Tuesday, October 31, 2017

တံခါးမှာ သော့ကတန်းလန်း

အိမ်ကြိုအိမ်ကြားက လက်ကျန်အမှောင်အစအနတွေကို
ငှက်သံတွေကတစီစီထိုးဆိတ်နေတယ်
‌ဆောက်ပြီးစတိုက်နံရံနဲ့ ပြတင်းမှန်တံခါးတွေပေါ်မှာ
နေရောင်ကမျက်တောင်ခတ်နေပြီ
တညလုံးဟောင်ခဲ့တဲ့ခွေးဟာ လှေကားထိပ်မှာဝင်အိပ်နေလောက်ပြီ၊

အားပြည့်နေတဲ့ဖုန်းကို ပလပ်ကြိုးဖြုတ်လိုက်တယ်
ပန်းအိုးထဲကို ရေတပုလင်းလောင်းထည့်လိုက်ပြီး မင်းဒီနေ့ ဘယ်နှစ်ပွင့်ပွင့်မှာလဲလို့ ကျောက်နှင်းဆီပင်လေးကို မေးကြည့်ရအုန်းမယ်
ဝရန်တာမှာ ညကလှမ်းထားတဲ့ဘောင်းဘီဟာ
လေထဲမှာ မနက်ခင်းကို အပြေးအလွှားလိုက်နေသလိုလို၊

အခန်းထဲက မသိမ်းရသေးတဲ့အိပ်ယာကို
နောက်တခါပြန်ရောက်ရမှာကြောက်တဲ့ အကျဉ်းထောင်ကြီးကိုကြည့်သလို ငါကြည့်နေမိတယ်
အပြင်မှာသေပြီးသားလူတွေဟာ
ငါ့အိပ်မက်ထဲမှာ ပြုံးလို့ရယ်လို့ စကားတွေပြောလို့
လန့်နိုးလာတဲ့ငါဟာ မျက်လုံးကြီးတွေသေလို့။

နှင်းခါးမိုး
၂၈၊ မတ်၊ ၂၀၁၇

1 comment:

pandora said...

လန့်နိုးလာကြည့် မျက်လုံးသေကြီးနဲ့ တည့်တည့်တိုးပေါ့