တကယ်က ဆယ်နှစ်ဆိုသောအချိန်သည် မနည်း။ ၈၉၊ ၉၀ ခုနှစ်များ။ ထို့နောက်
၂၀၀၀ ခုနှစ်မှာ ဒီမြို့ ကလေးဆီ သူပြန်ရောက်လာခဲ့သည်။ ကြက်တောင်စည်းနဲ့
ခလေးမလေးကို အပျိုကြီးဖားဖားအဖြစ် ပြန်မြင်လိုက်ရသလို မြို့ကလေးက
ပြောင်းလဲခဲ့ပြီ။ ဒီမြို့ကလေးကို ဖြတ်သန်းစုန်ဆန်ခဲ့ကြရသော ဘဝတွေကကော ဘယ်လောက်ပြောင်းလဲနိုင်ခဲ့ကြပါသလဲ။ မှော်အတတ်ဖြင့် ခြားထားခဲ့သော စည်း
တခုလို မြို့ကလေးရဲ့ဘေး ရစ်ခွေစီးဆင်းသွားသောမြစ်တစင်းရဲ့ ဟိုဘက်ကမ်း
မှာတော့ အရာရာကိုငေးမောရင်း လှိုက်စားပြိုဆင်းနေသော ကျိန်စာသင့်မြေက
ခြောက်သွေ့ခဲပျစ်လျက်။ ထိုမြေမှလွင့်ပါးလာသော ရွက်ကြွေတို့က မြို့ကလေးရဲ့
လမ်းတွေပေါ် ရှပ်တိုက်ပြေးလွှားသွားကြသည်။
ဖုန်းဆိုးမြေရဲ့ ပုံပြင်အဟောင်းအသစ်တို့အတွက် မြို့ကလေးသည် အပျော်ဖတ်
စာဖတ်ပရိသတ်တဦးလို အရာရာမှာ ပေါ့ပေါ့ပါးပါး။ တချို့စာမျက်နှာတွေအရောက်
ခိုးခိုးခစ်ခစ်ကလေးပင် ရယ်လိုက်သေးဟု ထင်ရသည်။
သူသည် ပါးရိုက်ခံလိုက်ရသူတဦးလို မြို့ကလေးကို မင်သက်မိစွာ ကြည့်နေခဲ့
သည်။ မီးရထားလမ်းခွဲတခုမှာ ဥသြမဆွဲပဲ မောင်းနှင်ထွက်ခွာသွားသော မျက်ရည်
နှင့်ရယ်သံများကို သူမေ့ပစ်လိုက်ချင်သည်။ ခလေးတွေ လွှတ်တင်ကစားနေသော
စက္ကူစွန်လေးများကို မော့ငေးရင်း တိမ်တွေမှာလည်း နေစရာ မြို့တမြို့ရှိမှာပါဟု
သူယုံကြည်မိလေသည်။
တိမ်တွေနေတဲ့မြို့
မြို့ကလေးတမြို့
အိပ်မက်ထဲကလိုလို
တကယ့်ပြင်ပကလိုလို။
သုံးဆယ့်တဘုံထဲမှာလိုလို
သုံးဆယ့်တဘုံပြင်ပမှာလိုလို
သုံးဆယ့်တဘုံလုံး ထိုးကြိတ်ထည့်ထားသလိုလို
မြို့ကလေးတမြို့။
ငရဲလို ထောင်ချောက်တွေပြည့်နှက်နေပေမယ့်
နတ်ပြည်လို လူတွေတိုးဝှေ့နေတဲ့မြို့၊
စွဲမက်ဖွယ်ဒုစရိုက်တွေနဲ့
လှုပ်ခါရယ်မောနေတဲ့မြို့၊
မသိနားမလည်တဲ့သူတွေကို
ဆွဲဆောင်ပျော်ပါးပြီး
သိနားလည်သူတွေကို
အခယူဖျော်ဖြေနေတဲ့မြို့၊
မျက်စိလည်လမ်းမှားခဲ့တာမဟုတ်ဘူး
ရောက်အောင်ကိုလာခဲ့တာ။
သူက သိနားလည်သူလည်းမဟုတ်ဘူး
မသိနားမလည်သူလည်းမဟုတ်ဘူး
နတ်ပြည်ကိုလည်း မတောင့်တဘူး
ငရဲကိုလည်း မကြောင့်ကျဘူး။
သုံးဆယ့်တဘုံမှာ
တဘုံထဲကိုသာ သေချာချင်သူ။
မြို့ကလေးနဲ့ဆံ့အောင်
သူ့စိတ်ကူးတွေကိုတော့ မပြင်နိုင်ဘူးတဲ့
သူ့စိတ်ကူးတွေနဲ့ဆံ့အောင်သာ
မြို့ကလေးကိုတိုးချဲ့ပစ်ချင်ခဲ့။
အိပ်မက်တွေလည်း နေထိုင်ခွင့်ရှိတယ်
တကယ့်ဘဝတွေလည်း နေထိုင်ခွင့်ရှိတယ်
ဒီမြို့ကလေးရှိရာ
သူရောက်အောင်လာခဲ့တယ်။ ။
နှင်းခါးမိုး
No comments:
Post a Comment