Tuesday, July 31, 2007

မျက်မှန်စိမ်းတလက်၊ ဂျင်းဂျာကင်တထည်နှင့် ဥရောပကော်ဖီတခွက်


(စာတမ်းငယ်)

သွေ့ခြောက်ခြောက် ရိုးတံကိုင်းဖျားတို့၏ စိမ်းနုပုရစ်ဖူးသေးလေးများပြူလှစ်
နေသည်ကပင် နွေဦး၏နိဒါန်းဟု ဆိုနိုင်သည်။ အန်ကျလာသော နေရောင်၏
အနွေးဓာတ်ကို ခိုလှုံရန် အပြင်လောကသို့ ထွက်လာသူများမှာ ဆောင်းကြွင်း
လေပြန်၏ အအေးဓါတ်ကြောင့် ရင်ဘတ်ကြယ်သီးများကိုဆွဲစေ့လိုက်ကြရသည်။
ကော်ဖီဆိုင်လေးများက အပြင်ထုတ်ကာစားပွဲခင်းထားကြသည်။ မိန်းမပျိုလေး
များမှာ စကပ်တိုလေးများဝတ်လာခဲ့ကြသော်လည်း အောက်က အသားကပ်
ခြေအိတ်ရှည်ကြီးများစွပ်လာသည်ကိုတွေ့ရသည်။ နွေရင်ခွင်ကို အတင့်ရဲရဲ
မတိုးဝင်ဝံ့ကြ ရှာသေး။ သူတို့လည်း ပုရစ်ဖူးလေးများလိုပင်။ သူတို့အလှကို
အားရပါးရဖွင့်လှစ်ပြဖို့ စိတ်စောနေကြပုံရသည်။
ကုန်တိုက်ကြီးများ၏ အပြင်မှန်ခန်းထဲမှာတော့ အရုပ်လှလှကလေးများက
နွေဦးဝတ်စုံသစ်များဖြင့် ပျံဝဲနေကြသည်။ မြို့လယ်ရင်ပြင်မှာတော့ လူတို့
စည်ကားလျက်။ မြို့ကို ပတ်ဝိုင်းအုပ်မိုးထားသည့် တောင်များပေါ် လှမ်းကြည့်
လိုက်လျှင်မူ နှင်းဖြူဖြူများ ပျော်ကျလွင့်ပျောက်ပြီးစ တောအုပ် ခြောက် ခြောက်
မှိုင်းမှိုင်းတို့ကို တွေ့ရသည်။
တောင်ထိပ်ရှိ ရှုခင်းသာ စခန်းလေးပေါ်မှာတော့ လူအုပ်ရိပ်ရိပ်ဖြင့် တိုးလှုပ်နေ
သည်။ ခပ်မတ်မတ် တောင်တက်သံလမ်းကလေးအတိုင်း လျှပ်စစ်ရထားလေးက
တရွေ့ရွေ့ တက်လိုက်ဆင်းလိုက်လုပ်ကာ လူတွေကို ကြိုပို့နေသည်။ တောင်လည်
လောက်အထိ ခါးပန်းများပေါ် မေးတင်ဆောက်ထားသည့် အိမ်ဖြူဖြူလေးများက
နေရောင်ထိုးဟပ်ကာ ပန်းချီကားတချပ်ထဲက ဆေးစက်ထင်းထင်းကလေးတွေလို
လှပ၀င်းလက်လို့ နေပြန်သည်။
တောင်ရိပ်ထိုးကျ ထင်ဟပ်နေသည့် မြို့လယ်ရေကန်ဘေးရှိ မြက်ခင်းစိမ်းများ
ပေါ်မှာတော့ မြေကြီးအောက်မှ ရောင်စုံပန်းဖူးကလေးများ တိုးထွက်နေသည်မှာ
ပုတီးစေ့ကလေးများ ပက်ကြဲထားသည့်နှယ်။ မိန်းမတယောက်က ခုံတန်းလျားပေါ်
ထိုင်၍ နေစာလှုံရင်း စာဖတ်နေသည်။ အတွဲတတွဲက ကလေး လက်တွန်းလှည်း
ကလေးကို တွန်းရင်း ဖြေးဖြေးလျောက်ကာ စကားတွေဖောင်ဖွဲ့နေကြသည်။
မီးတိုင်မြင့်မြင့်ကြီးများ တန်းစီစိုက်ထူထားသည့် ကန်ဦးယင်ပြင်မှာတော့ ညနေခင်း
ဂီတစင်မြင့်တခု ပြင်ဆင်နေတာ တွေ့ရသည်၊
နေရောင်ကျသည်နှင့် လျှပ်စစ်ဂီတာကြိုးညှိသံတို့ တုန်ခါထွက်လာကြတော့မည်။
နွေဦးသည် လှပသောမိန်းမပျို တဦးဟု ဆိုပါတော့။ ကျနော်သည် သူမ၏ ဆံနွယ်စ
တို့ကို ယုယုယယ၊ ဖွဖွညင်ညင် ထိုးဆွနမ်းရှိုက်လိုက်မိ၏။

၁၉၈၅ ခုနှစ်ကျော် ၀န်းကျင်ကထင်သည်။ ကျနော် လေးစားချစ်ခင်ရသူတစု၏
အားထုတ်မှုဖြင့် ကဗျာမဂ္ဂဇင်းတစောင် ထွက်ခဲ့သည်။ နံမည်က နွေဦး။
ဆရာဒဂုန်တာရာထံ တာရာမဂ္ဂဇင်းနံမည် အမွေတောင်းခံခဲ့သော်လည်း ဆရာက
တာရာကို တာရာအတိုင်းပင် သမိုင်းထဲမှာ ထားခဲ့ချင် သည်ဟု ဆိုသည်။
သို့ပေမယ့်တာရာမဂ္ဂဇင်းအမှတ် (၁) ၏ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှ
နွေဦးဆိုသည့်နံမည်ကိုမူ သုံးခွင့်ပေးလိုက် သည်ဟု ကြားဖူးခဲ့သည်။ ထိုအချိန်က
ကျနော်၏အပြင်းပျဆုံးဆန္ဒမှာ နွေဦးတွင် ကဗျာပါလိုခြင်း။ သို့သော် အမှတ် (၂) ထွက်မလာတော့သဖြင့် ကျနော့်ဆန္ဒ မပြည့်ဝခဲ့။ သို့ပေမယ့်နွေဦးကိုတော့
စကားလုံးတလုံးအဖြစ် ချစ်ခဲ့မိသည်။
ကြည်လင်သော၊ လန်းဆန်းသော၊ လွတ်လပ်သော၊ အလှတရားဖြင့်ပြည့်ဝသော၊
ညစ်နွမ်းအုံ့မှိုင်း မွန်းနစ်ခဲ့ရသမျှထဲမှ မျှော်လင့်တောင့်တ တမ်းမက်မောခဲ့ရသည့်
နွေဦး။

တကယ်တော့ နွေဦးက ခေတ်ဆန်သည်။ မြန်မာလိုတော့ နွေပေါက်ပြီဟုပဲပြောကြ
သည်။ နွေပေါ်ပြီဟုလည်း ရေးကြသည်။ ခါနွေဆန်းချိန် ဟုလည်းစာထဲဖွဲ့ကြသည်။
နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီအောက်မှာ ကျနော်တို့ ကြီးပြင်းခဲ့ကြရသည်။
အောက်ပြည်အောက်ရွာမို့ မိုးက ကောင်းသည်။ တခါတရံ ကျနော်တို့ ရန်ကုန်
ဆင်ခြေဖုံး ရပ်ကွက်ကလေးမှာ ရေခါးဝက်လောက်မြုပ်နေတတ်သည်။ နွေဆိုလျှင်
အကျီချွတ်ကာအိမ်အောက်ထဲ ဆင်းနေကြရသည်။
ဖုံက အလုံးလိုက် လမ်းပေါ်ကနေ အိမ်ထဲဝင်လာသည်။ မှောင်စပျိုးသည်နှင့် ခြင်ထု
ကြီးက ပြည့်လာသည်။ ဆောင်းဆိုလျှင် သစ်ရွက်ခြောက်တွေ အမှိုက်တွေစုကာ
မီးပုံရှို့လှုံရသည်၊ နှာစေးကာ မျက်လုံးတွေနီရဲ၊ အသံမထွက်၊ အိပ်ယာထဲ အဖျား
သွေးတ၀က်ဖြင့် အိပ်မက်ဆိုးမှ လန့်လန့်နိုးရသည်။
ရာသီသုံးခုစလုံးက သူ့နည်း သူ့ဟန်ဖြင့် နှိပ်စက်ကြသည်ချည်း။ ထိုစဉ်က
အကောင်းကိုဖွေ၍ အလှကိုရှာ မချစ်တတ်ဟု သူငယ်ချင်းတယောက်က
ဝေဖန်သည်ကို မှတ်မှတ်ရရဖြစ်မိ၍ ကဗျာတိုလေးတပုဒ်ရေးခဲ့ဖူးတာ သတိရသည်။

နွေဆိုရင်လည်း၊ ပူတယ်လို့ပြော
မိုးဆိုရင်လည်း၊ စိုတယ်လို့ပြော
ဆောင်းဆိုရင်လည်း၊ အေးတယ်လို့ပြော
နွေနဲ့မိုးဆောင်း၊ ရာသီပြောင်းတိုင်း
မင်းခေါင်းထဲမှာ၊ အပြစ်ရှာတယ်
ဒါတရားသလားသူငယ်ချင်း ... ဟု။
ကဗျာခေါင်းစဉ်က “မျက်မှန်စိမ်းကလေး ချွတ်လိုက်ပါ” ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကစ၍ မျက်မှန်စိမ်း
ကျွတ်သွားခဲ့သည်ဟုတော့ တိတိကျကျမပြောနိုင်။ သို့ပေမယ့် အစိမ်းက အရောင်
တော့နုသွားသည်။ နွေဦးဆိုသည့် စကားလုံးကလေးအပေါ်အချစ်စိတ်ဝင်ခဲ့သည့်
အချိန်မှာတော့ ကျနော့်ရင်ထဲမှာလည်းနွေဦးပေါက်ခဲ့ပြီဟုပြောရပေမည်။

ဥရောပမြေပေါ်ကို ကျနော်ရောက်ချိန်က ဆောင်းကုန်ကာနီးဖြစ်သည်။ ဆောင်းကို
အဖျားလောက်ပဲ မီလိုက်ရသည်။ ဆောင်းပီပီသသကို မကြုံလိုက်ရ၍လည်းသူတို့
ဆောင်းက နာမည်ကြီးသလောက်လည်း မဟုတ်ပါဘူးဟု စိတ်မှာထင်မိသေး
သည်။ သည်နောက်မှာတော့ နွေဦးကို ကြုံရသည်။ နေရောင်လင်းသော နေ့မှာ
တမြို့လုံး လူတွေ ထွက်အန်ကျလာကာ လမ်းတွေပေါ်၊ မြက်ခင်းတွေပေါ်
လှုပ်ပွနေတာကို တွေ့ရတော့ သိပ်နားမလည်နိုင်ခဲ့။ လူသွားလမ်းဘေး မြို့လယ်
မြက်ခင်းပေါ်မှာ ပင်လယ်ကမ်းနား အပမ်းဖြေသည့်နှယ် ရေကူးဝတ်စုံလို
အပေါ်တစ အောက်တစဖြင့် နေပူခံလဲလျောင်းနေကြတာ ကြည့်ရင်း ကိုယ်ပါ
ခြေလှမ်းပျက်ရသည်။ ဘယ့်နှယ့်နေရောင်ကို သည်လောက်မက်မက်မောမော
ဖြစ်နေရပါလိမ့်ဟုပင် အာရုံနောက်ခဲ့မိသည်။ မြန်မာပီပီ ကိုယ့်မှာက နေပူလျင်
ထီးဖွင့်ဆောင်းချင်သည့်စိတ်ကမပျောက်သေး။
သည်လောက်တောင် နေရောင်ငတ်နေကြလည်း မြန်မာပြည်ကနေရောင်တွေကို
ပင်အိတ်စပို့ လုပ်လိုက်ချင်သေးတော့ဟု နိုင်ငံခြားငွေရှာချင်စိတ်တောင် ဖြစ်လိုက်
သေးသည်။ အညာသားကျောကုန်းဆိုသည့် စကားလုံးကိုရှင်းပြရင်း နေအပူ
အောက်က မြန်မာပြည်သူတွေ၏ ဘ၀အား သူတို့ကို ပြောပြချင်သည်။
သည်နှစ်တော့ သူတို့ဆောင်းကိုလည်း ကျနော်ဖြတ်ခဲ့ရပြီးပြီ။ သူတို့၏ နွေဦး နွေ၊
ဆောင်းဦး ဆောင်းဆိုသည့် လေးရာသီအကြောင်းကိုလည်း သိတန်သလောက်
သိခဲ့ပြီ။ ထို့ကြောင့်ပင်နွေဦးတနေ့မှာ ကျနော်လည်း အိမ်ခန်းကျဉ်းကလေးထဲမှ
နေ၍ မြို့လယ်လမ်းမတွေပေါ် အန်ကျလာခဲ့ရခြင်းပင်။

သည်မှာ ဘာအဆင်မပြေတာများရှိသလဲဟု သူတို့ကမေးတိုင်း ကျနော်တို့က
ရာသီဥတုဟု ဖြေတတ်ကြသည်။ သည်သို့ဖြေတိုင်း သူတို့မျက်နှာ ပျက်သွား
တတ်ကြသည်။ ကျနော်တို့ကလည်း အားနာရကောင်းမှန်းမသိ။ နိုင်ငံခြားသားတွေ
မှာ အားနာတယ်ဆိုတဲ့ စကားလုံးမရှိဘူးဟု ကျနော်တို့က ကြားဖူးထားသည်
မဟုတ်လား။ ပြီးတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာကို သူတို့ကအားပေး
သည် မဟုတ်လား။
သူတို့က သူတို့ဆီက စကားပုံတခုကိုပြောပြသည်။ ရာသီဥတု ဆိုးတယ်ဆိုတာ မရှိ၊
အ၀တ်အစားဆိုးတယ် ဆိုတာပဲရှိတယ်ဟူ၍။ ရေဗူးနဲ့ ဖိနပ်မပါ၊ နွေခါမှသိ ဆိုတဲ့ ကျနော်တို့ဆီကစကားနှင့် ခပ်ဆင်ဆင်ပင်။ သို့ပေမယ့် ခံယူခဲ့ကြပုံချင်းတော့
ကွာခဲ့ဟန် တူသည်။

တကယ်ကလည်း ရာသီဥတုဆိုသည် လုပ်၍ ပြင်၍ရသော အရာမဟုတ်။
ရာသီဥတုထဲ ရှင်သန်နေထိုင်နိုင်အောင်သာ လူက ကြိုးစားကြရသည်။
အခြားရေသာမြေသာရာရှာဖွေနေထိုင်ကြရသည်။ ရေသာမြေသာရာကို
နောက်ကျခဲ့ကြ သူများမှာတော့သူတပါးရှောင်ကြဉ်ရာ ရေရိုင်းမြေရိုင်းမှာပင်
အခြေချကြရသည်။ သည်လိုနှင့် ရေရိုင်းမြေရိုင်းနေခဲ့ရသူများက တည်ဆောက်
ရေးစိတ်ဓာတ် အားကောင်း၍ ရေသာမြေသာရာနေခွင့်ရခဲ့သူများက
တည်ဆောက်ရေးစိတ်ဓာတ် အားနည်းခဲ့ကြသည်ဟုဆိုရလေမလား။

သူတို့စကားထဲကလိုပင် သူတို့သည် အပြစ်၊ အားနည်းချက်တို့ကို တခြားမှာမရှာ။
သူတို့ကိုယ်၌မှာပင် သူတို့ ပြန်ရှာဖွေခဲ့ကြသည်။ ကျနော် ငယ်ငယ်ကတပ်ခဲ့သည့်
မျက်မှန်စိမ်းမျိုးကို သူတို့က ပြောင်းပြန်တပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည်
နွေဦးကို ထိုင်စောင့်ခဲ့ကြသူများမဟုတ်။ သို့သော် နောက်ဆုံးတော့ နွေဦးသည်
သူတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ရသည်ဟု ဆိုရပေမည်။
ထိုနေ့၌ ကျနော်သည် တဆောင်းလုံး သိမ်းဆည်းထား ခဲ့ရသည့် အပြာရောင်
ဂျင်းဂျာကင်လေးကို ၀တ်ဆင်ကာ ကော်ဖီဆိုင်များရှေ့က ဖြတ်
လျှောက်
လာခဲ့ပါသည်။ လမ်းဘေးဈေးဆိုင်တဆိုင်ရှေ့၌ရပ်၍ ကျနော်က
နွေဦးတအုပ်
ပေးပါဟု ပြောလိုက်သောအခါ အရောင်းသည်ကောင်မလေးက
ပြုံးလို့
ကြည့်နေလေသည်။

သြော် ... စိမ်းသစ်နုပုရစ်ဖူးကလေး။


Saturday, July 28, 2007

ရေကြည်ရှာခန်း

နှင်းတွေဝေနေတဲ့မနက်ခင်းတခုမှာ သမီးကိုပွေ့ချီရင်း ကျနော့်ကျောပြင်ကို
ငေးမောကျန်ရစ်ခဲ့သည့် သူမရုပ်ပုံက ကျနော့်အတွေးတွေကို ကြီးစိုးနေခဲ့သည်။
ကော့သောင်းဘက်မှာ အလုပ်သွားလုပ်မလို့ ဟု ပြောပြီး ကျနော်ထွက်လာခဲ့
သည်။ မော်လမြိုင်ရောက်ပြီး အတ္တရံမြစ်တဘက်ကမ်းသို့ မကူးမီ သူမဆီ
ကျနော်ဖုန်းလှမ်းဆက်လိုက်သည်။ အကြောင်းမှန်ကို ကျနော်ပြောမထွက်ခဲ့။
စာရေးစားပွဲအံဆွဲထဲမှာ စာနှစ်စောင်ထည့်ခဲ့တယ်ဟုသာ ပြောဖြစ်ခဲ့သည်။
တစောင်က ချစ်သောသူ့အတွက်။ တစောင်ကသမီးလေး အတွက်။ သမီးကြီး
လို့ စာဖတ်တတ်တဲ့အရွယ်ရောက်တဲ့အခါ ဖေဖေဘယ်မှာလဲလို့ မေးတဲ့အခါ
ဒီစာကလေး ပေးဖတ်လိုက်ပါဟု ကျနော်မှာခဲ့သည်။ သူမဘက်က စကားပြော
ခွက်က တိတ်ဆိတ်လျက်။ ကျနော်ဘယ်သွားမယ် မပြောသော်လည်း သူမ
သဘောပေါက်နေခဲ့ပြီ။
မောင်ပြန်လာမှာပါ
စကားပြောခွက်ကိုမချမီ သည်စကားတခွန်းပဲ ကျနော်ပြောထွက်နိုင်ခဲ့သည်။
အတူထွက်လာသည့် သူငယ်ချင်းကတော့ သူ့ချစ်သူဆီ စာရေးမထားဖြစ်ခဲ့။
သူ့ခံစားချက်တွေကို မှတ်စုစာအုပ်လေးထဲ ချရေးထားခဲ့သည်။
မော့်ဆီကိုအရောက်ပြန်လာဖို့ မော့်ဆီက ကိုယ်ထွက်လာခဲ့တာပါ တဲ့။
သူများတွေ အသက်တွေ၊ ဘဝတွေ စွန့်နေတဲ့ခေတ်မှာ ကျနော်တို့အဖြစ်က
လွမ်းလောက်ခဲ့ပါသလား။ ဘာပဲဖြစ်ဖြစ် ကဗျာတပုဒ်တော့ ချရေးဖြစ်ခဲ့သည်။
၁၉၈၉ ခုနှစ်။
လူငယ်တယောက်ရဲ့ စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝ၊ အနုပညာနဲ့နိုင်ငံရေး၊
ငြိမ်းချမ်းရေးချစ်စိတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးလမ်း စသည့်
အားပြိုင်မှုများကြား ရှေ့သို့ထိုးဖေါက်လျောက်ခဲ့ချိန်။
အခုပြန်ဖတ်ကြည့်တော့ ကဗျာထဲမှာ ရနံ့စုံ၊ အရောင်စုံ ခံစားချက်တို့ ရောပြွန်း
နေတာတွေ့လိုက်ရသည်။ ပြုံးလည်းပြုံးမိသလို လွမ်းလည်းလွမ်းရပါသည်။
စမ်းမြရေတပေါက်ကိုတော့ဖြင့် အခုထိ သောက်ခွင့်မရနိုင်သေး။
အာခေါင်ထဲ ခြောက်တက်လာလေသည်။

စမ်းမြရေ
သို့မဟုတ်
ကြွေတာကိုက ပွင့်ခြင်းပဲ

တတ်နိုင်ရင်
သေနတ်မကိုင်ချင်ဘူးကွယ်
အချစ်အကြောင်းကိုတော့
ခေတ်ကောင်းမှပြောတော့မယ်။

စွန့်ပစ်ရက်သူရယ်လို့တော့
စွဲမှတ်မယူပါနဲ့ကွယ်

ငြိမ်းငြိမ်းချမ်းချမ်း
ပန်းအလှဝေ၊ စမ်းမြရေမှာ
သေချာလတ်ဆတ်၊ မြေမှာမတ်မတ်
အနာဂတ်ကို
မြင့်မြတ်ရင်ခုန် တွေ့ဆုံချင်တယ်။

သေနတ်သံတွေ
သွေးတွေ၊ မျက်ရည်တွေ
ယမ်းငွေ့တွေ..
ဒါတွေကြားက
လှုပ်ရှားထိုးဖေါက်၊ ရှေ့ကိုလျောက်ရင်း
ပေါက်ကွဲခြင်းနဲ့၊ မွေးခဲ့ရတဲ့
ပြင်းပြခံစား၊ အမှန်တရားရဲ့
ရှည်လျားဆူးကြမ်း၊ ခရီးလမ်းမှာ
လေကြမ်းကချွေ၊ မိုးကချွေနဲ့
နေကြမ်းကချွေ၊ နှင်းကချွေနဲ့
ပန်းတွေကျဆုံး
အလှတုံးမှာစိုးမိတယ်။

ပန်းအဘိဓမ္မာ
ကြွေတာကိုက ပွင့်ခြင်းပဲဟေ့
ကိုယ်တွေ့ရှင်းလင်း
စိတ်ဓါတ်ပြင်းပြ၊ ယူဆမှတ်လည်း
သေနတ်မာန်ထူ၊ ဖိနှိပ်သူရဲ့
လူသတ်လက်ကြမ်း၊ သရမ်းသမျှ
ပန်းလှလှတွေ
မုန်တိုင်းခြွေသလို
ဆက်ကြွေလွင့်မှာစိုးမိတယ်။

ပူနွေးရှိန်းမြ၊ လှပအနမ်း
ချစ်နှုတ်ခမ်းတွေ
တွန်းဖယ်ချေမွ၊ ဗီလိန်ကဘယ်သူ
အဲဒီလူဟာ...
ကိုယ်မဟုတ်ဘူးဆိုတာ
မင်းနားလည်ပါကွယ်။ ။

နှင်းခါးမိုး
(၁၉၉၀ ခုနှစ်၊ ဒေါင်းအိုးဝေ)

ကြွေတာကိုက ပွင့်ခြင်းပဲ ဆိုတာ
တော်လှန်ကဗျာစာအုပ်ထဲက
ကဗျာဆရာမောင်ချောနွယ်ရဲ့ စကားလုံးပါ၊
ကျနော်ကဗျာရေးတဲ့အခါ
တခြားလူတွေရဲ့စကားလုံးတွေကို
တတ်နိုင်သလောက် ရှောင်လေ့ရှိပေမယ့်
ဒီစကားလုံးကတော့
အဲဒီအချိန် အဲဒီကာလတုန်းက
ရှောင်မရတိမ်းမရ
ကျနော့်ရင်ဝကို တည့်တည့်တိုးခဲ့တဲ့ စကားလုံးပါပဲ။

Wednesday, July 25, 2007

တောင်တွေကို အတူရွေ့ကြရအောင်

၈၈ စက်တင်ဘာ ၂၅ နောက်ပိုင်းကာလ၊ ကျနော်တို့လူငယ်ကျောင်းသားတွေ
သွေးအပူဆုံးကာလ။ ပြည်တွင်းမှာ ပါတီဆိုင်းဘုတ်တွေခိုရင်း မြေပေါ်မြေအောက်
ပြန်လည်စုရုံးကြ။ နယ်စပ်တွေမှာလည်း အလုံးအရင်းနှင့်စုမိ။ နောက် တပ်ဦးအလံ
ထူနိုင်ခဲ့ကြ။
အတွင်းမြေအောက်လှုပ်ရှားမှုများမှတဆင့် ၈၉ ခုနှစ်မှာ ကျနော်လည်း တပ်ဦး
အလံတော်အောက် ရောက်သွားသည်။ ၉၀ ခုနှစ်အစောပိုင်းမှာ လုပ်ငန်းတာဝန်ဖြင့်
ပြည်တွင်းသို့ ကျနော်ပြန်ဝင်လာသည်။ ပြန်မလာခင် ရေးဖြစ်ခဲ့သော စာတိုပေစ
များကို အတူနေသူငယ်ချင်းတချို့ဆီမှာ ထားရစ်ခဲ့သည်။ ဘာတွေလဲတော့ အသေ
အချာ မမှတ်မိ။ ထိုအချိန်က နိုင်ငံရေးခံစားချက် ဆူဝေနေချိန်ဖြစ်သည်။
ပြည်တွင်းမှာ အဖမ်းခံရပြီး ကျနော်ထောင်ထဲရောက်နေစဉ် တပ်ဦးအာဘော် ဒေါင်း
အိုဝေစာစောင်မှာ ကျနော့်ကဗျာလေးတွေ ပါလာသည်။ ဒါက နောက် နှစ်ကာလ
အချိန်တော်တော်ကြာမှ သိရခြင်းဖြစ်သည်။
တနေ့ကတော့ သစ္စာအင်အားစုရဲ့ အင်တာနက်
စာမျက်နှာမှာ ဒေါင်းအိုဝေစာစောင်အဟောင်း
လေးတွေ တင်ထားတာတွေ့၍ ၀င်မွှေနှောက်ရင်း
ကျနော့် ကဗျာတပုဒ်ကို တပ်ဦး၂ နှစ်မြောက်
အထူးထုတ်မှာအဖွင့်ကဗျာအဖြစ်တွေ့လိုက်ရသည်။
ဝန်ခံရလျင် ဘ၀အမောကလေးများ အတော်ပြေ
သွားသည်။
၁၇ နှစ် ကြာခဲ့ပါပြီ။ လူထုအရေးတော်ပုံကြီးလည်း
၁၈ နှစ်ပြည့်တော့မည်။
ဒီကဗျာကိုဖတ်ပြီး တောင်တွေကို အတူရွေ့ရအောင်ဟု ဆိုခဲ့သည့်
သူငယ်ချင်းတဦးလည်း အခုတော့တောင်တန်းတခုအပေါ်ကနေ
ကျနော့်ကို စောင့်ကြည့်နေမှာ သေချာပေသည်။
ယုံကြည်မှုနဲ့ရေးခဲ့တဲ့စာမျက်နှာဆိုတာ ဘယ်တော့မှ သတ်လို့မသေဘူး။
သဘောတူကြလိမ့်မည်ဟု ထင်ပါသည်။

ရှင်သန်နေတဲ့စာမျက်နှာ

လမ်းပေါ်မှာလည်း ငါတို့ရှိ
တောင်တန်းတွေပေါ်မှာလည်း ငါတို့ရှိ
မင်းတို့ကိုစောင့်ကြည့်နေမယ်။

ငါတို့သွေးနဲ့ဒီလမ်းကိုခင်းခဲ့တာ
နတ်ဆိုးတွေကခုန်ဖို့မဟုတ်ဘူး
မုန်တိုင်းတွေလမ်းလျောက်တဲ့နေ့
ဖြစ်ကောင်းဖြစ်မယ်၊
သစ်ကိုင်းတကိုင်းကျိုးရုံ
သစ်ပင်တပင်လဲရုံ
နောက်ပြန်လှည့်တဲ့သူတွေလည်း
ရှိကောင်းရှိမယ်
ဘာဖြစ်လို့ရပ်စောင့်နေမှာလဲ
ဒါ အိပ်မက်မဟုတ်ဘူး။

အမှန်တရားအတွက်အသက်စွန့်ခဲ့တာမှာ
ကျနော်ဟာအရင်ဆုံးလည်းမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်ပါဘူးအဖေ တဲ့
အဲဒီစာတစောင်ကိုဖတ်ရင်း
ဝိဥာဉ်ရဲ့တင်းနေတဲ့ကြိုးတွေပေါ်
ငါ့ဘ၀ကိုတင်ခဲ့တာပေါ့။

ဒါဟာအဖြေပ
မေးခွန်းတွေကိုရပ်လိုက်ကြ
တောင်တွေကိုရွေ့ပစ်ရမယ်ဆိုရင်လည်း
ဘာ့ကြောင့်နောက်တွန့်နေကြမလဲ
ဟောဒီမှာ
သံတိုင်တွေကိုရိုက်ချိုး
အုတ်နံရံတွေကိုဖြိုချ
သစ်ပင်တွေကိုရေလောင်းကြ။

ဒီလိုနဲ့
ငါတို့နေထိုင်ဖို့နေ့တွေကို
ငါတို့ကိုယ်တိုင် ဆယ်ယူဆေးကြောရမယ်
ငါတို့ကိုယ်ကိုလည်း
ငါတို့ကိုယ်တိုင် ပြန်မွေးဖွားကြရမယ်၊
ဒါဟာ ငါတို့ရှေ့က
သွားနှင့်သူတွေအတွက်ရော
ငါတို့နောက်က
လိုက်လာသူတွေအတွက်ပါ
ရှင်သန်နေတဲ့ကဗျာဖြစ်တယ်။ ။

Sunday, July 22, 2007

တကယ့်ဘဝတွေလည်း နေထိုင်ခွင့်ရှိတယ်

တကယ်က ဆယ်နှစ်ဆိုသောအချိန်သည် မနည်း။ ၈၉၊ ၉၀ ခုနှစ်များ။ ထို့နောက်
၂၀၀၀ ခုနှစ်မှာ ဒီမြို့ ကလေးဆီ သူပြန်ရောက်လာခဲ့သည်။ ကြက်တောင်စည်းနဲ့
ခလေးမလေးကို အပျိုကြီးဖားဖားအဖြစ် ပြန်မြင်လိုက်ရသလို မြို့ကလေးက
ပြောင်းလဲခဲ့ပြီ။ ဒီမြို့ကလေးကို ဖြတ်သန်းစုန်ဆန်ခဲ့ကြရသော ဘဝတွေကကော ဘယ်လောက်ပြောင်းလဲနိုင်ခဲ့ကြပါသလဲ။ မှော်အတတ်ဖြင့် ခြားထားခဲ့သော စည်း
တခုလို မြို့ကလေးရဲ့ဘေး ရစ်ခွေစီးဆင်းသွားသောမြစ်တစင်းရဲ့ ဟိုဘက်ကမ်း
မှာတော့ အရာရာကိုငေးမောရင်း လှိုက်စားပြိုဆင်းနေသော ကျိန်စာသင့်မြေက
ခြောက်သွေ့ခဲပျစ်လျက်။ ထိုမြေမှလွင့်ပါးလာသော ရွက်ကြွေတို့က မြို့ကလေးရဲ့
လမ်းတွေပေါ် ရှပ်တိုက်ပြေးလွှားသွားကြသည်။
ဖုန်းဆိုးမြေရဲ့ ပုံပြင်အဟောင်းအသစ်တို့အတွက် မြို့ကလေးသည် အပျော်ဖတ်
စာဖတ်ပရိသတ်တဦးလို အရာရာမှာ ပေါ့ပေါ့ပါးပါး။ တချို့စာမျက်နှာတွေအရောက်
ခိုးခိုးခစ်ခစ်ကလေးပင် ရယ်လိုက်သေးဟု ထင်ရသည်။
သူသည် ပါးရိုက်ခံလိုက်ရသူတဦးလို မြို့ကလေးကို မင်သက်မိစွာ ကြည့်နေခဲ့
သည်။ မီးရထားလမ်းခွဲတခုမှာ ဥသြမဆွဲပဲ မောင်းနှင်ထွက်ခွာသွားသော မျက်ရည်
နှင့်ရယ်သံများကို သူမေ့ပစ်လိုက်ချင်သည်။ ခလေးတွေ လွှတ်တင်ကစားနေသော
စက္ကူစွန်လေးများကို မော့ငေးရင်း တိမ်တွေမှာလည်း နေစရာ မြို့တမြို့ရှိမှာပါဟု
သူယုံကြည်မိလေသည်။

တိမ်တွေနေတဲ့မြို့

မြို့ကလေးတမြို့
အိပ်မက်ထဲကလိုလို
တကယ့်ပြင်ပကလိုလို။

သုံးဆယ့်တဘုံထဲမှာလိုလို
သုံးဆယ့်တဘုံပြင်ပမှာလိုလို
သုံးဆယ့်တဘုံလုံး ထိုးကြိတ်ထည့်ထားသလိုလို
မြို့ကလေးတမြို့။

ငရဲလို ထောင်ချောက်တွေပြည့်နှက်နေပေမယ့်
နတ်ပြည်လို လူတွေတိုးဝှေ့နေတဲ့မြို့၊
စွဲမက်ဖွယ်ဒုစရိုက်တွေနဲ့
လှုပ်ခါရယ်မောနေတဲ့မြို့၊
မသိနားမလည်တဲ့သူတွေကို
ဆွဲဆောင်ပျော်ပါးပြီး
သိနားလည်သူတွေကို
အခယူဖျော်ဖြေနေတဲ့မြို့၊

မျက်စိလည်လမ်းမှားခဲ့တာမဟုတ်ဘူး
ရောက်အောင်ကိုလာခဲ့တာ။

သူက သိနားလည်သူလည်းမဟုတ်ဘူး
မသိနားမလည်သူလည်းမဟုတ်ဘူး
နတ်ပြည်ကိုလည်း မတောင့်တဘူး
ငရဲကိုလည်း မကြောင့်ကျဘူး။

သုံးဆယ့်တဘုံမှာ
တဘုံထဲကိုသာ သေချာချင်သူ။

မြို့ကလေးနဲ့ဆံ့အောင်
သူ့စိတ်ကူးတွေကိုတော့ မပြင်နိုင်ဘူးတဲ့
သူ့စိတ်ကူးတွေနဲ့ဆံ့အောင်သာ
မြို့ကလေးကိုတိုးချဲ့ပစ်ချင်ခဲ့။

အိပ်မက်တွေလည်း နေထိုင်ခွင့်ရှိတယ်
တကယ့်ဘဝတွေလည်း နေထိုင်ခွင့်ရှိတယ်
ဒီမြို့ကလေးရှိရာ
သူရောက်အောင်လာခဲ့တယ်။ ။

နှင်းခါးမိုး

Sunday, July 15, 2007

လောကကိုစောင့်ရှောက်သူတို့ဝိဉာဉ်ကား သေသည်မရှိ

မုန်းသူမရှိ၊ ချစ်သူသာရှိ။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ တဲ့။
လှပသောအဘိဓမ္မာတရပ်ပါပေ။
သို့သော် လူ့လောကသည် ကျနော်တို့ထင်သလို မလှပခဲ့။

သူ့ကိုသတ်မယ့်သူရှိနိုင်သည်ဟု ကြိုတင်သတိပေးပါလျက် ဗိုလ်ချုပ်အောင်ဆန်းသည် လူထုမေတ္တာအပေါ် ယုံစားခဲ့၏။ လူထုသည် သူတို့ခေါင်းဆောင်ကို ချစ်ယုံသာချစ်တတ်ပြီး အကာအကွယ်ပေးရန်မူ ပျက်ကွက်ခဲ့သည်ဟု ကျနော်စွဲချက်တင်ချင်မိသည်။ ပိတ်ကားပေါ်က ရွှေဘကမူ ပရိတ်သတ်လက်ခုပ်သံကြောင့် အလူးအလှိမ့်ခံနေရရာမှ ပြန်ထလာနိုင်၏။ တကယ့်ဘဝထဲက လူထုချစ်သောခေါင်းဆောင်တို့ခမျာမှာမူ မတရားမှုများ၏လက်ချက်ဖြင့် ဘဝနစ်မွန်းခဲ့ကြသည်မှာ အကျည်းတန်သော သမိုင်းစာမျက်နှာတွေပေါ် မြင်နိုင်တွေ့နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ မြင်းတစီး၊ ဓါးတလက်ဖြင့် သစ္စာအရှာထွက်ခဲ့ကြသူများသည် ကျနော်တို့၏နောက်မျိုးဆက်များအတွက် အိပ်ယာဝင်ပုံပြင်များ အမှန်တကယ်ဖြစ်သင့်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အဖိုးဗိုလ်လရောင်ပုံပြင်ဖြင့် အိပ်ယာဝင်ခဲ့၏။
ကျနော်ကတော့ ကဗျာတပုဒ်ဖြင့် အိပ်ယာဝင်ခဲ့ပါသည်။

ဓါးသမား

၁။
ဒီဓါးက
တရားကိုစောင့်တယ်။

လေမှာစပယ်ပန်းနံ့လှိုင်လို့
ကောက်ပင်စိမ်းတွေကိုတိုးဖြတ်ပြီး
အိမ်ကိုငါပြန်ခဲ့တယ်၊
ဒီအချိန်ဆို
ခြံဝမှာငုတွေထိန်နေရောပေါ့။

အိုကြည့်စမ်း
ပြေးထွက်လာတာ
ငါ့သားပါပဲ၊
မမြင်ဘူးသေးပေမယ့် ရင်ကသိနေ
သူ့နောက်ကနွဲ့နွဲ့ကလေးလွင့်ပါလာတာ
သားရဲ့အမေ
ငါ့ရင်ထဲ ဘယ်တော့မှမနွမ်းခဲ့တဲ့ပန်းပွင့်
မေတ္တာတရားနဲ့တမိုးလုံးကိုပြာစေခဲ့သူ
အိုချစ်သူ။

မြေမှာဒူးထောက်ထိုင်ချ
လက်အစုံရှေ့ဆန့်ကမ်းပြီး
ထွေးဖက်ပွေ့နမ်းလိုက်ပေမယ့်
တဖြည်းဖြည်း
အရောင်တွေရောထွေးပျော်ကျ
အဲဒီခဏမှာ
တိတ်ဆိတ် ငြိမ်သက် အေးချမ်း
ရွာအဝင်လမ်းကလေးက
ဟိုးအဝေးမိုးကုပ်စက်ဝိုင်းဆီ။

၂။
ဒီဓါးနဲ့
မတရားမှုတွေကိုတိုက်ခိုက်ခဲ့တယ်။

သူယုတ်တို့ရဲ့နှလုံးသားမှာ
ဒီဓါးကိုထိုးစိုက်ခဲ့တယ်။

ငါ့ကိုမဖျားယောင်းပါနဲ့
ငါ့ကိုမခြိမ်းခြောက်ပါနဲ့
ဘာကိုမှမလိုချင်တဲ့သူဟာ
ဘာကိုမှမဆုံးရှုံးခဲ့ဘူး။

သွေးသံရဲရဲပေမယ့်
ဆောင်ဓါးပေါ်လက်မြဲခဲ့သူ၊

အိုအရှင်
သင်မှတပါး
ငါ့အားသစ္စာပေးနိုင်သူမရှိ
နတ်ဘုရားရဲ့အလှမှာလည်း
ငါမကျဆုံးခဲ့ပါ
အမှန်တရားဖြင့်သာ
ဤဓါးကိုသွေးခဲ့ပါ၏။

၃။
ကျားဆိုးတွေကိုလည်း
သံကြိုးဖြေလွှတ်ခဲ့
သူရဲတထောင်နဲ့လည်း
ဓါးလှံထောင်ချောက်တွေဆင်ခဲ့
နံကြားထဲလည်း
အဆိပ်ဓါးချက်ထိုးစိုက်ခဲ့၊
ပြီးမှ ငါ့ကိုရင်ဆိုင်
နင် နိုင်နိုင်မလားတဲ့
မိစ္ဆာစစ်ရထားဟာ
ဒုန်းစိုင်းပြေးဝင်လာပါရော။

မြေလက်တဆုပ်ကိုကောက်နမ်း
သက်သေစကားပြုခဲ့တယ်၊
လောကကိုစောင့်ရှောက်သူတို့ဝိဉာဉ်ကား
သေသည်မရှိ
မြေတမှုန်မျှသာဖြစ်စေ
ငါ့ဝန်ငါကျေစေအံ့။

သွေးသံရဲရဲပေမယ့်
ဆောင်ဓါးပေါ်လက်မြဲခဲ့တယ်၊
ဟိုးမိုးကုပ်စက်ဝိုင်းဆီက
ရွာအဝင်လမ်းကလေးပေါ်မှာတော့
ငုပင်တွေအောက်မိသားတစု။

၄။
ဒီဓါးက
တရားကိုစောင့်ခဲ့တယ်။

နှင်းခါးမိုး




Thursday, July 12, 2007

သေမင်းရဲ့အထက်မှာ ဘယ်သူမှမရှိ


ဈေးကွက်ဂျာနယ်ထဲက ကာတွန်းလေးတပုဒ်ကို သဘောကျမိလို့ ပြန်ဝေငှလိုက်ပါတယ်။
မြန်မာပြည်မှာ ကာတွန်းဆရာတွေနဲ့ စာဖတ်သူတွေဟာ ၀မ်းတူးရိုက်ပြီး ဂိုးဝင်အောင်သွင်းနိုင်ကြပါတယ်ဆိုတဲ့ မြန်မာကာတွန်းဆရာတဦးရဲ့စကားကိုလည်း သတိရမိတယ်။

ဒီညနေမှာ တယောက်ကလက်တို့လိုက်လို့ မမေဓာဝီရဲ့ဘလော့မှာ ရုပ်ရှင်မင်းသားဒွေးကွယ်လွန်တဲ့သတင်းကို ဦးဦးဖျားဖျား ဖတ်လိုက်ရပါတယ်။ ဘီဘီစီညဘက်အစီအစဉ်မှာလည်း နားထောင်လိုက်ရတယ်။ သတင်းနှစ်ခုက သေဆုံးပုံနဲ့ပတ်သတ်လို့ နည်းနည်းတော့ ကွဲလွဲနေတာပေါ့လေ။

မမေဓာဝီရဲ့သတင်းအဆုံးမှာ ငါသည်မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည် ဆိုတဲ့ တရားဆောင်ပုဒ်ကလေးနဲ့ အဆုံးသတ်ထားပါတယ်။
ကွန်မန့်မှာ အခြားတယောက်ကတော့ အသေမဦးခင် ဥာဏ်ဦးအောင်ကြိုးစားရမယ်လို့ ၀င်ရေးသွားတာ ဖတ်ရပါတယ်။
ကျနော်ကတော့ အပေါ်ကကာတွန်းနဲ့တွဲပြီး သေမင်းရဲ့အထက်မှာဘယ်သူမှမရှိလို့ ရေးချင်မိတယ်။ သေခြင်းနဲ့ယှဉ်စဉ်းစားလိုက်ရင် ကျနော်တို့အရေးတကြီးထားတဲ့အရာတွေအားလုံးဟာ ဘာမှမဟုတ်တော့ဘူး။ အာဏာတွေ၊ ရာထူးစည်းစိမ်တွေ၊ ငါဆိုတဲ့အတ္တတွေ၊ အောင်မြင်ကျော်ကြားမှုတွေ၊ အချစ်တွေ အမုန်းတွေ ဒါတွေအားလုံး ဘာမှမဟုတ်တော့ဘူး။

နည်းနည်းလေး ဆက်စဉ်းစားကြည့်မိတယ်။
ဒီနေ့မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေအားလုံးအတွက်ပါ။
ရှစ်လေးလုံးမတိုင်မီ လူဖြစ်နှင့်နေကြတဲ့သူတွေအားလုံး မနက်ဖြန်မှာ သေဆုံးကြရတော့မယ်ဆိုပါတော့။ အားလုံးကလည်း ငါတို့မနက်ဖြန်မိုးလင်းတာနဲ့သေကြရတော့မယ်ဆိုတာ သိနေကြပြီဆိုပါတော့။
တခုက ပြဿနာအားလုံး ဒီတညတည်းမှာတင် ပြေလည်သွားနိုင်ပါတယ်။
နောက်တခုက
ကျနော်လည်းမပြောတတ်ဘူး။ လမ်းပြမြေပုံခုနှစ်ချက်ကို တညတည်းနဲ့ န၀တက အကောင်အထည်ဖေါ်ချင်လည်း ဖေါ်သွားနိုင်တာပေါ့လေ။

သေချာတာက
အာဇာနည်ဆိုတာ သေခြင်းရဲ့အရေးကြီးပုံကို ကောင်းကောင်းနားလည်သဘောပေါက်ပြီး
သူတို့ရဲ့သေခြင်းကို လောကရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်ပေးသွားနိုင်သူတွေ ဖြစ်တယ်ဆိုတာပါပဲ။

Thursday, July 5, 2007

ဘဝမှာပန်းတွေပြန်ပွင့်ဖို့ဆိုရင်

မေမှသည် စက်တင်ဘာအထိ၊ ဒီရာသီက မုဆိုးရာသီဟုပြောရမည်ထင်သည်။
သည်လို သူများတွေဝိုင်းဟဲ့ဝန်းဟဲ့လုပ်နေချိန်မှာ ကိုယ်က ဧကစာမီးခိုးလေးတလူလူ လုပ်မနေချင်ပါ။ တချိန်က ကိုယ်လည်း ကမ်းရှာငှက်တကောင်ဖြစ်ခဲ့ဘူးသည်မဟုတ်လား။
မြန်မာပြည်က မထွက်ခင် သူငယ်ချင်းတချို့နှင့် ကဗျာစာအုပ်လေးတအုပ်ထုတ်ဖို့ ပြင်ခဲ့သည်။ အပြင်ရောက်ပြီး တနှစ်လောက်အကြာ (၁၉၉၅ ခုနှစ်ထင်သည်) လူကြုံကတဆင့် စာအုပ်ကလေး ကိုယ့်လက်ထဲရောက်လာ သည်။ စာအုပ်နာမည်က ကမ်းရှာငှက်။
သူတို့အားထုတ်မှုကိုချီးကျုးမိသည်။ ကိုယ်က တာဝန်မကျေခဲ့ဟုလည်း ခံစားရသည်။ ၁၀ နှစ်ကျော်အကြာမှာ ထိုသူငယ်ချင်းတွေက ကမ်းရှာနေကြဆဲ။ ကိုယ်က ဆင်သေကောင်ပေါ်မှာလား၊ လှိုင်းပုတ်ရာလား။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အကျဆင်းဆုံးအချိန်တချိန်ကို ဖြတ်သန်းနေရပြန်သည်။
ထိုအချိန် မှာ ကိုယ့်ကိုယ်ကိုယ် ဆယ်တင်ရန်နှင့် သူငယ်ချင်းတွေကို အကြွေးဆပ်ရန် ကဗျာတပုဒ်ချရေးဖြစ်ခဲ့ သည်။ အားမာန်ဖွဲ့ဟုခေါ်မလား။ ကမ်းရှာငှက်များအားလုံးအတွက် သီခဲ့သည့်တေးဟုလည်း ဆိုနိုင်သည်။
အမှန်တကယ်လည်း ဒီမိုးကောင်ကင်ကြီးအောက်မှာ ကိုယ်တို့အားလုံးအတွက် ကမ်းခြေတခုရှိနေတယ်ဆိုတာ။

ကမ်းရှာငှက်တို့တေး

၁။
အတောင်သန်လို့
လေဆန်ခဲ့သည်တော့မဟုတ်
ယုံကြည်ချက်ဖြင့်
ရင်ကိုရွက်ဖွင့်ခဲ့ကြခြင်း။

၂။
မုန်တိုင်းတခုထဲမှာ
သူတို့သိုက်မြုံတွေလွင့်ပါခဲ့ရ
ဘဝမှာပန်းတွေပြန်ပွင့်ဖို့
ကမ်းခြေအရှာထွက်ခဲ့ကြ။

သူတို့လည်းတခြားငှက်တွေလိုပါပဲ
သစ်ကိုင်းပေါ်မှာတေးသီချင်တာပေါ့
ရွက်ရိပ်ကြားမှာခိုနားချင်တာပေါ့
စမ်းရေယဉ်မှာရေချိုးချင်တာပေါ့
မြက်ခင်းစိမ်းပေါ်နေစာလှုံချင်တာပေါ့
ဖိုမခွန်းဖွဲ့ မြူးနွဲ့ချင်တာပေါ့။

ခုတော့
ပိုက်ထောင်မှာတိုးသူတိုး
ကျော့ကွင်းမှာငြိသူငြိ
လေးချက်မှာကျသူကျ
လှောင်ချိုင့်မှာမိသူမိ၊
တချို့နောက်လှည့်ပြန်
တချို့သင်းကွဲ
တချို့ဆင်သေကောင်အသိုက်ဆောက်
တချို့လှိုင်းပုတ်ရာပါ
တချို့တိမ်တို့သွေးဆောင်ရာနောက်လိုက်သွားကြ။

ခရီးကားရှည်ဝေး၏
သွေးချွေးတို့ဖြင့်ပျံသန်းကြပါလေ တဲ့၊
အဝေးကမီးရောင်ကိုလှုံခဲ့ကြရတယ်။

၃။
ဒီလိုနဲ့
လောကဓံမှာ
အတောင်ပံတွေကိုသန်မာစေခဲ့
မုန်တိုင်းတွေမာယာများသလောက်
ပျံသန်းမှုမှာပျော်ပိုက်တတ်ခဲ့
ကမ်းခြေရှာစဉ် ကောင်းကင်ကိုချစ်တတ်ခဲ့။

သစ္စာကကျယ်ရင်
ကောင်းကင်ကကျဉ်းသွားတာပဲ၊
သူတို့ဟာ
ဒဏ်ရာကိုနှုတ်သီးနဲ့ကောက်ရင်း
အိပ်မက်ကိုဥဖောက်တတ်ခဲ့ကြ။

လေမှာကုန်းမြေနံ့ရပါစ
ကမ်းရှာငှက်တို့လာတယ်၊
ကမ္ဘာကြီးကိုရွေ့ထားရင်တောင်
ပင်လယ်ကိုပုခုံးထမ်းပြီးရှာကြမယ်။ ။

နှင်းခါးမိုး




Tuesday, July 3, 2007

တယောက်တည်းလှော်ခတ်ခဲ့တဲ့နေ့

တတိယနိုင်ငံရောက်နေပေမယ့်လည်း ကိုယ်ကဒုက္ခသည်တပိုင်းမျှရှိသေးသည်။ သည်တော့ နွေရာသီ အားလပ်ရက်ရောက်လည်း ကမ္ဘာထွက်ပတ်နိုင်သည့် အခြေအနေမရှိသေး။ မလာခင်ကတည်းက ပြန်မယ် အားခဲထားသည့် နယ်စပ်လုပ်ငန်းခွင်ဆီလည်း မပြန်နိုင်သေး။ အင်တာနက်တလုံးဖြင့် စာတိုပေစလေးတွေ ရေးရင်းသာ အာသာဖြေရသည်။
တခါတလေတော့လည်း အရေးသမား၊ အတွေးသမားအဖြစ်ဖြင့်ပင် ကျေနပ်မနေချင်။ ကိစ္စတခုအောင်မြင် ပြီးမြောက်ဖို့ဆိုတာ အလုပ်သမားတွေ များများလိုသည်။ ထိုသို့အတွေးဝင်လာလျင် ကိုယ့်လက်ရှိဘဝအပေါ် စိတ်ပျက်ညည်းငွေ့မိပြန်သည်။ ထိုအခါ လောကီဘုံရဲ့အထပ်ခိုးကလေးတခုထဲမှာ နေ့ရက်ပေါင်းတော်တော် များများကို ကိုယ်တယောက်တည်းလှော်ခတ်ခဲ့ရလေသည်။

တယောက်တည်းလှော်ခတ်ခဲ့တဲ့နေ့

ကျန်းမာရေးအတွက်
လမ်းလျောက်ဖို့လိုတယ်
အခုတော့
စိတ်ကူးတွေဟာ
ဆိုဖာပေါ်မှာပဲထိုင်နေတယ်။

အပြင်မှာ
လေကောင်းလေသန့်ရမယ်
နေရောင်ခြည်ရမယ်
သစ်ပင်စိမ်းစိမ်းတွေမြင်ရမယ်
မိန်းမလှတွေတွေ့ရမယ်
ခုံတန်းလျားတခုပေါ်မှာ
ငှက်တွေကိုထိုင်ကြည့်နိုင်မယ်
အခုတော့လူက
အခန်းထဲမှာလူးလာတုန့်ခေါက်နေတယ်။

ပြတင်းပေါက်ရှိရင်
ရုပ်မြင်သံကြားရှိရင်
ကွန်ပြူတာရှိရင်
တယ်လီဖုန်းရှိရင်
စကားပြောရမှာမပျင်းတဲ့အသိတယောက်ရှိရင်
အခန်းကျဉ်းကလေးထဲမှာ
ကမ္ဘာလောကနဲ့ကော်ဖီအတူသောက်လို့ရတယ်
မြို့လည်လမ်းမတွေကိုမေ့ပစ်လိုက်လို့ရတယ်။

စီးနေတဲ့မြစ်ရေကို
ထိုင်ကြည့်ခွင့်
မမူးပဲ
အားရပါးရငိုခွင့်
မအောင်မြင်တဲ့ဘဝတခုကို
ဇာတ်မြုပ်ခွင့်
ဘယ်တုန်းကမှမရခဲ့ဘူးတဲ့
စိတ်တူကိုယ်တူလွတ်လပ်ခွင့်။

အပြင်ကိုပြေးထွက်လိုက်ရုံနဲ့
ဒါတွေကိုမရနိုင်ဘူး
အခန်းထဲမှာလည်း
လေကမတိုက်ဘူး
မျက်နှာကြတ်မှာလည်း
မိုးသားတွေမရှိဘူး
ချစ်သူကလည်း
လရောင်မဟုတ်တော့ဘူး။

စာတစောင်ရေးခဲ့တယ်
ရင်ထဲရှိသမျှအကုန်ချရေးခဲ့တယ်
ဘယ်သူ့ကိုမှပေးဖို့မဟုတ်ဘူး
အံဆွဲထဲမှာသိမ်းဖို့လည်းမဟုတ်ဘူး
လှေကလေးလုပ်ပြီး
မြစ်ထဲမှာလွှတ်လိုက်ဖို့။

ဘာပဲဖြစ်ဖြစ်
အပြင်လောကကိုချောင်းကြည့်ဖို့
အခန်းငယ်တခုရှိနေသေးရဲ့
လောကီဘုံကအထပ်ခိုးကလေး။ ။

နှင်းခါးမိုး

သည်ကဗျာကို ၂၀၀၆ ခုနှစ်က ရေးဖြစ်ခဲ့သည်။ သည်နှစ်နွေမှာတော့ စာလည်း ဟုတ်တိပတ်တိ မရေးဖြစ် ပြန်။ အခြေအနေက တနှစ်တာအတွင်း ဘာမှပိုထူးမလာခဲ့။ ဘယ်လောက် ညည်းငွေ့ဖို့ကောင်းလိုက်သလဲ ကွယ်။ ကိုယ့်ရဲ့အထပ်ခိုးကလေးမှာလည်း ပင့်ကူကြပ်ခိုးမျှင်တို့ဖြင့် စိုအိုက်ရှုပ်ပွနေသည်ဟု ခံစားနေရပြန် သည်။ ထိုအခါ ဘလော့သည် ကိုယ့်အတွက် ပြတင်းတံခါးသေးသေးလေးတချပ်ဖြစ်လာသည်။ တံခါးကို ဖွင့်လိုက်လျင် အပြင်လေကလေးဝင်လာမည်။ နုသောအေးသောလေဆိုလျင်တော့ ကိုယ်ကချစ်တတ်သူသာ။