Saturday, December 28, 2013

လူတွေမှာမီးမရှိတော့



မထင်မှတ်ပဲ မီးဟာ ပျောက်ဆုံးသွားတယ်
ပိုင်ရှင်က သူ့ပစ္စည်းကိုသူပြန်ယူသွားသလိုမျိုး
လူတွေအပေါ် အညိုးအတေးကြီးသူတဦးက အကြံပက်ပက်စက်စက်ခိုးယူသွားသလိုမျိုး
ဘယ်သူမှမတားလိုက်နိုင်ခင် တိုက်ပေါ်ကခုန်ချသွားသလိုမျိုး
လေထဲမှာလေယာဉ်ဟာပေါက်ကွဲသွားသလိုမျိုး
အစအနရှာမရအောင် သဲလွန်စမကျန်ဘာမကျန် မီးဟာပျောက်ဆုံးသွားတယ်
လူတွေဆီမှာ မီးမရှိတော့ဘူး။

မီးမရှိတော့ လူတွေဟာ တယောက်ကိုယ်ငွေ့ တယောက်ပိုတန်ဘိုးထားလာတယ်
မီးမရှိတော့ စက်မရှိတော့ဘူး
လုပ်အားဟာ ပိုလှလာတယ်
ဖယောင်းတိုင်ရှိပေမယ့် မီးမရှိတော့ဘူး
ဘက်ထရီရှိပေမယ့် မီးမရှိတော့ဘူး
ဓါတ်ကြိုးတွေကို သစ်ပင်တွေက ဝါးမြိုပစ်လိုက်တယ်
ရေစီးသန်တဲ့မြစ်တွေ ရေတံခွန်တွေဟာ အပျိုစင်ပြန်ဖြစ်သွားကြတယ်
ရေနံတွင်းတွေဟာ မစင်တွင်းတွေလို လူတွေအတွက်အနှောက်အယှက်ဖြစ်လာတယ်
မီးမရှိတော့ လရောင်ဟာ ပိုခမ်းနားလာတယ်
ကြယ်တွေက ပုံပြင်တွေထဲကနေ လူတွေဘဝထဲရောက်လာတယ်
အမှောင်ရဲ့ထွေးပွေ့ကြင်နာမှုဟာ လက်တွေ့ပိုဆန်လာတယ်
မီးမရှိတော့ တယောက်အသံစစ်စစ်ကို တယောက်ကြားခွင့်ရလာတယ်။

မီးမရှိတော့ မီးပြတိုက်မရှိဘူး
အန္တရယ်ရှိတဲ့ကျောက်ဆောင်တွေကို ကိုယ့်ဖာသာရှာကြရတယ်
မရှာတတ်ရင် ပင်လယ်ပြင်ထဲရွက်မလွှင့်နဲ့ပေါ့
မီးမရှိတော့ တယောက်လိုက်မမီနိုင်တဲ့အဝေးကို တယောက်ထွက်ပြေးလို့မရတော့ဘူး
မီးမရှိတော့ ချောင်းကလေးတညခြားရင်ပဲ ရက်ပေါင်း ၇၀၀ ငိုကြရတယ်။

မီးမရှိတော့ သေနတ်တွေမီးမပေါက်တော့ဘူး
စစ်ပွဲတွေဟာ လူပိုဆန်လာတယ်
လူတွေက စစ်ပွဲတွေပိုဆန်လာတယ်
ညစာတနပ်အတွက်စစ်တိုက်တယ်
မိုးတခါခိုဖို့စစ်တိုက်တယ်
လိင်ဆက်ဆံဖို့စစ်တိုက်တယ်
ဘာအတွက် ညာအတွက် အမှန်တရားအတွက်တွေဘာတွေ ပြောနေဖို့မလိုဘူး
လိုချင်လို့စစ်တိုက်တယ် ဒါပဲ
မီးမရှိတော့ လူတွေပိုရိုးသားလာတယ်။

မီးမရှိတော့ ဆေးလိပ်မရှိဘူး
အသားကင်မရှိဘူး
ရေနွေးကြမ်းပူပူမရှိဘူး
ပေါင်မုန့်တွေ ကိတ်မုန့်တွေလည်းမရှိဘူး
လက်ဖက်ရည်ဆိုင်မျိုးသုန်းသွားတယ်
မီးခိုးခေါင်းတိုင်တွေကို ဝတ်ပြုကျောင်းဆောင်တွေလို့  နှောင်းလူတွေကထင်ကြတယ်
မီးမရှိတော့
မီးသဘောၤလည်းမရှိဘူး
မီးသင်္ဘောမရှိတော့ ကမ္ဘာကြီးကပြန်ပြားသွားတယ်
ပင်လယ်ကြီးအဆုံးကို ဘယ်သူမှမသွားနိုင်တော့ဘူး
သွားတဲ့သူတွေလည်း ပြန်မလာတော့ဘူး။


မီးလိုပူတယ်၊ မီးဝင်းဝင်းတောက်တဲ့အကြည့်၊ မီးလောင်ပြင်၊ ပွဲပြီးမီးသေ၊ မီးပွား၊ မီးတောက်၊ မီးတောင်
မီးဟာအဝါရောင်လား မီးဟာလေလိုပြေးလွှားသလား မီးဟာမုန်တိုင်းတွေလို တိုက်ခတ်ဖျက်ဆီးတတ်သလား  သတ္တဝါဆိုးကြီးတကောင်လား
မီးဟာပုံပြင် မီးဟာဒဏ္ဌာရီ ယုံတမ်းစကား စိတ်ကူးယောင်ယောင် တောရမ်းမယ်ဘွဲ့
မီးဟာကြောက်စရာ ကိုးကွယ်စရာ အားထားစရာ နာခံစရာ ပူဇော်ရာ အကောင်းဆုံးကျေးကျွန်
ဒါပေမယ့် တချို့ကတော့ မီးအကြောင်းသေသေချာချာသိကြ
မီးဟာအင်အား မီးဟာအာဏာ မီးဟာယဉ်ကျေးမှု ဖန်တီးထုတ်လုပ်မှုတို့ရဲ့မိခင် မီးဟာလူ့ဘဝရဲ့အသက်ဓါတ်
သူတို့မီးကိုရှာကြ၊ မီးနောက်လိုက်ကြ၊ မီးကိုဖန်တီးဖို့ ဖော်ထုတ်ဖို့ကြိုးစားကြ
မီးဟာဘယ်မှာပုန်းနေလဲ ဘယ်သူက ဘယ်နေရာမှဝှက်ထားသလဲ ဘယ်လိုအကြောင်းနဲ့ချုပ်ငြိမ်းသေသွားသလဲ ဘယ်ကိုပြန်သွားသလဲ ဘာ့ကြောင့်ပျောက်ဆုံးသွားသလဲ။

မီးရှိမှဖြစ်မယ်
နေရောင်နဲ့မလုံလောက်ဘူး နေအပူနဲ့မဖူလုံဘူး မီးမရှိပဲ နေရောင်တခုကိုပဲအားကိုးနေရတဲ့အခါ လူဟာ တဝက်ပဲအသက်ရှင်နိုင်တော့တယ်
ဒီလိုနဲ့ အမှောင်တွေကထူသိပ်လာ အအေးဓါတ်ကတအိအိဖိစီးလာ လူဟာအင်အားကင်းမဲ့လာ အရာရာကကိုကြောက်လန့်နေကြရ ခုခံစရာ အားကိုးစရာမဲ့လို့။
တညတော့ အလင်းတန်းအမြီးရှည်နဲ့ကြယ်ကြီးတစင်း ငါတို့မြို့နားကို ကြွေကျလာတယ် ကြယ်ကြီးဟာတောင်ထိပ်ပေါ်ကြွေကျလာတယ် ကြယ်ကြီးဟာ ငြိမ်းသေမသွားဘူး တောင်ထိပ်ပေါ်မှာ ကြယ်အကြွေကြီးဟာ လင်းနေတယ် ကြယ်ကြီးလင်းနေတာ ဟိုးအဝေးကြီးကလည်း လှမ်းမြင်ရတယ် ကြယ်ကြီးဟာ ကမ္ဘာမြေကိုလက်ဆောင်ပို့လိုက်တဲ့ မီးအိမ်ကြီးတလုံးပေါ့ မီးအိမ်ကြီးဟာ တောင်ထိပ်ပေါ်မှာလင်းနေတယ် ဟိုးအဝေးကြီးထိလင်းနေတယ်
ငါတို့တောင်ပေါ်သွားကြမယ် မီးအိမ်ကြီးဆီသွားကြမယ် အဝေးအနီးကလူတွေ အားလုံးစုဝေးရောက်ရှိလာကြပြီ။ လူတွေက ဒီမီးအိမ်ကြီးဆီမှာ မီးပါလာတယ်လို့ယုံကြတယ်။ မီးကိုယူဆောင်ဖို့ တောင်ပေါ်တက်ကြတယ်။ ကြယ်ကြီးရှိရာ တရွေ့ရွေ့တက်ကြတယ်။ ကြယ်အကြွေကြီးဟာ တငွေ့ငွေ့တောက်လောင်လို့ တရှိန်ရှိန်ထိန်လင်းလို့ လူတွေကိုစောင့်ဆိုင်းနေတယ်။ သူအဝေးကြီးကလာခဲ့တာပါ။ ဒီမှောင်မိုက်နေတဲ့ကမ္ဘာမြေဆီ တမြေ့မြေ့အေးခဲနေတဲ့ဂြိတ်ပြာပြာဆီ လေတိုးမခံတော့တဲ့ဘဝလေးတွေကိုဆုပ်ကိုင်လို့ တုန်ရီနေရှာတဲ့လူသားတွေဆီ အဝေးကြီးကနေ သူရောက်အောင်လာခဲ့တယ်။

ငါဟာ ကြယ်အကြွေတလုံးပါ တချိန်မှာငြိမ်းတော့မယ့်မီးအိမ်ပါ ငါပေးနိုင်တဲ့အလင်းနဲ့နွေးထွေးမှုမှာ မင်းတို့ပျောက်ဆုံးသွားတဲ့ကမ္ဘာကို ပြန်တူးဖော်ကြပါ
မီးကိုချစ်ပါ
စစ်စစ်မှန်မှန်ချစ်ပါ ရိုးရိုးသားသားချစ်ပါ ယုံယုံကြည်ကြည်ချစ်ပါ လေးလေးနက်နက်ချစ်ပါ ပျော်ပျော်ရွှင်ရွှင်ချစ်ပါ အချစ်နဲ့သာ အချစ်ကြောင့်သာ မီးဟာထွန်းလင်းနေပေလိမ့် ထာဝရငြိမ်းသေသွားတဲ့မီးမှာ ပြီးခဲ့တဲ့အမှားအယွင်းတွေအားလုံး လောင်ကြွမ်းသွားပါစေ

ဆေးလိပ်မသောက်တတ်ပေမယ့် လွယ်အိတ်ထဲမှာဂတ်စ်မီးခြစ်ကလေးတလုံးအမြဲပါတယ် နတ်သမီးမီးခြစ်ကလေးတွေက ရာသီဥတုသုံးပါးဒဏ်ခံတယ်ဆိုပေမယ့် မှိုတက်တက်သွားတတ်လို့ပါ
မီးခြစ်ပါလားလို့ အငမ်းမရမေးတတ်တဲ့သူမျိုးတွေနဲ့တွေ့ရတဲ့အခါတိုင်း
တောင်ပေါ်ကကြယ်အကြွေကြီးကို သတိရ

ချစ်သူလှုံဖို့ ပုံပြင်တွေကို ငါမီးရှို့တယ်။



Tuesday, December 24, 2013

အိပ်မပျော်လို့ရေးဖြစ်တဲ့ဝါကျတွေ

နှင်းခါးမိုး

ညသန်းကောင်ကျော်ပြီ။ ဧည့်ခန်းမှာ ငြိမ်သက်စွာထိုင်နေမိသည်။ တီဗွီလည်းပိတ်ထားသည်။ အခန်းမီးတွေလည်းပိတ်ထားသည်။ ပြတင်းပေါက်မှာတော့ ကြယ်လေးတလုံးလင်းနေသည်။ ကြယ်ခပ်ကြီးကြီးတလုံးဟု ပြန်ပြင်ပြောရမည်ထင်သည်။ ကြယ်ပုံမှန်သားပြင်တချပ်၊ အလည်မှာ မီးသီးကလေးမြုပ်တပ်ထားသည်။ မီးသီးအလင်းက ကြယ်ပွင့်မှန်သားထောင့်တွေကို လက်ပနေစေသည်။ ပြတင်းပေါက် ဇာခန်းဆီးစပေါ် မှန်သားကြယ်ပွင့်တလုံး ကပ်ငြိလင်းလက်နေပုံက စိတ်ကူးယဉ်ပန်းချီကားချပ်ကလေးတခုနှင့် ဆင်နေလိမ့်မည်ထင်သည်။
ပြတင်းကနေကျော်ပြီး အပြင်ကညကို လှမ်းကြည့်လိုက်လျင် မိုးသားမှုန်မှုန် ဖွဲဖွဲသွန်းနေတာကို ထူသိပ်သိပ်အမှောင်ညထဲက လမ်းမီးရောင်ဖျော့ဖျော့တွေအောက်မှာ တွေ့နေရသည်။ မိုးသံလေသံခပ်အုပ်အုပ်ကိုလည်းကြားရသည်။ ရပ်ကွက်လမ်းလေးရဲ့ ခေါင်မိုးမဲမဲ တိုက်ရိပ်မဲမဲတွေထဲ ကြဲပက်ထားသည့်နှယ် မီးပုံးမီးဆိုင်းကလေးတွေ မီးသစ်ပင် မီးကြယ်ပွင့်လေးတွေက ပြတင်းမှန်တံခါးတွေနှင့် ၀ရန်တာငယ်လေးတွေမှာ တွယ်ချိတ်ပြိုးပြက်နေသည်။ မနက်ဖြန်ဆို ခရစ်စမတ်အကြိုညလေ။

ပြီးခဲ့တဲ့အပတ်က နှင်းတွေကျသည်။ နှင်းဖွေးဖွေးနှင့် ခရစ်စမတ်အကြိုကာလ မြို့လည်မှာ ခရစ်စမတ်ဈေးပွဲတော်လေးစည်ကားခဲ့သည်။ ပုံမှန် ည ၈ နာရီပိတ်သည့် ကုန်တိုက်တွေဆိုင်တွေက ည ၁၂ နာရီထိ အထူးဈေးရောင်းပွဲတွေလုပ်ကြသည်။ စားစရာမရှိ လျော်စရာတော့ရှိရမယ်ဆိုတဲ့ မြန်မာစကားပုံလိုပင်၊ ဘယ်သူမဆို ခရစ်စမတ်လက်ဆောင်ပစ္စည်းလေးတွေ ခုချိန်မှာ မ၀ယ်မဖြစ်ဝယ်ကြသည်။ မိသားစုတွေ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြမည်။ ကုန်တိုက်တွေစုဝေးရာ မြို့လည်ရိပ်သာလမ်းမကြီးပေါ်မှာ ခရစ်စမတ်သစ်ပင်ကြီးတပင် မီးပွင့်တွေဝေေ၀ဆာဆာဖြင့် စိုက်ထူထားသည်။ အရုပ်မဟုတ်။ တကယ့်ထင်းရူပင်စစ်စစ် စိမ်းစိမ်းစိုစိုကြီးဖြစ်သည်။ ထိုအပင်ကြီးအောက်မှာ လက်ဆောင်ပစ္စည်းထုပ်တွေစုပုံနေသည်။
ခရစ်စမတ်ကို နှင်းဖွေးဖွေးနှင့်ဆို ဒီကလူတွေက ပျော်ကြသည်။ ဒါပေမယ့် ခုတော့ မိုးရေစက်လက်နှင့် စိုစွတ်စွတ်ခရစ်စမတ်သာဖြစ်ဖို့များသည်။ နက်ဖြန်လည်း နှင်းက ကျဖို့မမြင်။
နက်ဖြန်နေ့ခင်းကစပြီး ဆိုင်တွေပိတ်ပြီ။ တမြို့လုံး ရှင်းလင်းတိတ်ဆိတ်သွားမည်။ ကျနော်တို့ဆီက ပွဲတော်နေ့တွေလို လမ်းပေါ်မှာ လူတွေပျားပန်းခတ်နေလိမ့်မည်မဟုတ်။
ဒီကိုရောက်စကတော့ ခရစ်စမတ်ဆို အတော်စည်ကားလိမ့်မည်ဟုထင်ခဲ့သည်။ ဘာမှမဆိုင်သည့် အာရှတိုက်က မြို့ကြီးတွေပင် ခရစ်စမတ်ပွဲဆို အပြင်အဆင်တွေ မီးရောင်စုံတွေနှင့် ကြက်ပျံမကျရှိခဲ့သည်မဟုတ်လား။ တကယ်တမ်းမှာတော့ အထင်နှင့်အမြင်လွဲခဲ့သည်။

ခရစ်စမတ်ဆိုတာ သူတို့အတွက်တော့ မိသားစုပွဲလေးပင်။ ရောက်ရာအရပ်ကနေ မိမိနေရပ်ဆီ မိသားစုအိမ်ယာဆီ ပြန်လာကြသည်။ ခရစ်စမတ်ညလေးမှာ မိသားစု ညစာစားကြမည်။ လက်ဆောင်ပစ္စည်းတွေ ဖလှယ်ကြ ဖွင့်ဖောက်ကြ ပျော်ရွှင်ကြည်နူးကြမည်။ အိမ်အပြင်လမ်းတွေပေါ်မှာတော့ ကားတွေလည်းမရှိ။ လူတွေလည်းမရှိ။ တိတ်ဆိတ်ရှင်းလင်းနေမည်။ သန့်ရှင်းသောမွေးနေ့ညလေး ပီပီသသဖြစ်လို့နေသည်။ ခဏနေတော့ မြို့အနှံ့မှာ ဘုရားကျောင်းက စည်းချက်ကျသည့် ခေါင်းလောင်းသံတွေက တခုခုကို ချီးကျူးထောပနာသည့်နှယ် လှိုက်လှဲဆူညံလာပေမည်။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က ရွာလေးတရွာမှာ။ မြင်းစောင်းလေးတခုမှာ။ မိန်းမငယ်လေးတဦးရဲ့နာကျင်မောပမ်းမှုနောက်က ဆူးဝါးချိုမြတဲ့ ကလေးငိုသံလေးတသံ။ ကလေးငိုသံကြောင့် အမှောင်ထဲကအိမ်ကလေးတွေ မီးတွေပွင့်လာကြ။ ပြတင်းတံခါးတွေပွင့်လာကြ။ ဘာပဲဖြစ်ဖြစ် လူတဦးတဦး မွေးဖွားလာတိုင်းလာတိုင်း ကမ္ဘာကြီးကိုပိုမိုကောင်းမွန်လာစေတယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ကြိုဆိုခဲ့ကြတာပဲ မဟုတ်လား။

အမှောင်ထဲမှာဆက်ထိုင်နေရင်း လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကမွေးခဲ့သည်ကောင်တကောင်အကြောင်း စဉ်းစားမိသွားသည်။ မတန်မရာဆက်စပ်သလိုဖြစ်သွားသလားမသိ။ မတော်တဆလို့ပဲဆိုပါစို့။ ဘာတွေစဉ်းစားမိသလဲဆိုတာကိုတော့ ဆက်ပြောချင်စိတ်မရှိပါ။ ခုနောက်ပိုင်း စဉ်းစားဖြစ်တာတွေက အစီအစဉ်လည်းမကျပါ။ မှတ်မှတ်ရရပြန်ပြောပြစရာ မယ်မယ်ရရလည်းမရှိပါ။ သန့်ရှင်းသောမွေးနေ့ညမတိုင်မီတညမှာ။ တကယ်တော့ မွေးနေ့တနေ့ရဲ့အရောင်အသွေးနဲ့ အဆင်းရနံ့ဆိုတာ အဲဒီလူတယောက် ဘ၀မှာ ဘယ်လိုပေါက်ရောက် ဖူးပွင့်ဝေဆာခဲ့သလဲ ကြွေနွမ်းခြောက်သွေ့ခဲ့သလဲဆိုတဲ့ ညနေခင်းအရိပ်တခုသာဖြစ်ကြောင်း တွေးမိသွားသည့်အခါ။ မီးပွင့်ငယ်ကြောင့်လင်းလက်နေသည် ဇာခန်းဆီးပေါ်ကကြယ်ပွင့်ကလေးကို ကျောခိုင်းကာ မျက်လုံးအစုံကိုမှိတ်ပစ်လိုက်သည်။

Monday, November 4, 2013

မီးခိုးတွေကိုမြင်နေရတုန်းပဲ


ရင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေက
ငြိမ်းချမ်းရေးလိုချင်တယ်ပြောတာ ငါမယုံဘူး

မေတ္တာတရားမရှိရင်
တရားမျှတမှုမရှိရင်
အစာမဝတဲ့အသွေးအသားတွေဟာ
မနက်မိုးလင်းတာနဲ့ စစ်တိုက်နေကြမှာပဲ

ခင်ဗျားတို့ရဲ့ အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေး
မြွေအလိမ္မယ်ဆန်တဲ့ငြိမ်းချမ်းရေး
ကြေးစားဆန်တဲ့ငြိမ်းချမ်းရေး
ဧည့်ခန်းဆောင်နိုင်ငံရေးရဲ့သားပြောမယားပြောပြက်လုံး

ဇာတ်ခုံပေါ်ကငြိမ်းချမ်းရေး
ဆိုင်းဘုတ်ပေါ်ကငြိမ်းချမ်းရေး
သတင်းစာခေါင်းစီးထဲကငြိမ်းချမ်းရေး
သံချပ်ထဲကငြိမ်းချမ်းရေး
ကျမ်းသံပေသံငြိမ်းချမ်းရေး
လက်ဖက်ရည်ပန်းကန်လုံးထဲကငြိမ်းချမ်းရေး
ပွဲဈေးရှိရင် လူဆူမယ် ဖုတ်ထူမယ် ညှော်နံ့လည်းပူမယ်

ကျောင်းတက်ချင်တယ်
ရုပ်ရှင်ကြည့်ချင်တယ်
လရောင်အောက်ကတောင်ယာတဲလေးမှာ
ချစ်သူသဘက်လေးကိုခဏယူခြုံချင်တယ်
အဲဒီလိုညလေးတညအတွက်
ဘဝတွေကိုပေးခဲ့ကြတာပါ
တန်ရာတန်ဘိုးတွေပေးခဲ့ကြတာပါ

မြို့ကြီးသားတွေယူလာမယ့်လက်ဆောင်က
ဒီနေရာကိုလမ်းမပေါက်သေးဘူး
လျှိုထဲကိုရေဆင်းခပ်တာ
သူ့ခြေထောက်တဘက်ကျန်ခဲ့တယ်
ပလပ်စတစ်ဆံညှပ်ကလေးတချောင်းဟာ
အဲဒီအပျိုမလေးရဲ့အိပ်မက်ပဲ
လူကြီးမင်းများငြိမ်းချမ်းကြပါစေ
နေလောင်ထားတဲ့ဆံတောက်ကလေးပေါ်မှာ
တောပန်းကလေးပွင့်ပါစေ။



Thursday, October 17, 2013

ညချော့တဲ့တေး



ကြယ်လေးတွေက အမှောင်မှာတောက်ပနေတာလား
ကြယ်တွေနဲ့ဝေးလို့ ငါတို့က အမှောင်ထဲရောက်နေတာလား
အိပ်မပျော်တဲ့မျက်လုံးတွေနဲ့ ကြယ်ကလေးတွေကိုမင်းဖတ်နေသလား
သူတို့ဆီမှာ အတွေးအခေါ်တွေရှိတယ် သမိုင်းရာဇဝင်တွေရှိတယ် လျှို့ဝှက်ဆန်းကြယ်မှုတွေရှိတယ် ပြီးတော့  ရက်စက်တဲ့အလှတရားနဲ့ ခမ်းနားတဲ့အိပ်မက်တွေလည်းရှိတယ်
ဒါပေမယ့် မနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ မင်းမျက်လုံးတွေကိုမင်းပြန်ရှာတွေ့ဖို့ဆိုရင်တော့
မင်းထိုင်နေတဲ့ခုံတန်းလျားလေးရဲ့ဘေးက သူ့အလှနဲ့သူ့ရနံ့ကို အမှောင်ထဲမှာမလုံ့တလုံဖွက်နေရှာတဲ့ အသံတိတ်တိတ်စံပယ်ပန်းလေးတွေကိုသာ
မင်းခေါင်းအုံးအောက် ယူသွားပါတော့ကွယ်။

Tuesday, October 15, 2013

ပင်ဂွင်းငှက်တကောင်နဲ့ဒိုင်ယာလော့



မြေကြီးပေါ်မှာလည်း လူတယောက်လို လမ်းလျောက်တယ်
ဒါပေမယ့်မြေကြီးတွေကိုစစ်တိုက်ပြီးမသိမ်းဘူး၊
ရေထဲမှာလည်း ငါးတကောင်လို ကူးခတ်တယ်
ဒါပေမယ့်ငါးမျှားတံရဲ့ အစာချရာနောက်မလိုက်ဘူး၊
မိုးပေါ်ကိုလည်း ခြေဖျားလေးထောက်ထောက်ပြီး မော့မော့ကြည့်တယ်
ဒါပေမယ့်ကောင်းကင်ကြီးပေါ်တက် မပျော်ပါးဘူး
လေဟုန်စီးပြီးခရီးရှည်လည်းမသွားဘူး၊
ကျောက်ဆောင်ကြီးတွေရဲ့ချစ်ခြင်းမေတ္တာနဲ့
နားလည်ရခက်ပေမယ့်အမြဲတမ်းပြန်အသစ်ဖြစ်ဖြစ်နေတဲ့ ရေခဲပြင်ကြီးတွေရဲ့သံယောဇဉ်ရင်ခွင်မှာ
နွေးထွေးတောက်ပတဲ့နေရောင်ကလွဲရင် ဘာကိုမှ သူမတောင့်တတတ်ခဲ့ဘူး
တိတ်ဆိတ်ငြိမ်သက်စွာ မတ်မတ်ရပ်နေခဲ့တယ်။

Tuesday, October 8, 2013

အိမ်ပြေး


Kin Maung Yin

ဓါတ်ပုံထဲမှာတောင်
အိမ်ရနံ့ကိုရတယ်
သြော် ဝေးခဲ့ရတဲ့ရေမြေတောတောင်။

ကောက်ရိုးလှည်း
ကောက်ရိုးပုံ
ကောက်ရိုးတွေလွင့်ပွနေတဲ့တာလမ်း
ခပ်လှမ်းလှမ်းကခင်တန်းနဲ့ ထန်းပင်စုစု
ရေစပ်စပ်နဲ့ရိုးကလေးထဲမှာ
ပန်းခရမ်းပြာ၊ သို့မဟုတ် ဝေးခဲ့ရသောဗေဒါ။

ဘဲကျောင်းတဲ့လှေကလေးပေါ်က
သီချင်းတကြော်ကြော်နဲ့ညနေခင်းများ
ရွံ့စက်တွေပေလူးနေပေမယ့်
အလှမပျက်တဲ့ခြေဖမိုးဖေါင်းဖေါင်းလေးကိုပိုင်ဆိုင်သူရယ်
တခါကဧည့်သည်တဦးဟာ
မင်းပန်ဖို့ကြာတပွင့်ခူးပေးခဲ့ဘူးတယ်လေ။ 

မဟာဓါတ်အားလိုင်းပေါ်မှာ 
အိပ်တန်းပျောက်တဲ့ငှက်ကလေးပဲရှိတော့တယ်၊
မြို့ဘက်ကဝင်လာတဲ့ကားမီးရောင်အောက်မှာ
သစ်ငုတ်ပေါ်ထိုင်နေတဲ့ဧည့်သည်
ဘယ်သူ့ကိုမှနှုတ်မဆက်ပါရစေနဲ့တဲ့
မခေါ်ပဲနဲ့လာ
မနှင်ပဲနဲ့ပြန်ခဲ့တယ်၊ 
ပိုးမွှားပုရစ်အော်သံတွေသာကျန်ရစ်ခဲ့။

တနေ့ကျ ရှင်ကအိမ်ပြန်သွားမှာပါတဲ့
အုတ်ကန်ထဲကဘီးလားတွေ
နေဝင်ရင်မီးရှို့ဖို့ချိုးလာခဲ့တဲ့ယူကလစ်ကိုင်းစိုစိုတွေ
အဲဒီအလုပ်သမားတန်းလျားလေးမှာ အသံမထွက်ပဲ ငါငိုခဲ့ရတဲ့နေ့များ။

Saturday, October 5, 2013

ညတစိမ့်စိမ့်



အပြင်မှာမိုးရွာနေတယ်
အိမ်အပြင်မှာမိုးရွာနေတယ်
မိုးကတဖွဲဖွဲရွာနေတယ်
မိုးကမစဲပဲရွာနေတယ်
မိုးစက်ကျသံတဖြောက်ဖြောက်ကြားနေရတယ်
အခန်းထဲမှာမီးလင်းနေတယ်
အခန်းထဲမှာတိတ်ဆိတ်နေတယ်
အခန်းထဲမှာလူတယောက်လမ်းလျောက်နေတယ်
လမ်းလျောက်ရင်းပြတင်းပေါက်နားမှာသူရပ်တယ်
ပြတင်းပေါက်ကနေအပြင်ကိုလှမ်းငေးတယ်
အပြင်မှာမိုးရွာနေတယ်
ရွာနေတဲ့မိုးကိုသူငေးကြည့်တယ်
ငေးကြည့်နေရင်းသူတွေးတယ်
သီချင်းတပုဒ်ညည်းရကောင်းမလားသူတွေးတယ်
မိုးနဲ့ပတ်သတ်တဲ့သီချင်းတွေသူစဉ်းစားတယ်
ကဗျာတပုဒ်ရွတ်ရကောင်းမလားသူတွေးတယ်
မိုးနဲ့ပတ်သက်တဲ့ကဗျာတွေသူသတိရတယ်
မိုးစက်ကျသံတဖြောက်ဖြောက်ကပိုကျယ်လာတယ်
ဒါလည်းဂီတပဲလို့တိုးတိုးပြောမိတယ်
ဒီဂီတကပါးလျသလောက်လေးပင်တယ်
ထူထဲသလောက်တိုးဖွတယ်
ပေါ့ပါးသလောက်ဖမ်းစားတယ်
လှပသလောက်လျှို့ဝှက်တယ်
ငြိမ်သက်သလောက်စူးဝင်တယ်
ပေါက်ကွဲသလောက်တွယ်နှောင်ဖွဲ့ငင်တယ်
ဂီတထဲမှာသူနစ်မြုပ်တယ်
သူ့စိတ်ကူးအတွေးတွေနစ်မြုပ်တယ်
သူ့နှလုံးသားနစ်မြုပ်တယ်
ဂီတဟာမစဲပဲရွာနေတယ်
ဂီတဟာတဖွဲဖွဲရွာနေတယ်
ဂီတဟာသူအဇ္ဇတ္တထဲမှာရွာနေတယ်
ဂီတဟာသူ့ကိုယ်ထဲမှာရွာနေတယ်
မိုးကအပြင်မှာရွာနေတယ်။

Friday, July 26, 2013

ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ


r-193 by Rolf  Hoff


ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုငါရေးချလိုက်တော့ ငါ့အာငွေ့ပေါ်မှာ ငါ့လက်ချောင်းကလေးတွေနဲ့ငါရေးချလိုက်တော့ ဒီစာတကြောင်းက အသံစူးစူးလေး တဖြတ်ဖြတ်လွင့်နေတဲ့ဂါဝန်အနားစလေး မရီတတ်မငိုတတ်ပြက်လုံးနဲ့ ဒီစာတကြောင်းက လေရူးနဲ့ခဲလုံးနဲ့သစ်ရွက်ခြောက်နဲ့ ငါရေးချလိုက်တော့ လမ်းကလေးနဲ့ အိပ်ယာဝင်ပုံပြင်ကလေးနဲ့၊

ငါနားအစုံကိုပိတ်ပြီး ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ငါခေါင်းကိုခါယမ်းရင်း မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ဘာမှမမြင်ရတဲ့မျက်လုံးတစုံနဲ့ စာတကြောင်းကိုချရေးလိုက်တော့ ဆိုင်ကယ်မောင်းရင်း မြွေတကောင်ကိုဖြတ်ကြိတ်မိတဲ့အခါ လမ်းပေါ်မှာ ပြားချပ်နေတဲ့မြွေအသေလေးတွေတွေ့ရတဲ့အခါ ငါ့အိပ်ခန်းပြတင်းရဲ့မှန်တံခါးပေါ်မှာ မြွေတကောင်လူးလွန့်သွားလာနေတော့ ဆောင်းရာသီအိမ်ခေါင်မိုးတွေပေါ် မီးခိုးလေးတလူလူနဲ့ခေါင်းတိုင်များရဲ့နောက်မှာ ဝင်ရိုးစွန်းအရိပ်ဟာမြွေတကောင်လို စာတကြောင်းလို ဆောင်းရာသီကိုငါချရေးလိုက်တော့၊

ရှုံးခဲ့တဲ့စစ်ပွဲတွေ တိုက်ပေါ်ကခုန်ချခဲ့တဲ့အချစ်တွေ ဘဝမရှိတဲ့သစ်ပင်တွေ ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ ပျက်နေတဲ့အပူပေးစက်နဲ့ ဆိုဖာခုံဟောင်းပေါ်ကမသိမ်းရသေးတဲ့အိပ်ယာနဲ့ မလျော်ရသေးတဲ့အဝတ်ပုံနဲ့ ဘယ်တုန်းကမှလေတိုးမခံခဲ့ရဘူးတဲ့ဇာခန်းဆီးနဲ့ မှန်တံခါးပေါ်မှာ စာတကြောင်းကို
ဖိနပ်ကနှင်းတွေကိုခါရင်း ဖယောင်းတိုင်တွေကိုမီးညှိရင်း မိုက်ကရိုဝေ့ဖ်ထဲညစာပြင်ဆင်ရင်း တနာရီချင်းတရက်ချင်းတရွေ့ရွေ့ ရေခဲသေတ္တာထဲကဟင်းသီးဟင်းရွက်တွေလို ကိုယ့်ကိုယ်ကိုယ်လတ်ဆတ်နေတုန်းပဲထင်ရင်း ငါမတွေးဘူး ဒါ့ကြောင့်ငါမရှိဘူးလို့ရေရွတ်ရင်း စာတကြောင်းကိုငါချ‌ရေးလိုက်တော့။

Monday, July 22, 2013

ငှက်တကောင်ရဲ့ဆောင်းရာသီ


By Sue Casson

ငါထင်ထားတာလောက်
ဒီဆောင်းက မဆိုးပါဘူး
ငါထင်ထားတာထက်
ဒီဆောင်းက ပိုဆိုးတယ်

ငါ့အိပ်မက်နဲ့
ငါထူလိုက်တဲ့တအိုးတအိမ်ဟာ
တိမ်ပြာသောနေ့လည်းဖြစ်ခဲ့သလို
မုန်တိုင်းကျသောညလည်းဖြစ်ခဲ့တယ်

ပြီးခဲ့တဲ့ဆောင်းဟာ
ရေကန်ထဲမှာအရည်ပျော်သွားတဲ့အခါ
နောက်တဆောင်းမတိုင်ခင်
ဘယ်ရီသီးလေးတွေဟာ ချစ်ရေးဆိုချင်စရာ

မင်းသားလေးရဲ့အပြာရောင်မျက်လုံးတစုံကို
ငတ်ပြတ်နေတဲ့ပြဇာတ်ရေးဆရာလေးနဲ့
အိမ်မပြန်ရဲတဲ့ဆင်းရဲသူမလေးကိုပေးခဲ့ပြီ
နောက်ဆုံးတော့ မြို့လည်ကဖြိုချပစ်ခဲ့တဲ့
နှလုံးလှမင်းသားလေးရဲ့ခြေရင်းမှာ
ပျံလွှားငှက်အသေလေးတကောင် သူတို့တွေ့ရှိခဲ့ကြတယ်

အဲဒီကြမ်းတမ်းတဲ့ဆောင်းက သူ့ကိုသတ်ပစ်ခဲ့တာလား
မမျှတတဲ့လောကကြီးက သူ့ကိုသတ်ပစ်ခဲ့တာလား
ချစ်တဲ့ကျုရိုးပင်လေးဆီ
ဘယ်တော့မှသူမပြန်နိုင်တော့ပါ
မီးလောင်သွားပေမယ့်
နှလုံးသားဟာနှလုံးသားအတိုင်း
သူမရှိတော့ပေမယ့်
သူ့သီချင်းဟာသီချင်းအတိုင်း
ဒါ ဘယ်လိုဆောင်းရာသီမျိုးလဲ
ငှက်တကောင် မရပ်မနားပျံသန်းတယ်။

Ref: The Happy Prince by Oscar Wilde

Saturday, July 20, 2013

သီချင်းဆိုတဲ့ငှက်


Traditional Thai style painting on door of Buddhist temple

©  | Dreamstime.com


သီချင်းထဲမှာငှက်တကောင်ပါရင်
အဲဒီငှက်မှာ တေးတပုဒ်ရှိသတဲ့။
ဘယ်အပင်မှာနား ဘာသီးစားသလဲ
ဘယ်အကိုင်းကူးကူး တကောင်တည်းပဲလား
ဆောင်းဆို ဘယ်မှာခိုသလဲ
နွေရင်ခွင်မှာ ပျော်ရွှင်ပါစေကွယ်။

သစ်ကိုင်းပေါ်မှာ ခုန်ဆွခုန်ဆွ
မြက်ခင်းပေါ်မှာ ခုန်ဆွခုန်ဆွ
လူသွားလမ်းပေါ်မှာ ခုန်ဆွခုန်ဆွ
ပြီးတော့ ငါ့ခုံတန်းလျားပေါ်စွေ့ကနဲ
ပြီးတော့ ငါ့လက်တန်းပေါ်မှာ ခုန်ဆွခုန်ဆွ
ဟိုမှာဒီမှာ ခုန်ဆွခုန်ဆွ
အစာရှာသလား အဖေါ်ရှာလေသလား
မင်းဆိုနေတဲ့တပုဒ်တည်းသောတေးဟာ
အလွမ်းအကြောင်းလား အချစ်အကြောင်းလား
လောကဓံတရားနဲ့ ဆန်းပြားတဲ့ကံကြမ္မာအကြောင်းလား
ပြီးတော့ ငါ့အကြောင်းလား
ပြီးတော့ ငါ့ရှေ့ကဖြတ်လျောက်သွားတဲ့ကောင်မလေးအကြောင်းလား
ငါမော့ကြည့်မိတဲ့တိမ်တွေအကြောင်းလား
 ဟောဟိုအိမ်ခေါင်မိုးပေါ်ကကြောင်တကောင်အကြောင်းလား။

ငှက်တကောင်မှာတေးတပုဒ်ရှိရင်
အဲဒီတေးမှာ သီချင်းတထောင်ပါတယ်
ဆိုလို့မပြီးတော့ဘူး။


Friday, July 19, 2013

အရူးဆိုတဲ့သီချင်း


Boot and flower (pen ink drawing) by Vitogoni

စချင်တဲ့နေရာမှာစပြီး ဆုံးချင်တဲ့နေရာမှာဆုံးမယ်
အော်ချင်တဲ့အခါထအော်
နှစ်ကိုယ်ကြားလေးဖြစ်တဲ့အခါဖြစ်
ဘာပါလိမ့်လို့နားမစွင့်နဲ့ ဘာမှမဟုတ်ဘူး
ဒါပေမယ့် တဘဝလုံးစာ
နှစ်ခါပြန်မဆိုဘူး
နှစ်ယောက်ပြန်မဆိုဘူး
နောက်တနေရာရောက်ရင်နောက်တပုဒ်
နောက်တခါဆိုရင်နောက်တမျိုး
ခေါင်းစဉ်တခြား စာသားတခြား
ပါးစပ်ဆိုင်းနဲ့ ကကြိုးနဲ့
အငိုတွေအရယ်တွေနဲ့
ဒီသီချင်းသာမဆိုရရင်
ဒီအရူးကသေသွားမှာ။  

Monday, February 18, 2013

ခြေထောက်မရှိတဲ့အပြေးချန်ပီယံ၊ ရွှေတံဆိပ်လည်းရခဲ့တယ် ချစ်သူကိုလည်းသတ်ခဲ့တယ်

နှင်းခါးမိုး













ကျနော်ပြေးတယ်
တအားပြေးတယ်
ကြောက်လန့်တကြားပြေးတယ်
မရပ်မနားပြေးတယ်
အဝေးဆုံးရောက်အောင်ပြေးတယ်
ဘယ်သူမှမလိုက်နိုင်အောင်ပြေးတယ်
အမောဆို့ပြီးလဲကျသွားအောင်ပြေးတယ်
ဘယ်ကိုပြေးတာလဲ မသိဘူး ပြေးတယ်
ဘယ်သူတွေလိုက်နေလို့လဲ မသိဘူး ပြေးတယ်
ဘာကိုကြောက်ပြီးပြေးသလဲ မသိဘူး ပြေးတယ်
ပြေးနိုင်ရင်လွတ်မှာတဲ့လား မသိဘူး ပြေးတယ်
ပြေးတာကအဖြေလား မသိဘူး ပြေးတယ်
ရင်မဆိုင်ရဲလို့ပြေးတာလား မသိဘူး ပြေးတယ်
ဒီလိုပဲပြေးနေတော့မှာလား မသိဘူး ပြေးတယ်
မေးခွန်းတွေလိုက်မမီအောင် ပြေးတယ်
ဘယ်သူမှမရှိတဲ့နေရာကို ပြေးတယ်
ဘာသံမှမကြားနိုင်တော့အောင် ပြေးတယ်
တောတွေကိုဖြတ်ပြီး ပြေးတယ်
တောင်တွေကိုကျော်ပြီးပြေးတယ်
ပင်လယ်ကိုကူးပြီး ပြေးတယ်
တရားဓမ္မတို့နဲ့ဝေးရာ
ဆိုဆုံးမမှုတို့နဲ့ဝေးရာ
အေးချမ်းပျော်ရွှင်မှုတို့နဲ့ဝေးရာ
နားလည်ခွင့်လွှတ်မှုတို့နဲ့ဝေးရာ
ချစ်ခြင်းမေတ္တာနဲ့ဝေးရာ
ဖြစ်နိုင်ရင် တခြားစကြာဝဌာအထိ
ဖြစ်နိုင်ရင် နောက်ဘ၀တခုအထိ
ဖြစ်နိုင်ရင် အငွေ့ပျံပျောက်ကွယ်သွားသည်အထိ
စွပ်စွဲပြစ်တင်ကြ
ဆဲရေးရှုတ်ချကြ
လှောင်ပြောင်ရယ်မောကြ
ဝိုင်းဝန်းရိုက်ပုတ်ကန်ကြောက်ကြ
ရွံရှာစက်ဆုပ်ကြ
ရှောင်ရှားဝိုင်းပယ်ကြ
မှုန့်မှုန့်ညက်ညက်ချေမှုန်းကြ
လက်ညိုးငေါက်ငေါက်ထိုးကြ
မျက်နှာကိုတံထွေးနဲ့ထွေးကြ
လူသူဝေးရာမှာလွှင့်ပစ်လိုက်ကြ
ယင်တလောင်းလောင်း လောက်တဖွားဖွား ပုတ်အဲ့နံစော်
လင်းတတွေကတရုန်းရုန်း တောခွေးတွေကတဆူဆူတအူအူ
ကမ္ဘာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သံသရာကြီးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်နှစ်ကောဌာသကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ်တခုယုတ်ကိုးဆယ်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
သုံးဆယ့်တဘုံကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
အလုံးစုံကိုစီရင်တော်မူသည့်ဘုရားသခင်ကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
ကံ ကံ၏အကျိုးကိုဘယ်နှစ်ခါ ပတ်ပြီးပြေးတုန်း
စိတ္တရလေခါကိုဘယ်နှစ်ခါ
သိဒ္ဓတ္ထကိုဘယ်နှစ်ခါ
ပြစ်မှုနဲ့ပြစ်ဒဏ်ကိုဘယ်နှစ်ခါ
တရားခွင်ကိုဘယ်နှစ်ခါ
လေရူးသုန်သုန်ကိုဘယ်နှစ်ခါ
ရေပွက်ပမာကိုဘယ်နှစ်ခါ
စည်းအပြင်ကလူကိုဘယ်နှစ်ခါ
အန်နာကရီနာကိုဘယ်နှစ်ခါ
မေကိုဘယ်နှစ်ခါ
ငဘနဲ့ကိုဒေါင်းကိုဘယ်နှစ်ခါ
ရဲအော်အောင်ဒင်နဲ့ကျနော်ကိုဘယ်နှစ်ခါ
အသံအက်သွားတဲ့ခေါင်းလောင်းလေးကိုဘယ်နှစ်ခါ
သစ်ရွက်အသေများကိုဘယ်နှစ်ခါ
မရေမတွက်နိုင်အောင် မမှတ်တတ်တော့အောင်
ဘာ့ကြောင့်ဘာမှန်းမသိအောင် ချာချာလည်အောင်
ဖြတ်ကာဖြတ်ကာ ပတ်ကာပတ်ကာ
တအားပြေးတယ်
ကျနော်ပြေးတယ်
ပြေးလမ်းတော့မရှိဘူး


၁၈၊ ဖေဖေါ်ဝါရီ၊ ၂၀၁၃