ကျမ ရှစ်နှစ်သမီးအရွယ်မှာ
အမေက ဒီကိုခေါ်လာခဲ့တာ တဲ့
အားပေးဖို့ ! ဆုပ်ကိုင်ထားတဲ့ လက်ဟာ
အေးစက်တုန်ယင်နေရှာရဲ့
ဒီခေတ်မှာ
ဘယ်သူမှမသုံးတော့တဲ့ ပိုင်းလော့ဖောင်တိန်ကို
လက်ဆောင်ဘူးလေးအဖြစ်ပေးရင်း အားယူပြုံးပြလိုက်တယ်
မင်းစိတ်ထဲက ဒီနေရာလေးဟာ
ဒီနေရာလေးပဲဖြစ်နေမှာပါ
ငါ့တို့အတွက်ကော ဆိုပါတော့။
မင်ဆိုလည်း အနက်ရောင်မှ
အနက်တောင် ပယ်လီကန်မှ
စာအုပ်အနှောင့်တိုင်းမှာ သူ့လက်ဝဲလက်ရေးနဲ့။
အခု လူတွေတသသပြောနေကြတဲ့ ကဗျာဆရာဟာ
ဒီဆိုင်လေးမှာ တညတာမိုးခိုရင်း
မိုးရေတွေ တညလုံး စွဲနစ်ခဲ့ဘူးတာပေါ့။
ပန်းကလေးက ပြောလိုက်တယ် လောကရဲ့အလှအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့၊
ဘေးချင်းကပ်လက်ဖက်ရည်ဆိုင်က အဲဒီသီချင်းသံဟာ
စာအုပ်စင်တွေထဲမှာ စွဲဝင်နေတယ်
ဘီရိုပေါ်က ပန်းအိုးလေးထဲမှာ လှုပ်ခုန်နေတယ်
ညနေတိုင်း အချစ်ဝတ္ထုစာအုပ်အသစ်တအုပ် လာစောင့်ဆိုင်းနေတဲ့
ကော်ကိုင်းမျက်မှန်လေးကို မှုန်ရီဝေဝါးစေတယ်
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ။
စာအုပ်အားလုံးကို သူဖတ်ပြီးပြီဆိုတဲ့ပုံစံနဲ့
ဆိုင်ရဲ့စားပွဲထောင့်မှာတခုမှာ လာထိုင်ပြီး
လူတိုင်းရဲ့ပိတ်ထားတဲ့တံခါးကို ခေါက်ဖို့ကြိုးစားနေတဲ့
ဆိတ်ဖလူးပင်ကြီးတပင်နဲ့လည်း
(တံစက်မြိတ်က ဗံဒါရွက်ခြောက်တရွက်လို လေတိုက်ရာ
လွင့်ပါမသွားခင်အထိ)
စန္ဒယားခလုတ်တွေကို အတူတူခေါက်ခဲ့ကြဖူးတယ်။
အခု အဲဒီစန္ဒယားခလုတ်တွေက ကြမ်းပြင်ပေါ်ပြုတ်ကျပြီး
ဟိုဒီပြေးလွှားနေကြရဲ့
စာအုပ်စင်တွေဟာ မြို့ပျက်ကြီးလို ဟာလာဟင်းလင်း
အမှတ်တရဖဲစည်းပို့စကဒ်နဲ့ လက်နှပ်စက်အဟောင်းကြီးကလည်း
ကတ်ထူပုံးထဲပစ်ထည့်ခံထားရပြီ
တံခါးဖွင့်ပြီးလူဝင်လာတိုင်း မြည်တတ်တဲ့
ကြေးခေါင်းလောင်းကလေးကို
အင်္ကျီအိတ်ကပ်ထဲ ဖြုတ်ထည့်လိုက်တယ်
အင်္ကျီအိတ်ထဲမှာ ခေါင်းလောင်းကလေးဟာ ထထမြည်နေတုန်း။
ရင်ညွန့်ထဲ ဓါးတချောင်းထိုးစိုက်ပြီး ပန်းတစည်းထားခဲ့တာမျိုး
သူက နာနာကျင်ကျင် ရယ်မောချင်ရယ်မောနေမယ်
ဒါပေမဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို
ဘယ်တော့မှ ဖုံးကွယ်ဖို့ ကြိုးစားမှာမဟုတ်ဘူး။
ချစ်သူတွေမှာ ဌာနချုပ်တခုရှိတယ်ဆိုရင်
အဲဒါ စာအုပ်ဆိုင်ပဲ။
နှင်းခါးမိုး
၁၅၊ စက်တင်ဘာ ၂၀၂၃
No comments:
Post a Comment