မုန်းသူမရှိ၊ ချစ်သူသာရှိ။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ တဲ့။
လှပသောအဘိဓမ္မာတရပ်ပါပေ။
သို့သော် လူ့လောကသည် ကျနော်တို့ထင်သလို မလှပခဲ့။
သူ့ကိုသတ်မယ့်သူရှိနိုင်သည်ဟု ကြိုတင်သတိပေးပါလျက် ဗိုလ်ချုပ်အောင်ဆန်းသည် လူထုမေတ္တာအပေါ် ယုံစားခဲ့၏။ လူထုသည် သူတို့ခေါင်းဆောင်ကို ချစ်ယုံသာချစ်တတ်ပြီး အကာအကွယ်ပေးရန်မူ ပျက်ကွက်ခဲ့သည်ဟု ကျနော်စွဲချက်တင်ချင်မိသည်။ ပိတ်ကားပေါ်က ရွှေဘကမူ ပရိတ်သတ်လက်ခုပ်သံကြောင့် အလူးအလှိမ့်ခံနေရရာမှ ပြန်ထလာနိုင်၏။ တကယ့်ဘဝထဲက လူထုချစ်သောခေါင်းဆောင်တို့ခမျာမှာမူ မတရားမှုများ၏လက်ချက်ဖြင့် ဘဝနစ်မွန်းခဲ့ကြသည်မှာ အကျည်းတန်သော သမိုင်းစာမျက်နှာတွေပေါ် မြင်နိုင်တွေ့နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ မြင်းတစီး၊ ဓါးတလက်ဖြင့် သစ္စာအရှာထွက်ခဲ့ကြသူများသည် ကျနော်တို့၏နောက်မျိုးဆက်များအတွက် အိပ်ယာဝင်ပုံပြင်များ အမှန်တကယ်ဖြစ်သင့်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အဖိုးဗိုလ်လရောင်ပုံပြင်ဖြင့် အိပ်ယာဝင်ခဲ့၏။
ကျနော်ကတော့ ကဗျာတပုဒ်ဖြင့် အိပ်ယာဝင်ခဲ့ပါသည်။
ဓါးသမား
၁။
ဒီဓါးက
တရားကိုစောင့်တယ်။
လေမှာစပယ်ပန်းနံ့လှိုင်လို့
ကောက်ပင်စိမ်းတွေကိုတိုးဖြတ်ပြီး
အိမ်ကိုငါပြန်ခဲ့တယ်၊
ဒီအချိန်ဆို
ခြံဝမှာငုတွေထိန်နေရောပေါ့။
အိုကြည့်စမ်း
ပြေးထွက်လာတာ
ငါ့သားပါပဲ၊
မမြင်ဘူးသေးပေမယ့် ရင်ကသိနေ
သူ့နောက်ကနွဲ့နွဲ့ကလေးလွင့်ပါလာတာ
သားရဲ့အမေ
ငါ့ရင်ထဲ ဘယ်တော့မှမနွမ်းခဲ့တဲ့ပန်းပွင့်
မေတ္တာတရားနဲ့တမိုးလုံးကိုပြာစေခဲ့သူ
အိုချစ်သူ။
မြေမှာဒူးထောက်ထိုင်ချ
လက်အစုံရှေ့ဆန့်ကမ်းပြီး
ထွေးဖက်ပွေ့နမ်းလိုက်ပေမယ့်
တဖြည်းဖြည်း
အရောင်တွေရောထွေးပျော်ကျ
အဲဒီခဏမှာ
တိတ်ဆိတ် ငြိမ်သက် အေးချမ်း
ရွာအဝင်လမ်းကလေးက
ဟိုးအဝေးမိုးကုပ်စက်ဝိုင်းဆီ။
၂။
ဒီဓါးနဲ့
မတရားမှုတွေကိုတိုက်ခိုက်ခဲ့တယ်။
သူယုတ်တို့ရဲ့နှလုံးသားမှာ
ဒီဓါးကိုထိုးစိုက်ခဲ့တယ်။
ငါ့ကိုမဖျားယောင်းပါနဲ့
ငါ့ကိုမခြိမ်းခြောက်ပါနဲ့
ဘာကိုမှမလိုချင်တဲ့သူဟာ
ဘာကိုမှမဆုံးရှုံးခဲ့ဘူး။
သွေးသံရဲရဲပေမယ့်
ဆောင်ဓါးပေါ်လက်မြဲခဲ့သူ၊
အိုအရှင်
သင်မှတပါး
ငါ့အားသစ္စာပေးနိုင်သူမရှိ
နတ်ဘုရားရဲ့အလှမှာလည်း
ငါမကျဆုံးခဲ့ပါ
အမှန်တရားဖြင့်သာ
ဤဓါးကိုသွေးခဲ့ပါ၏။
၃။
ကျားဆိုးတွေကိုလည်း
သံကြိုးဖြေလွှတ်ခဲ့
သူရဲတထောင်နဲ့လည်း
ဓါးလှံထောင်ချောက်တွေဆင်ခဲ့
နံကြားထဲလည်း
အဆိပ်ဓါးချက်ထိုးစိုက်ခဲ့၊
ပြီးမှ ငါ့ကိုရင်ဆိုင်
နင် နိုင်နိုင်မလားတဲ့
မိစ္ဆာစစ်ရထားဟာ
ဒုန်းစိုင်းပြေးဝင်လာပါရော။
မြေလက်တဆုပ်ကိုကောက်နမ်း
သက်သေစကားပြုခဲ့တယ်၊
လောကကိုစောင့်ရှောက်သူတို့ဝိဉာဉ်ကား
သေသည်မရှိ
မြေတမှုန်မျှသာဖြစ်စေ
ငါ့ဝန်ငါကျေစေအံ့။
သွေးသံရဲရဲပေမယ့်
ဆောင်ဓါးပေါ်လက်မြဲခဲ့တယ်၊
ဟိုးမိုးကုပ်စက်ဝိုင်းဆီက
ရွာအဝင်လမ်းကလေးပေါ်မှာတော့
ငုပင်တွေအောက်မိသားတစု။
၄။
ဒီဓါးက
တရားကိုစောင့်ခဲ့တယ်။
နှင်းခါးမိုး
No comments:
Post a Comment