၈၈ စက်တင်ဘာ ၂၅ နောက်ပိုင်းကာလ၊ ကျနော်တို့လူငယ်ကျောင်းသားတွေ
သွေးအပူဆုံးကာလ။ ပြည်တွင်းမှာ ပါတီဆိုင်းဘုတ်တွေခိုရင်း မြေပေါ်မြေအောက်
ပြန်လည်စုရုံးကြ။ နယ်စပ်တွေမှာလည်း အလုံးအရင်းနှင့်စုမိ။ နောက် တပ်ဦးအလံ
ထူနိုင်ခဲ့ကြ။
အတွင်းမြေအောက်လှုပ်ရှားမှုများမှတဆင့် ၈၉ ခုနှစ်မှာ ကျနော်လည်း တပ်ဦး
အလံတော်အောက် ရောက်သွားသည်။ ၉၀ ခုနှစ်အစောပိုင်းမှာ လုပ်ငန်းတာဝန်ဖြင့်
ပြည်တွင်းသို့ ကျနော်ပြန်ဝင်လာသည်။ ပြန်မလာခင် ရေးဖြစ်ခဲ့သော စာတိုပေစ
များကို အတူနေသူငယ်ချင်းတချို့ဆီမှာ ထားရစ်ခဲ့သည်။ ဘာတွေလဲတော့ အသေ
အချာ မမှတ်မိ။ ထိုအချိန်က နိုင်ငံရေးခံစားချက် ဆူဝေနေချိန်ဖြစ်သည်။
ပြည်တွင်းမှာ အဖမ်းခံရပြီး ကျနော်ထောင်ထဲရောက်နေစဉ် တပ်ဦးအာဘော် ဒေါင်း
အိုဝေစာစောင်မှာ ကျနော့်ကဗျာလေးတွေ ပါလာသည်။ ဒါက နောက် နှစ်ကာလ
အချိန်တော်တော်ကြာမှ သိရခြင်းဖြစ်သည်။
တနေ့ကတော့ သစ္စာအင်အားစုရဲ့ အင်တာနက်
စာမျက်နှာမှာ ဒေါင်းအိုဝေစာစောင်အဟောင်း
လေးတွေ တင်ထားတာတွေ့၍ ဝင်မွှေနှောက်ရင်း
ကျနော့် ကဗျာတပုဒ်ကို တပ်ဦး၂ နှစ်မြောက်
အထူးထုတ်မှာအဖွင့်ကဗျာအဖြစ်တွေ့လိုက်ရသည်။
ဝန်ခံရလျင် ဘဝအမောကလေးများ အတော်ပြေ
သွားသည်။
၁၇ နှစ် ကြာခဲ့ပါပြီ။ လူထုအရေးတော်ပုံကြီးလည်း
၁၈ နှစ်ပြည့်တော့မည်။
ဒီကဗျာကိုဖတ်ပြီး တောင်တွေကို အတူရွေ့ရအောင်ဟု ဆိုခဲ့သည့်
သူငယ်ချင်းတဦးလည်း အခုတော့တောင်တန်းတခုအပေါ်ကနေ
ကျနော့်ကို စောင့်ကြည့်နေမှာ သေချာပေသည်။
ယုံကြည်မှုနဲ့ရေးခဲ့တဲ့စာမျက်နှာဆိုတာ ဘယ်တော့မှ သတ်လို့မသေဘူး။
သဘောတူကြလိမ့်မည်ဟု ထင်ပါသည်။
ရှင်သန်နေတဲ့စာမျက်နှာ
လမ်းပေါ်မှာလည်း ငါတို့ရှိ
တောင်တန်းတွေပေါ်မှာလည်း ငါတို့ရှိ
မင်းတို့ကိုစောင့်ကြည့်နေမယ်။
ငါတို့သွေးနဲ့ဒီလမ်းကိုခင်းခဲ့တာ
နတ်ဆိုးတွေကခုန်ဖို့မဟုတ်ဘူး
မုန်တိုင်းတွေလမ်းလျောက်တဲ့နေ့
ဖြစ်ကောင်းဖြစ်မယ်၊
သစ်ကိုင်းတကိုင်းကျိုးရုံ
သစ်ပင်တပင်လဲရုံ
နောက်ပြန်လှည့်တဲ့သူတွေလည်း
ရှိကောင်းရှိမယ်
ဘာဖြစ်လို့ရပ်စောင့်နေမှာလဲ
ဒါ အိပ်မက်မဟုတ်ဘူး။
အမှန်တရားအတွက်အသက်စွန့်ခဲ့တာမှာ
ကျနော်ဟာအရင်ဆုံးလည်းမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်ပါဘူးအဖေ တဲ့
အဲဒီစာတစောင်ကိုဖတ်ရင်း
ဝိဉာဉ်ရဲ့တင်းနေတဲ့ကြိုးတွေပေါ်
ငါ့ဘဝကိုတင်ခဲ့တာပေါ့။
ဒါဟာအဖြေပ
မေးခွန်းတွေကိုရပ်လိုက်ကြ
တောင်တွေကိုရွေ့ပစ်ရမယ်ဆိုရင်လည်း
ဘာ့ကြောင့်နောက်တွန့်နေကြမလဲ
ဟောဒီမှာ
သံတိုင်တွေကိုရိုက်ချိုး
အုတ်နံရံတွေကိုဖြိုချ
သစ်ပင်တွေကိုရေလောင်းကြ။
ဒီလိုနဲ့
ငါတို့နေထိုင်ဖို့နေ့တွေကို
ငါတို့ကိုယ်တိုင် ဆယ်ယူဆေးကြောရမယ်
ငါတို့ကိုယ်ကိုလည်း
ငါတို့ကိုယ်တိုင် ပြန်မွေးဖွားကြရမယ်၊
ဒါဟာ ငါတို့ရှေ့က
သွားနှင့်သူတွေအတွက်ရော
ငါတို့နောက်က
လိုက်လာသူတွေအတွက်ပါ
ရှင်သန်နေတဲ့ကဗျာဖြစ်တယ်။ ။
No comments:
Post a Comment