Friday, January 11, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၄) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


ကဗျာရဲ့ ဘာသာစကား

ကဗျာဆိုတာ ဘာသာစကားရဲ့ အနုပညာ၊ ဒီတော့ အနုပညာရဲ့ ဘာသာစကား လိုတယ်။ သာမန်ပဲ၊ တုံးတုံးပဲ ထင်ရပေမယ့် ကြွယ်ဝမှု ပြည့်နေတဲ့ ဘာသာစကားကို ဖွေရှာပါ။
ဘာသာစကားဟာ မျိုးရိုးသဘာဝ ဆောင်သလို ခေတ်ရဲ့စိတ်ဓါတ်လည်း ဆောင်တယ်။
အကောင်းဆုံး ဘာသာစကားဟာ တကယ့်ဘ၀က လာတယ်။ ဘ၀က ခွာလျှင် ဘာသာစကား မဲ့သွားတော့တာပဲ။ အထိခိုက်ဆုံး ဘာသာစကားဟာ ဘ၀ကို ပီပီပြင်ပြင် သရုပ်ဖော်တဲ့ ဘာသာ စကားဖြစ်တယ်။
ကိုယ်စားပြုပေမယ့် သိမ်မွေ့တဲ့ အရာများ၊ လှုပ်ရှားမှုများ၊ ခံယူချက်များကို ဖော်ပြဖို့ ရိုးရိုးနဲ့ ဆီလျော်တဲ့ ဘာသာစကားကို သုံးပြီးတော့သာ အနုပညာ မြောက်တဲ့ စွမ်းပကားကို ရရှိနိုင်တယ်။
အရာဝတ္ထုတိုင်းရဲ့ ညုကလိယာစ်ကို ဆုပ်ကိုင်နိုင်စွမ်းဟာ ကဗျာဆရာရဲ့ အရေးကြီးဆုံး အရည်အသွေး ဖြစ်သင့်တယ်။
ခေတ်သုံး၊ လူထုသုံး ဘာသာစကားနဲ့ ပြောပါ။
ကဗျာရဲ့ ဘာသာစကားကို ပြည်သူလူထုက နားလည်ရမယ်။
ဟောင်းလွန်းတဲ့ အဖွဲ့အနွဲ့များကို အသိရှိရှိနဲ့ ပစ်ပယ်ပါ။ လတ်လတ်ဆတ်ဆတ် အစားအစာမှ ခံတွင်းတွေ့နိုင်တယ်။ ကလီရှေး ဆိုတာ ပုပ်သိုးနေတဲ့ အစာပါပဲ။
သူများတွေ အကြိမ်ထောင်သောင်း သုံးပြီးသား နာမ၀ိသေသနများ၊ အီဒီယမ် များကို ရှောင်ပါ။ အရာတခုစီကို ဖော်ပြဖို့ ကိုယ်ပိုင် နာမ၀ိသေသနများ ရှာဖွေရမယ်။
အတွေးက ဘယ်လောက်ပဲ နက်နဲမြင့်မားပါစေ၊ ဘာသာစကားကတော့ ရှင်းရှင်း လွယ်လွယ် ရှိနေရမယ်။
မိမိရဲ့ ဘာသာစကားဟာ ကိုယ်ပိုင်ဟန် ရှိမယ်။ သူတပါး မကြာမကြာ သုံးပြီးသား ရူပကကို ရှောင်ပါလေ။ ဒီလိုနည်းနဲ့သာ အရာဝတ္ထုတွေထဲကို ပိုမိုနက်နက် တူးဖောက်နိုင်စွမ်း ရလိမ့်မယ်။
မပျင်းပါနဲ့၊ ရူပက အသစ်တွေကို ကိုယ့်ခံစားချက်နဲ့ ရှာဖွေပါ။ ရာသီဥတုလိုက်ပြီး အ၀တ်အစား လဲပေးရသလိုပေါ့။
ခုန်လွှားပါ။ ဖြစ်စဉ်မှာ မလိုလားအပ်တဲ့ အဆင့်တွေကို ဖြုတ်ပစ်ပါ။ ဆက်နွယ်မှုနဲ့ စိတ်ကူးမှု အဆက်အသွယ်ကို ရှင်းလွန်းအောင် မလုပ်ပါနဲ့။ တခါတလေ အဆက်အစပ် မရှိဘူးလို့ ထင်ရတဲ့ အရာများမှာ အတွင်းချိတ်ဆက်ကလေး ရှိနေတတ်တယ်။
နက်နဲပါ။ ဒါပေမယ့် နားလည်ဖို့ လွယ်ပါစေ။ ထိခိုက်နိုင်စွမ်းပါစေ။ ဒါပေမယ့် ဟန်ဆောင်ပန်ဆောင် မလုပ်ပါနဲ့။ ရှင်းလင်းပါစေ။ ဒါပေမယ့် မတိမ်ပါစေနဲ့။
ဇာတ်လမ်းပြောရာမှာ ရှင်းလွန်းတာ၊ တည့်တိုးကျလွန်းတာဟာ ရေမကူးတတ်ဘူး ရယ်လို့ စိုးရိမ်တကြီးနဲ့ စာဖတ်သူကို တွဲပြီး လမ်းလျောက်ပေးတာ ဖြစ်တယ်။
ဖြုတ်စရာကို မဖြုတ်တတ်တာဟာ အရွတ်နဲ့အတူ အရိုးပါ ရောမွှေကြော်ပစ်တာ ဖြစ်တယ်။
မခုန်တတ်၊ မလွှားတတ်တာဟာ ကိုယ့်အဓိပ္ပါယ်ကို စာဖတ်သူက အကောက်မှား ရချည်သေး ဆိုပြီး ထိတ်လန့်တာပဲ ဖြစ်တယ်။
ချဲ့ကားပြောတာကို ကဗျာမှာ ခွင့်ပြုတယ်။
လီပိုင် ဟာ စိတ်အခြေအနေ (မုဒ) တရပ်ကို ဖော်ပြဖို့ ချဲ့ကားပြောဆိုတဲ့ ဘာသာစကားကို မြတ်နိုးခဲ့၊ သုံးစွဲရာမှာ အင်မတန် ကျွမ်းကျင်ခဲ့တယ်။ ကိုက်သုံးထောင်ရှည်တဲ့ ဆံဖြူ၊ မြစ်ဝါရဲ့ ရေတွေ နတ်ပြည်က စီးဆင်း၊ ပေသုံးထောင်နက် မက်မုံပွင့်ရေကန်... ဒါတွေအားလုံးဟာ နက်နက်နဲနဲ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြတယ်။ ဒါ လူအများစု မသုံးရဲတဲ့ ဘာသာစကားမျိုးပဲ။ ဒီလို ချဲ့ကား ပြောတာများကို သိပ္ပံစံတွေနဲ့ မဆုံးဖြတ်အပ်ဘူး။
ကဗျာတပုဒ်ကို ရေးဖွဲ့ရာမှာ ဒီကဗျာဟာ ပန်းချီကား တချပ်ဖြစ်ခဲ့လျှင် ဘယ်လို အနုပညာနည်းလမ်းများ သုံးပေလိမ့်မယ်ဆိုတာကို ဖော်ပြပုံကနေ သိမြင်နိုင်တယ်။ ဥပမာ.. အမြန်ပုံကြမ်းဆွဲတာ၊ သူတောင်းစားနဲ့ အ၀တ်ဖာတဲ့ မိန်းမ တို့မှာလိုမျိုး၊ အောက်လိုင်းသက်သက်မျှ ရေးလိုက်တာ၊ ကောက်ရိတ်သူငယ်၊ ဆောင်းရေအိုင်၊ ရေငှက် တို့မှာလိုမျိုး၊ ဆီဆေး၊ အထီးကျန် မြိုင်ကန္တာ၊ လမ်းမကြီး တို့မှာလိုမျိုး။
တမင်သက်သက် ဂမ္ဘီရ (လျှို့ဝှက်အသိခက်) မဆန်ပါနဲ့။ ကိုယ့်စာဖတ်သူတွေကို ဖတ်ရင်း စကားထာတွေ အဓမ္မ မှန်းဆ မခိုင်းပါနဲ့။ စကားလုံး ကစားတာတွေ မလုပ်ပါနဲ့။
ပင်ကို လှနေတဲ့ မိန်းမဟာ လှဖို့အတွက် အ၀တ်ကောင်း အစားကောင်းပေါ် အားမထားပါဘူး။ အလှစစ်စစ်က ခန္ဒာကိုယ် ကျန်းမာမှုအပေါ် တည်ပါတယ်။
ဒီလို ပြောလိုက်တာဟာ အလှမခြယ်ရဘူးလို့ ပြောလိုက်တာ မဟုတ်ဘူး။
ကဗျာမှာ ပါတဲ့ အရေးကြီးဆုံး အပိုင်းက ကဗျာဆရာ တွေးကြံထားတဲ့ နိမိတ်ပုံများရဲ့ အလှပဲ ဖြစ်တယ်။ ဒီအလှဟာ ကဗျာရဲ့ အတွင်းသားပေါ် လဲလျောင်းနေတယ်။
ကြီးမားတဲ့ ကဗျာ စာကြောင်းတွေဟာ ကျယ်ဝန်းတဲ့ အဓိပ္ပါယ်တွေ ဆောင်နေကြတယ်။ ဒဿန ဘာသာစကား ကြွယ်ဝတယ်။
အာဝဇ္ဇန်း ကြွယ်ဝတဲ့ ဘာသာစကားနဲ့ အရာဝတ္ထုတို့ရဲ့ အနှစ်ကို ဖော်ထုတ်ပြပါ။
ကြီးမားတဲ့ ကဗျာစာကြောင်းတွေဟာ ဒဿနက ထွက်လာတယ်။
အရာဝတ္ထုတွေထဲက ပဋိပက္ခများကို ဆုပ်ကိုင်ပါ။ ပဓာန အပိုင်းတွေကို ရည်စူးပါ။ စာဖတ်သူတွေကို နက်နက်နဲနဲ ၀င်စားလာပါစေလိမ့်မယ်။
ကိုယ့်ရဲ့ ကြွယ်ဝတဲ့ ဘ၀အတွေ့အကြုံကို ရောင်ပြန်ဟပ်နေတဲ့ ရှင်းရှင်းလွယ်လွယ် ဒဿနပါဝင်တဲ့ အများသုံး စကားပြော ဘာသာစကားကို သုံးပါ။
လူ့ဘ၀အကြောင်း နက်နက်နဲနဲ မတွေ့ဖူးလျှင် ဘ၀ရဲ့ ဂမ္ဘီရသဘောကို ထုတ်နှုတ် မယူနိုင်စွမ်းပဲ ရှိနေလိမ့်မယ်။
ဘာသာစကား အလုပ်လုပ်ပုံကို နားမလည်လျှင် စာဖတ်သူကို ထိခိုက်စေနိုင် စွမ်းတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။

No comments: