Monday, January 14, 2008

သက္ကရာဇ်တွေပေါ်မှာ ဖူးလိုက်ကြွေလိုက်

လွန်ခဲ့တဲ့ ၂ နှစ် ရေစိမ်းမြေစိမ်းကို စရောက်ကာစ ပထမဆုံးကြုံရတဲ့ နှစ်ကူးညကို ငေးမောရင်း ရေးဖြစ်ခဲ့တဲ့ ကဗျာတပုဒ်ပါ။ နှစ်တိုင်း နှစ်ကူးညကောင်းကင်ယံမှာ မိုးလုံးပြည့်ပြည့်သွားတဲ့ မီးရှုးမီးပန်းတွေကိုမြင်တဲ့အခါ ဒီကဗျာလေးကို သတိ သွားသွားရမိပါတယ်။ သက္ကရာဇ်တွေ ပြောင်းသွားပေမယ့် တချို့အရာတွေက မပြောင်းခဲ့ပါဘူး။

၂၀၀၅ ရဲ့ ဒေါက်ဖိနပ်တဘက်

၁။
နှစ်ထောင့်ငါး ရဲ့နောက်ဆုံးထွက်သက်ဟာ
မီးရှုးမီးပန်းတွေဖြစ်သွားတယ်။

နှစ်ထောင့်ငါး ထဲမှာ
ပွင်ခဲ့ကြ ကြွေခဲ့ကြ
မှတ်ပုံတင်ပျောက်ခဲ့ကြ
သိန်းသုံးရာထီပေါက်ခဲ့ကြ
ချစ်သူ့အပြုံးကို ဝတ်မှုံကူးခဲ့ကြ
ဒါဏ်ရာတွေပေါ်မှာမီးပုံပွဲလုပ် ကခုန်ခဲ့ကြ
ပြတင်းပေါက်ကိုဖွင့်ပြီး သစ်ကိုင်ဖျားက လ ကို စိတ်ကူးနဲ့မျှားခဲ့ကြ၊
မျက်ရည်များ
ဆပ်ပြာပူဖောင်းများ
စက္ကူမှဖူးခဲ့ကြသောပန်းများ
မြေခွေးနဲ့ကြက်ခြံပုံပြင်များ
စာသားနဲ့သံစဉ်လွဲမှားနေသောသီချင်းများ
ရုပ်ရှင်ရုံအပြင်ဘက်က နောက်ဆုံးဆာမူရိုင်းများ။

လူတွေကတော့လေ
ဘာမှမဖြစ်ခဲ့ကြတဲ့အတိုင်း
အခုလည်း နှစ်ထောင့်ခြောက်ကိုကြိုကြအုန်းမတဲ့။

တမြို့လုံးမီးတွေဆင်ကြ
တယောက်နဲ့တယောက်ချိန်းဆိုကြ
ဆုတောင်းတွေအပြန်အလှန်ပို့ကြ။
ကဗျာရေးတဲ့သူကရေး
သီချင်းတိုက်တဲ့သူကတိုက်
အင်္ကျ ီအသစ်ချုပ်တဲ့သူကချုပ်
အထူးထုတ် ထုတ်တဲ့သူကထုတ်
လျော့ဈေးချတုန်းဈေးဝယ်သူကဝယ်။

၂။
ဒီဇင်ဘာသုံးဆယ့်တစ်ဟာ
ကျည်ထိုးထားတဲ့သေနတ်လို
ငြိမ်သက်နေပေမယ့် မောင်းတင်ပြီးသား၊

ပြီးရင် ကမ္ဘာပတ်ပြီး
မြို့ကြီးတွေကခုန်ကြတော့မယ်၊
ဘယ်နေရာမှာဖြစ်ဖြစ်
တချို့ကစောပြီး
တချို့ကနောက်ကျကြတယ်။

တခွက်ပြီးတခွက်သောက်လာတဲ့ နှစ်ထောင့်ခြောက်ဟာ
အမေရိကအနောက်ဘက်ကမ်းခြေပေါ်မှာ ပစ်လဲကျသွားတုန်း
နှစ်ထောင့်ငါးရဲ့ဒေါက်ဖိနပ်တဘက်ကို
သဲပြင်ပေါ်မှာ သူကောက်ရလိုက်တယ်
သူလှမ်းကြည့်လိုက်တော့
အဆုံးမဲ့ရေပြင်ကျယ်ထဲ
တဖြေးဖြေးဝေးသွားသော လှိုင်းများ၊
နှစ်ပေါင်းဘယ်လောက်များများ
လူ့သမိုင်းပေါင်းဘယ်လောက်များများ
ဒီသမုဒ္ဒရာထဲ နစ်မြုပ်ခဲ့ပြီးပြီလဲ။

နှစ်ထောင့်ခြောက်ဟာ
သူ့ပုခုံးပေါ်က
ဆုတောင်းတွေ စိတ်ကူးတွေ စီမံကိန်းတွေ
အာဃာတတွေ အမုန်းတွေ လူသားဗုံးတွေ
စာချုပ်တွေ ညီလာခံတွေ
သံတမန်စကားလုံးတွေ ကတိတွေ ရာဇသံတွေ၊ ဘာမှဖြစ်မလာမှုတွေ
ရုန်းကန်မှုတွေ တော်လှန်မှုတွေ ယုံကြည်မှုတွေ
ဘဝတွေ ဘဝတွေ ဘဝတွေ
သဲတွေလို လွယ်လွယ်ခါချလို့မရမှန်း သိလိုက်တယ်၊

၃။
ဂဏန်းတွေကိုနောက်ပြန်ရေတွက်ကြတယ်
ကုန်ခါနီးလေတုန်ဟီးလေ
နောက်ဆုံးတော့မောင်းခလုတ်ကိုဖြုတ်လိုက်ကြ
ကောင်းကင်သာဒီထက်နည်းနည်းနိမ့်ရင်
ပွင့်ထွက်သွားနိုင်ရဲ့
မြေပြင်ကပစ်တင်လိုက်တဲ့ကြယ်တွေဟာ
အရောင်စုံ အရွယ်စုံ၊ မိုးယံမှာကခုန်ကြ
အဝေးကကြယ်မှိတ်တုတ်လေးတွေတောင်
မင်သက်ငေးမောကြရ
တရားလည်းရစရာ
အတုတွေက ပိုလှ
ဒါပေမယ့် ခဏ။

မီးရှုးမီးပန်းတွေဟာ
လေမှာပွင့်ပြီး လေမှာကြွေတာပါ။
ဒါပေမယ့်
ဘယ်သူပဲဖြစ်ဖြစ်
ခဏတော့ ငေးမိကြတယ်။ ။

နှင်းခါးမိုး

3 comments:

တန္ခူး said...

အံ့သြစရာက "၂၀၀၅ ရဲ့ ဒေါက်ဖိနပ်တဘက်" က ၂၀၀၈ ထိ လှနေတုန်းပဲ။ သူငယ်ချင်း သိပ်မရှိဘူးဆိုတဲ့ ကိုဝေလင်း ၂၀၀၈မှာ သူငယ်ချင်းစစ်စစ်တွေ ရပါစေလို့...။

Kaung Kin Ko said...

ဖတ်ဖူး သမျှနှစ်သစ်ကူး ကဗှာတွေ ထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပါပဲ။

ဆောင်းယွန်းလ said...

ဒီကဗျာလေးကိုအရမ်းကြိုက်တယ်ဗျာ။