပ်ပြီး လူတယောက်ဟာ ပျော်တယ်လို့ ဆိုမတုန်း။ လူဟာ ကမ္ဘာ လောကနဲ့ ကင်းကွာလို့ ရတယ်လို့ ယုံကြည်ပြီး မိမိအကြောင်း ရေးဖို့ အားသန် တယ်ဆိုတာ ရိုးအ တာပဲဖြစ်တယ်။
ကျုပ်ဘ၀ ဘယ်အချိန်ပိုင်းမှာမှ အကြီးအကျယ် ပျော်လှချည့်လို့ ရှိခဲ့ဖူးတာ မမှတ်မိဘူး။
ကျုပ် ခံစားဖူးသမျှ အကြီးမားဆုံး ပျော်ရပုံကတော့ ဂျပန် ချွင်းချက်မရှိ လက်နက်ချလိုက်ပြီ ဆိုတဲ့သတင်း ယင်အန်ကို ရောက်လာတဲ့ ၁၉၄၅ သြဂုတ် ၁၅ ညမှာပါပဲ။ ဗုံသံ၊ မောင်းသံ လေထဲမှာ ပြည့်လျှံနေတယ်။ နေရာတကာမှာ လူတွေ ကကြ သီချင်းဆိုကြနဲ့။ ကျုပ် အဲဒီအချိန်က အရူးအမူး အောင်ပွဲခံည ကဗျာကို ရေးလိုက်တယ်။ ဒါတောင် ကျုပ် ခံစားမှုကို အကုန် မဖော်ပြနိုင်ခဲ့ပါဘူး။
ဓမ္မတာ အတိုင်းပေါ့။ ကျုပ် ကြည်နူးဖွယ် ကဗျာတချို့ ရေးဖူးပါတယ်။ ၁၉၅၄ ဆောင်းဦးတုန်းက မော်စကိုထဲ ဖြတ်သွားစဉ် လူငယ်ပွဲတော်နဲ့ သွားတိုးတာမို့ မြူးကြွရောင်စုံ စက္ကူတစဖွဲ့ ကဗျာကို ကျုပ် ရေးလိုက်တယ်။ ဒါလည်း သူများ အကြောင်းပါ။ ၀တ်စုံနဲ့ ကနေတဲ့ လူငယ်တွေအကြောင်းပါ။

..................
မင်းနှာခေါင်းက နှင်းပန်းနှယ်
မင့်နှုတ်ခမ်း ပွင့်ဖတ်တို့နှယ်
မင့်ပိုးသားမျက်နှာဖုံးကို ချွတ်ပ
မင့်မျက်လုံးတွေကို ကြည့်ပါရစေ

ဒါပေမယ့်... အချိန်၊ သြော် သောမရည်ချိုနှယ်ပဲ
ငါတို့ သောမရည်သောက်သူတွေ

သစ်ပင်ကိုင်းက ရွက်ဦးတွေ ချပေးပေါ့
လေဟာ ချမ်းစိမ့်စိမ့် သစ်သီးရည်နှယ်..။

လူများက မကြာမကြာ မေးကြတယ်။ ဘယ်လိုလုပ်ပြီး ထိုးဖေါက်နိုင်စွမ်း (အောင်မြင်မှု) ရအောင် လုပ်ရပါသလဲ တဲ့။
ဘာ့ကြောင့် ထိုးဖေါက်နိုင်စွမ်း ရအောင် လုပ်ဖို့ လိုနေတာလဲ။ ဘာကများ နောက် ကို ဆွဲထားနေသလဲ။
ဟောဒါတွေ အားလုံးပါပဲ။ နည်းလမ်းဟောင်းတွေ လိုက်တာ၊ ပုံသေကားချပ်ဟန်နဲ့ ရေးနေတာ၊ သာမန်ရိုးရိုး ဖြစ်နေတာ၊ စာဖတ်သူတွေ အရင်က တွေ့ဖူးသလိုရှိတဲ့ အရေးအသားတွေမှာ စုန်းစုန်းမြုပ်နေတာ...။
ထိုးဖေါက်နိုင်စွမ်းဆိုတာက အချုပ်အချယ်တွေထဲက ဖောက်ထွက်တာ။ ဘ၀ဆီ ရှေ့ရှုတဲ့လမ်းကို ရှာတာ၊ မျက်နှာအသစ် ဖွင့်လှစ်ပြတာကို ဆိုလိုတယ်။
ထိုးဖေါက်နိုင်စွမ်း ဖြစ်စေတဲ့ ခွန်အား ဘယ်က လာသလဲ။ နေရာ လေးငါးနေရာက လာပါတယ်။ အဲဒီထဲမှာ ပါဝင်တာကတော့ အသစ် ဖြစ်ပေါ်မှုတွေကို ခံစားတတ် စွမ်းရယ်၊ အနုပညာလက်ရာများမှာ ပေါ်လွင်လာတဲ့ ဗဟိဒ္ဓကမ္ဘာရဲ့ နက်ဂတစ် အသွင်ကို တွေ့မြင်တတ်စွမ်းရယ်ပါပဲ။ ဒါတွေက တိုက်ပွဲဆင်ဖို့ အပူတပြင်း ဆန္ဒကို ဖြစ်ပေါ်စေတယ်။
ထိုးဖေါက်နိုင်စွမ်းဆိုတာ တကယ်ကတော့ ပိတ်ဆို့ ခံနေရခြင်းဆိုတဲ့ စိန်ခေါ်မှုကို တုံ့ပြန်တာပဲ ဖြစ်တယ်။
ဒီအခြေအနေမှာ စစ်သေနင်္ဂဗျုဟာ နည်းနာများနဲ့ အနုပညာ နည်းနာတို့ဟာ အတူတူပဲဖြစ်တယ်။
အချိန်ကာလ ဇရာထောင်းနေပြီဖြစ်တဲ့ ဒီကမ္ဘာလောကမှာ ပြဿနာတွေ တပုံ တခေါင်း ရင်ဆိုင်နေရတယ်။
ကဗျာကို ဘယ်လိုလုပ်ကြမလဲ။
ကဗျာနဲ့ လူ့လောက ဆက်သွယ်မှုက ဘယ်လိုဖြစ်ရလဲ။ ခွဲခွာရေးလား။ တလမ်း တည်း လိုက်ရေးလား။
ကဗျာနဲ့ လူ့လောက အတူစဉ်းစားကြရမယ့် ပြဿနာတွေက ဘာတွေလဲ။ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့၊ စွမ်းအင်အကြပ်အတည်း၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ လူဦးရေပေါက်ကွဲမှု (၀န်းကျင်) ညစ်ညမ်းမှု..။
ဘာကို သူတို့ အတူ တွေးကြံကြမလဲ။ စစ်နဲ့ အငတ်ဘေး၊ ပြီးတော့ အနုပညာ၊ မေတ္တာ၊ အလှ..။